ဥပဒေပြုရေးကဏ္ဍမှ အမတ်မင်းများ၏ အခန်းကဏ္ဍ( နိုင်ငံရေးသိပ္ပံအခန်းဆက်မှ… အပိုင်း-၂၈)


ယခုမှစသော အပိုင်းများတွင် ဥပဒေပြုရေးကဏ္ဍ မှ အမတ်မင်းများနှင့် လွှတ်တော်ဖွဲ့စည်းပုံများ၊ တရားစီရင်ရေးကဏ္ဍမှ တရားသူကြီးများနှင့် ရှေ့နေများ၏ အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍမှ အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်နှင့်အတူ ၄င်းခေါင်းဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရဋ္ဌာနများမှ ဝန်ထမ်းများ၏ အရေးပါမှုများကို တပိုင်းစီတင်ပြသွားပါမည်။

ယခုခေတ်တွင် ဒီမိုကရေစီစနစ်ကျင့်သုံးမှုသည် လူအများအပေါ်ကိုယ်စားပြုမှုအနှစ်သာရ အမှန်တကယ်ပေးနိုင်သောနိုင်ငံများတွင်ကျင့်သုံးသည်သာမက အာဏာရှင်များအုပ်ချုပ်သောနိုင်ငံများတွင် အပေါ်ယံဟန်ပြကောင်းရုံမျှကျင့်သုံးပြခြင်းသာမက အနည်းငယ်သာကျန်ရှိသော ကွန်မြူနစ်စနစ်ကျင့်သုံးသော နိုင်ငံများတွင်ပင် ပါတီအများပြိုင်ဆိုင်ပြီး အာဏာလွှဲသည့်ပုံစံမဖမ်းသည့်တိုင်အောင် သူတို့၏ပါတီတွင်း မကျေမနပ်မှုများမလာစေရန်အတွက် ဆုံးဖြတ်မှုများကို ဒီမိုကရေစီထုံးစံအတိုင်း အများသဘောတူလုပ်သည့် သဘောမျိုးသက်ရောက်အောင် ကျင့်သုံးပြနေရ၏။ ထို့အပြင်နိုင်ငံရေးပါတီဟူ၍လည်း နိုင်ငံအားလုံးနီးပါးတွင်ထားရှိကာ နိုင်ငံရေးစနစ်ကို လည်ပတ်ရသည့်အတွက် ဒေတခုခုအားကိုယ်စားပြုသော ကိုယ်စားလှယ်အမတ်များကိုလည်း အားလုံးလိုလိုထားရှိလာရသည်။ ထိုအမတ်များ ဒေသခံများအကျိုးအတွက် အမှန်တကယ်ကိုယ်စားပြုမပြုဆိုသည်ကတော့ ထိုအမတ်၏နိုင်ငံအတွင်း နိုင်ငံရေးစနစ်ကျင့်သုံးမှု တရားမျှတခြင်းအပေါ်တွင်မူတည်နေမည်ဖြစ်သည်။

ဤသို့ဖြင့် နိုင်ငံတိုင်းနီးပါးတွင် လွှတ်တော်အမတ်များဟူ၍ ရှိလာကြသည်မှာ ဒီမိုကရေစီစနစ်ဟူ၍ ၁၈ရာစုကုန်ဆုံးခါနီးတွင် အမေရိကန်ပြည်ထောင်စုမှစပြီး ပီပီပြင်ပြင်ကျင့်သုံးလာသည်မှ ရုတ်ချည်းပေါ်ပေါက်လာသည်မဟုတ်ပဲ သူတို့၏ အခန်းကဏ္ဍသည် ရှေးယခင်ဘုရင်များလက်ထက်များတည်းက အသွင်တမျိုးဖြင့် ရပ်တည်လာခဲ့ပြီးသားဖြစ်သည်ကိုတွေ့ရသည်။

အထူးသဖြင့် အနောက်ဥရောပနိုင်ငံများရှိ မှူးမတ်များ၏ အခန်းကဏ္ဍကို ရှေးဦးစွာလေ့လာကြည့်ပါမည်။ အနောက်ဥရောပသည် ယခုခေတ်၏ ရုပ်ပိုင်းနှင့် အတွေးအခေါ်တိုးတက်မှုများနှင့် လွှမ်းမိုးမှုများ အစပြုဖြစ်တည်ခဲ့သည့်နေရာဖြစ်သည်နှင့်အတူ ကမ္ဘာပေါ်ရှိအခြားနေရာများထက် အနည်းငယ်ကွဲပြားနေသည့် နိုင်ငံရေးအခြေအနေရှိ၏။ ကမ္ဘာတလွှားနေရာအားလုံးနီးပါးတွင် သက်ဦးဆံပိုင်ဘုရင်စနစ်(absolutism)ထွန်းကားခဲ့ကြစမြဲဖြစ်သော်လည်း မြေရှင်များအားကောင်းသော မြေရှင်ပဒေသရာဇ်စနစ်(feudalism)သည် ရုပ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုပိုသော အနောက်ဥရောပတွင် ပိုမိုအားကောင်းလာခဲ့ပြီး ထိုဒေသရှိသက်ဦးဆံပိုင်ဘုရင်များသည် အာဏာကို အလုံးစုံချုပ်ကိုင်မထားနိုင်သည့်အကြောင်းရင်းများရှိပြီး မြေရှင်များ၊ မှူးမတ်နှင့်နယ်စားပယ်စားများ၊ ခရစ်ယန်ဘာသာရေးခေါင်းဆောင်များကိုလည်း မိမိ၏ သြဇာအာဏာများခွဲဝေပေးရသည့် အခြေအနေများရှိခဲ့သည်။ ထိုသို့ သြဇာအာဏာကို တဦးတယောက်တည်းမှချုပ်ကိုင်မှုကို ဦးစားပေး၍မရပဲ ခွဲဝေမှ နိုင်ငံတည်ငြိမ်မှုနှင့် စည်ပင်ပြန့်ပွားမှုရှိမည်ဟူသော ယုံကြည်ချက်နှင့် စံနှုန်းတန်ဖိုးထားမှုရှိပြီးဖြစ်သော အနောက်ဥရောပသည် သြဇာအာဏာများ တဦးတယောက်တည်းအပေါ်တွင် စုပြုံရှိမနေစေရေး အရေးကြီးသော ဒီမိုကရေစီစနစ်သို့ပြောင်းလဲလာရာတွင်လည်း အခြား သက်ဦးဆံပိုင်ဘုရင်စနစ်အား အသားပေးခဲ့ဖူးသောနိုင်ငံများမှာထက် ပိုမိုလွယ်ကူသည်ကိုတွေ့ရသည်။ အာဏာခွဲဝေမှုရှိရေးလိုအပ်လာသည်ရသည့် အကြောင်းရင်းများအနက်မှတခုမှာ ထိုဒေသမှ မြေရှင်နယ်စားများ၏ သီးခြားရပ်တည်မှုအားကောင်းသည့်အတွက် နယ်ပယ်ချဲ့ထွင်ရေးလုပ်ရသောဘုရင်များသည် အရင်းအနှီးနှင့်ကုန်ကျစရိတ်များအတွက် ထိုမြေရှင်များထံမှ အာဏာဖြင့် အချောင်မတောင်းယူနိုင်ပဲ အခွန်အတုတ်အနေဖြင့်ကောက်ယူပြီး အတုန့်အလှည့်အနေဖြင့် မြေရှင်တို့ကိုလည်း အတိုင်းအတာတခုအထိရှိသောသီးခြားဆန်သည့် အာဏာဖြင့်ရပ်တည်မှုကို အသိအမှတ်ပြုထားရသည်။ ထိုခေတ်တွင် ဘုရင်များသည် မြေရှင်များကိုသာမကပဲ ဘုရင်များနှင့်ပင် တန်းတူအာဏာရှိသော အမြင့်ဆုံးဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းအမှူးပြုပြီး တည်ရှိနေသော စစ်တပ်ရှိသောဘာသာရေးအင်အားစုများလည်း ရှိသောကြောင့်  နိုင်ငံအတွင်း ဘာသာရေးခေါင်းဆောင်များကိုလည်း မြေရှင်များကဲ့သို့ပင် သြဇာခွဲဝေထားရသည်။

ထိုသို့သောအခြေအနေကို အထင်ရှားဆုံးတွေ့ရသည်မှာ ဗြိတိသျှကျွန်းစုများရှိ ဘုရင်စနစ်တွင်ဖြစ်သည်။ ဗြိတိသျှပါလီမန်၏ ခေတ်ဦးအစပုံစံကိုလည်း စတင်တွေ့မြင်ခဲ့ရပြီး ထိုစဉ်ကတည်းက ဘုရင်က မြေရှင်မှူးမတ်နယ်စားများနှင့် ဘာသာရေးခေါင်းဆောင်များအတွက် အိမ်တော်တခု၊ သာမန်လူများထဲမှ သူကောင်းပြုခံရသူများ၊ ဥစ္စာဓနသက်သက်ကြွယ်ဝသော သူကြွယ်များအတွက် အိမ်တော်တရပ်ထားရှိခြင်းခံရပြီး ထိုအိမ်တော်နှစ်ခုမှ အဆင့်ဆင့်ပုံစံတိုးတက်ပြောင်းလဲလာခဲ့ပြီး ပထမတခုသည် ယခုဗြိတိသျှမှူးမျိုးမတ်နွယ်များဖြင့်ဖွဲ့စည်းထားသည့် ဗြိတိသျှအထက်လွှတ်တော်ဖြစ်လာခဲ့ပြီး ဒုတိယတခုမှာ ယခုရွေးကောက်တင်မြှောက်ပြီးမှဖွဲ့စည်းထားသော အထက်လွှတ်တော်ထက်ပို၍အာဏာရှိလာသော ဗြိတိသျှအောက်လွှတ်တော်ဖြစ်လာခဲ့သည်။ ဆွီဒင်နိုင်ငံတွင်လည်း တချိန်တည်းလိုလို ၁၅ရာစုနှစ်တဝိုက်တွင် ထိုသို့ လွှတ်တော်ပုံစံများ ဘုရင်၏နိုင်ငံရေးစနစ်အတွင်းပါဝင်လာခဲ့ပြီး အိမ်တော်လေးခုအထိပင်ရှိသည်။ မြေရှင်မှူးမတ်များကတခု၊ ခရစ်ယန်ခေါင်းဆောင်များအတွက်တခု၊ ကုန်သည်သဋ္ဌေးများအတွက်က တခု၊ လယ်သမားများအတွက် တခု ဟူ၍ဖြစ်ကြပြီး ယခုခေတ်တွင်တော့ ဆွီဒင်သည် တပြည်ထောင်ဆန်သောစနစ်(roughly unitary system)ကို ကျင့်သုံးနေရာတွင် အထက်လွှတ်တော်ဟူ၍မလိုအပ်လှသည့်အတွက် လွှတ်တော်တရပ်တည်းသာထားရှိသော နိုင်ငံရေးစနစ်ကိုကျင့်သုံးနေသည်။ ပြင်သစ်နိုင်ငံတွင်လည်းထိုကဲ့သို့ အိမ်တော်များပေါ်ခဲ့ပြီး မှူးမတ်များအတွက်တခု၊ ခရစ်ယန်ခေါင်းဆောင်များအတွက်တခု၊ သူကောင်းပြုခံရသူများနှင့် သဋ္ဌေးများအတွက်က တခုဟူ၍ ပေါ်လာခဲ့သေးသော်လည်း ကြာကြာမခံလိုက်ပဲ ပြင်သစ်ဘုရင်များ၏ အာဏာပြန်လည်စုစည်းရေးအစီအစဉ်များကြောင့် စောစီးစွာပင်ပျောက်ပျက်ခဲ့ရသည်။ တချိန်တည်းလိုလိုပင် ဗြိတိန်နှင့် ဆွီဒင်ကဲ့သို့သောနိုင်ငံများ၌ လွှတ်တော်များက တဖြည်းဖြည်းပို၍ အာဏာရှိလာခဲ့သည်။ ၁၆ရာစုနှစ်တွင် အင်္ဂလန်ဘုရင်ဟင်နရီ(၈)သည် နိုင်ငံကို ရောမမှ ရိုမန်ကက်သလစ်ကျောင်းတော်နှင့် လမ်းခွဲလိုသည့်အတွက် နိုင်ငံအတွင်း ဥပဒေများပြဋ္ဌာန်းရန်လိုအပ်လာရာ ပါလီမန်မှ လူကြီးမင်းအမတ်မင်းများကို အားပိုကိုးလာရပြီး ပါလီမန်သည် အာဏာရှိသည်ထက်ရှိလာကာ ၁၇ရာစုရောက်သည့်အခါတွင် နယ်ပယ်များအတွင်း အခွန်ကောက်ခြင်းကိစ္စတွင် ဘုရင်ထက်ပင် အာဏာရှိလာခဲ့သည်။ ပါလီမန်သည် ဘုရင်နှင့်အာဏာတန်းတူလိုဖြစ်လာသည်နှင့်ရပ်မနေပဲ ဘုရင့်အာဏာကိုအန်တုဖြိုဖျက်လိုသောဆန္ဒများလည်းပေါ်လာခဲ့ပြီး တော်ဝင်မိသားစုကို ထောက်ခံသူများနှင့် ပါလီမန်ကိုထောက်ခံသူများအကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ကာ ဒုတိယအကြိမ်ပြည်တွင်းစစ်နှင့် တတိယပြည်တွင်းစစ်အကြား ၁၆၄၉တွင် ပါလီမန်က ဘုရင်ချားလ်စ်(၁)ကို သစ္စာဖောက်ဟုစွဲချက်တင်ကာ ရုံးတင်ပြီးခေါင်းဖြတ်သတ်ခဲ့သည်။ ထိုခေတ်အတွင်းပေါ်ပေါက်ခဲ့သော အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဂျွန်လော့ခ်ကလည်း ဘုရင်၏အုပ်ချုပ်ရေးအာဏာမှအပဖြစ်သော ပါလီမန်၏ အုပ်ချုပ်ရေးအာဏာသည် နိုင်ငံတော်အတွက် အလွန်အခြေခံကျပြီး အရေးကြီးသည်ဟုပြောလာခဲ့ကာ ၁၈ရာစု ပြင်သစ်အတွေးအခေါ်ပညာရှင် မွန်တက်စကျူ့ကလည်း  “လွတ်လပ်မှု”ရရေးအတွက် အစိုးရ၏အာဏာသည် ဘုရင်နှင့် ပါလီမန်ဟူ၍ခွဲဝေထားကာ ထိုသို့အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာနှစ်ခုအပြန်အလှန်ထိန်းကျောင်းမှုရှိနေရန်လိုသည်ဟုပြောခဲ့သည်။

လက်ရှိခေတ်တွင် လွှတ်တော်တွင်းအမတ်များ၏အခန်းကဏ္ဍများကိုလေ့လာရာတွင် ပါလီမန်(ဝန်ကြီးချုပ်အဓိက)နိုင်ငံရေးစနစ်အတွင်းမှ အမတ်များ၏ နိုင်ငံရေးအတွင်းအရေးပါပုံများနှင့် သမ္မတအဓိကနိုင်ငံရေးစနစ်အတွင်း အမတ်များ၏ နိုင်ငံရေးအခန်းကဏ္ဍကွဲပြားပုံများကို ဆက်လက်တင်ပြသွားပါမည်။

သမ္မတအဓိကနိုင်ငံရေးစနစ်နှင့် ၄င်းစနစ်အတွင်းအမတ်များ၏အခန်းကဏ္ဍ

သမ္မတအဓိကနိုင်ငံရေးစနစ်အတွက် စံပြအဖြစ်ပြနိုင်သော နိုင်ငံမှာ အမေရိကန်ပြည်ထောင်ဖြစ်ပြီး ထိုနိုင်ငံအတွင်းကျင့်သုံးပုံကို အဓိက ဥပမာပေး၍ တင်ပြသွားမည်။သမ္မတအဓိကနိုင်ငံရေးစနစ်၏ ပါလီမန်နိုင်ငံရေးစနစ်နှင့်ကွဲပြားမှုမှာ သမ္မတစနစ်တွင် ဒေသအသီးသီးအတွက် ကိုယ်စားလှယ်အမတ်များရွေးရန်အတွက် ရွေးကောက်ပွဲများကျင်းပသလို သမ္မတနှင့်ဒုသသမ္မတနေရာအတွက်လည်း သီးသန့်ရွေးကောက်ပွဲကျင်းပပြီး ပါတီအသီးသီးက နှစ်ဦးစီစာရင်းတင်ကာ သီးသန့်ရွေးကောက်ပွဲကျင်းပသည့်အတွက် မဲပေးသူများသည် ပါတီတခုခုကိုယ်စားပြုထားသော ကိုယ်စားလှယ်အတွက် မဲတမဲပေးရသလို သမ္မတအတွက်လည်း တမဲပေးရသည့်အတွက် ထိုနှစ်မဲသည် ပါတီတခုတည်းအပေါ်တွင်ဖြစ်ရန်မလိုပဲ ပါတီကိုသဘောမကျ မဲမပေးသော်လည်း လူပုဂ္ဂိုလ်ကိုသဘောကျပြီး ပါတီနှစ်ခုအားခွပြီး မဲပေးခွင့်ရှိသည့်အတွက် အဆိုပါနိုင်ငံရေးမှာ ခန့်မှန်းရမလွယ်တော့ပဲ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များကို ဖြစ်စေသည်ဟု အမေရိကန်များကပြောကြသည်။ မဲပေးနိုင်သောလူများ၏နှစ်မဲစီဖြင့် သမ္မတနှင့် လွှတ်တော်များဟူ၍ဖြစ်လာပြီး ထိုမှတခါသမ္မတက(ပါတီလမ်းညွှန်ချက်ယူရန်မလိုပဲ) အစိုးရအဖွဲ့စာရင်းကို လွှတ်တော်တွင် တင်သွင်းကာ အတည်ပြုချက်ရယူပြီး အစိုးရဖွဲ့ကာ သူ၏သက်တမ်းကာလအတွက် စတင်အုပ်ချုပ်လေသည်။ သမ္မတမှ ရွေးချယ်သော ဝန်ကြီးများစာရင်းသည် ပါလီမန်စနစ်တွင် ကဲ့သို့ လွှတ်တော်နှင့် ပါတီတွင်းမှ ရွေးကောက်ခံရသူများချည်းဖြစ်ရန်မလိုပဲ ပြင်ပမှ ပါတီထောက်ခံသူပညာရှင်များ၊ ပါတီဝင်များနှင့် သမ္မတကသင့်တော်မည်ထင်သောလူမှန်သမျှကို စာရင်းတင်၍ရသော်လည်း ကွန်ဂရက်(အောက်လွှတ်တော်နှင့် အထက်လွှတ်တော်)မှ အတည်ပြုချက်ဖြင့်သာ ခန့်ထားနိုင်သည်။ သမ္မတသည် တရားစီရင်ရေးကဏ္ဍအတွက် တရားသူကြီးချုပ်နှင့် အခြားနိုင်ငံတော်အဆင့်တရားသူကြီးများရွေးချယ်ရာတွင် တရားရေးဋ္ဌာနချုပ်မှူး(တရားရေးဝန်ကြီး)မှ ထောက်ခံတင်သွင်းသောစာရင်းမှ ရွေးချယ်ခွင့်ရှိပြီး ထိုနေရာတွင်လည်း ကွန်ဂရက်၏အတည်ပြုထောက်ခံမှုကိုလိုအပ်၏။ သို့သော်တရားရေးအပိုင်း နိုင်ငံတော်အဆင့်တရားသူကြီးရာထူးများသည် သက်တမ်းမရှိပဲ အငြိမ်းစားယူသည့်အချိန်နှင့် အလွန်ရှားပါးလှသော စွဲချက်တင်ပြီးဖြုတ်ခံရမှသာလျှင် နေရာလစ်လပ်သောကြောင့် ထိုအခါမှသာလျှင် သမ္မတက ရွေးချယ်ပိုင်ခွင့်ရှိပြီး ကွန်ဂရက်အတည်ပြုမှုလည်းလိုအပ်ပြန်သေးသည်။ (တရားသူကြီးများနှင့် တရားစီရင်ရေးဋ္ဌာနနှင့်ပတ်သက်သည့် အကြောင်းအရာများကို နောက်ပိုင်းအခန်းတခုတွင် အကျယ်ဆက်လက်တင်ပြပါမည်။)

သမ္မတစနစ်တွင် သမ္မတခေါင်းဆောင်သောအစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်မှ အမတ်များသည် သီးခြားစီဖြစ်ပြီး သမ္မတမှ အဆိုတင်သွင်းသမျှကို အမတ်အများစုက ထောက်ခံလိမ့်မည်ဟု ကံသေကံမ တွက်၍မရပဲ သမ္မတနှင့် ပါတီအတူတူပင်ဖြစ်သောအမတ်ကလည်း သမ္မတအဆိုအားကန့်ကွက်နိုင်ချေရှိနေသည်။ အကြောင်းမှာ သမ္မတသည် မိမိရွေးကောက်ခံရရေးအတွက် သီးသန့်ရွေးကောက်ပွဲဖြင့် မိမိဘာသာကြိုးစားထားရသူဖြစ်သည့်အပြင် ပါလီမန်စနစ်တွင်ကဲ့သို့ အနိုင်ရပါတီခေါင်းဆောင်က နိုင်ငံခေါင်းဆောင်အလိုလိုဖြစ်ခြင်းမဟုတ်သည့်အတွက် အမတ်များအပေါ်တွင် တိုက်ရိုက်သြဇာမရှိပေ။ အမတ်များဘက်ကလည်း ပါတီတခုခု၏ အသင်းသားဖြစ်သော်လည်း ရွေးကောက်ခံရရေးကြိုးပမ်းစဉ်က ပါတီ၏လမ်းညွန်မှုနှင့် အကူအညီနှစ်ခုလုံးယူရန်၊ အထက်ပိုင်းမှ ညွှန်ကြားချက်အတိုင်းအတိအကျလိုက်လုပ်ရန်မလိုပဲ အမှီအခိုကင်းကင်းနှင့်လုပ်ခွင့်ရသည်နှင့်အတူ အားလုံးကိုယ့်အားကိုယ်ကိုးလုပ်ရသောကြောင့် သီးခြားရွေးကောက်ပွဲဖြင့်တက်လာသော သမ္မတအား ပါတီပင်တူစေကာမူ အမြဲတမ်းလေးစားသမှုပြုပြီး နားထောင်ရန်အလိုမရှိကြပဲ သံသယဖြင့်ကြည့်ပြီး ကန့်ကွက်သင့်သည်ဟုထင်လျှင်လည်း ကန့်ကွက်ရန်ဝန်မလေးကြပေ။ ထိုသို့ဖြင့် အုပ်ချုပ်ရေးတာဝန်ယူရသောသူများနှင့် ဥပဒေပြုခြင်း၊အတည်ပြုထောက်ခံခြင်း၊ကန့်ကွက်ခြင်းများပေးရသော အမတ်များသည် သီးခြားရပ်တည်နေကြပြီး မည်သူ၏အာဏာမျှသာခြင်းမရှိပဲ အပြန်အလှန်ထိန်းကျောင်းပြီးသားဖြစ်ကာ ဒီမိုကရေစီပိုဆန်လေ၏ဟု အမေရိကန်များကပြောကြသည်။ အခြားတဖက်တွင် တရားစီရင်ရေးဋ္ဌာနသည်လည်း သီးခြားရပ်တည်နေကာ နိုင်ငံတော်အဆင့်တရားသူကြီးရာထူးနေရာရပြီးသူများသည် အုပ်ချုပ်ရေးအပိုင်းနှင့် ဥပဒေပြုရေးအပိုင်းနှစ်ခုစလုံးကို နာခံရန်မလိုပဲ သီးခြားအာဏာရှိပြီး ထိုနှစ်ခုလုံးအပေါ်တွင် လွှမ်းမိုးနိုင်သော အာဏာများရှိသောကြောင့် အမေရိကန်များက သူတို့စနစ်အတွက် အလွန်ဂုဏ်ယူလေ့ရှိကြသည်။ ထိုသို့နိုင်ငံရေးစနစ်အတွင်း ထိန်းကျောင်းမှုများ သဘောတရားအားဖြင့်ရော လက်တွေ့အားဖြင့်ပါကောင်းသော်လည်း နိုင်ငံရေးမူဝါဒများချမှတ်မှုနှင့် နိုင်နင်းစွာအုပ်ချုပ်နိုင်မှုအပိုင်းတွင်တော့ အငြင်းပွားချင်စရာများလည်းရှိသည်။

အဆိုပါနိုင်ငံရေးစနစ်တွင် နိုင်ငံရေးမူဝါဒများချမှတ်ကြရာတွင် သမ္မတကအဆိုပြုသည်ကို ကွန်ဂရက်ကပယ်လိုက်၊ ကွန်ဂရက်မှအဆိုပြုသည်ကို သမ္မတမှပယ်ချလိုက်နှင့် အချို့စီးပွားရေးနှင့် အခွန်ဥပဒေများသည် နှစ်ပေါင်းများစွာ အတည်မပြုနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်နေပြီးမှ အတည်ဖြစ်လာနိုင်သည့်အခက်အခဲလည်းရှိသည်။ သမ္မတသည် ကွန်ဂရက်၏ အများစုသဘောတူမှုဖြင့် ဥပဒေနှင့်မညီသောလုပ်ရပ်တခုခုလုပ်သည်ဟု စွပ်စွဲပြီး မဲခွဲဆုံးဖြတ်ကာ ဖြုတ်ချနိုင်သည်မှအပ အုပ်ချုပ်မှု၊နိုင်ငံရေးကိုင်တွယ်မှုမကြိုက်ရုံသက်သက်ဖြင့် ဖြုတ်မချနိုင်ပဲ သက်တမ်းကုန်သည်အထိနေရပြီး သမ္မတဘက်ကလည်း အမတ်များကိုမကျေနပ်၍ လွှတ်တော်နှစ်ရပ်လုံးမှ အမတ်များကို သက်တမ်းမကုန်သေးပဲ ရွေးကောက်ပွဲစော၍ကျင်းပကာ အစအဆုံးပြန်ရွေးနိုင်သည့်အာဏာမရှိသည့်အတွက် နှစ်ဘက်စလုံးက သက်တမ်းကာလအတွင်း အပြိုင်အဆိုင်လွှမ်းမိုးမှုရရန်ကြိုးပမ်းနေရသည့်အတွက် နိုင်ငံ၏ နိုင်ငံရေးလည်ပတ်မှုမှာ နှေးကွေးလေးလံနေသည့်အခက်အခဲရှိလေသည်။

ပါလီမန်(ဝန်ကြီးချုပ်အဓိက)နိုင်ငံရေးစနစ်နှင့် ထိုစနစ်အတွင်းမှ အမတ်များ၏အခန်းကဏ္ဍ

ဝန်ကြီးချုပ်သည် ပါလီမန်စနစ်တွင် သမ္မတကဲ့သို့ပင် အစိုးရအဖွဲ့ကိုခေါင်းဆောင်ရသူဖြစ်ပြီး ထိုစနစ်တွင် သမ္မတလည်းရှိတတ်သော်လည်း စနစ်၏ အစဉ်အလာအရသာထားရှိခြင်းဖြစ်ပြီး များသောအားဖြင့် မည်သူ့ကိုမျှ လွှမ်းမိုးနိုင်သောအာဏာမရှိတတ်ချေ။ အမှန်မှာ ဘုရင်၏အာဏာကို လုံးဝချိုးနှိမ်လိုက်နိုင်ပြီး အောင်မြင်လာခဲ့သည့် ပါလီမန်စနစ်သည် စနစ်အတွင်း တော်ဝင်ဘုရင်သို့မဟုတ် ဘုရင်မတဦးကိုဟန်ပြနေရာတခုအဖြစ်ပေးထားသည့် အလေ့ရှိရာမှ တော်ဝင်မိသားစုမရှိတော့သောနိုင်ငံများတွင် ဘုရင်အစား အာဏာတကယ်မရှိသော သမ္မတတဦးအား စနစ်အတွင်း ထည့်သွင်းလိုက်ခြင်းပင်ဖြစ်သည်။ ပါလီမန်စနစ်တွင် ရွေးကောက်ပွဲဟူသည် အထွေထွေရွေးကောက်ပွဲဟုခေါ်ကြသည့် မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ်များရွေးချယ်ယှဉ်ပြိုင်ကြပြီး အနိုင်ရပါတီမှ ပါတီခေါင်းဆောင်သည် ဝန်ကြီးချုပ်ဖြစ်လာကာ အခြားပါတီတွင်းသတ်မှတ်ထားသော ခေါင်းဆောင်အသီးသီးက အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာအသီးသီးရယူပြီး အစိုးရအဖွဲ့ ဖွဲ့ခြင်းဖြစ်သည်။အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာယူသူ ပါတီခေါင်းဆောင်ငယ်များသည် လွှတ်တော်အတွင်းတွင်လည်း ရွေးကောက်ခံထားပြီးဖြစ်သော အမတ်ဖြစ်များလည်းဖြစ်ပြီး သမ္မတအဓိကစနစ်တွင်ကဲ့သို့ လွှတ်တော်အပြင်ဘက်မှ လူများမဟုတ်ကြပေ။ မဲပေးသူများသည် မိမိတို့ထောက်ခံသောပါတီကိုသာ မဲပေးရန်လိုပြီး သမ္မတစနစ်မှာကဲ့သို့ ခေါင်းဆောင်အတွက် သီးသန့်မဲတခုပေးရန်မလိုအပ်ပါ။ ဝန်ကြီးချုပ်ဖြစ်လာသူသည် ဘုရင်သို့မဟုတ် သမ္မတနှင့် ထုံးစံအရသွားရောက်တွေ့ဆုံပြီးသည့်အခါတွင် အစိုးရဖွဲ့ကာ စတင်အုပ်ချုပ်လေသည်။

ပါလီမန်စနစ်တွင် အနိုင်ရပါတီသည် အမတ်နေရာအများစုမရလျှင်(များသောအားဖြင့် ၅၀ရာခိုင်နှုန်းမကျော်လျှင်)တော့ နေရာအများစုမရမချင်း(၅၀ရာခိုင်နှုန်းမကျော်မချင်း)အခြားရာခိုင်နှုန်းအသီးသီး ရွေးကောက်ခံရသောပါတီကြီး သို့ ပါတီငယ်များနှင့် ညှိနှိုင်းပြီးပေါင်းရကာ ကျန်သော အမတ်နေရာ ရာနှုန်းအနည်းငယ်စီရကြသော ပါတီကြီးငယ်တို့မှာ အတိုက်အခံပါတီများဖြစ်သွားသည်။ ထို့နောက် မဲအများဆုံးရသောပါတီ၏ခေါင်းဆောင်ကို ဘုရင် သို့မဟုတ် ဟန်ပြသမ္မတက ခေါ်ယူပြီး ထုံးစံအရ ညွန့်ပေါင်းအစိုးရဖွဲ့ရေးပြောကြားရသည်။ ထိုသို့ညွန့်ပေါင်းအစိုးရဖွဲ့ရသည့်အခါတွင် ပါတီအသီးသီး မဲရရှိသည့်ရာခိုင်နှုန်းအလိုက် အစိုးရအဖွဲ့အတွင်းနေရာယူခွင့်ရှိပြီး မည်သူကမည်သည့်နေရာယူမည်ဆိုသည်ကို မဲရာခိုင်နှုန်းအများဆုံးရရှိထားသောပါတီတခုတည်းမှ ဆုံးဖြတ်ခွင့်မရှိပဲ အားလုံးသဘောတူကြမည့်သူကို ရွေးပြီး အစိုးရဖွဲ့ရသည်မှာ ပါတီများအချင်းချင်းညီညွတ်မှုမရှိလျှင် အလွန်ခေါင်းခဲစရာဖြစ်လာတတ်သည်။ ညွန့်ပေါင်းဖွဲ့ပြီးသည့်အခါတွင်လည်း ပါတီများအကြား သဘောထားကွဲလွဲမှုများ များလာသည့်အခါတွင် ညွန့်ပေါင်းပါတီများပြန်ကွဲနိုင်ပြီး အစိုးရအဖွဲ့လည်းပြိုကွဲကာ ထိုအခါတွင်လည်း ဘုရင် သို့မဟုတ် သမ္မတမှကြားဝင်ပြီး အားလုံးညှိနှိုင်းကာ အစိုးရသစ်တခါထပ်ဖွဲ့ရပြန်သည်။ လက်ရှိ ရှေးရိုးစွဲပါတီ၏ ကင်မရွန်ဦးဆောင်သည့် အစိုးရအဖွဲ့သည် ရွေးကောက်ပွဲအတွင်း မဲအများဆုံးရခဲ့သော်လည်း ငါးဆယ်ရာခိုင်နှုန်းမကျော်သောကြောင့် အမတ်နေရာအနည်းငယ်ရသောပါတီငယ်တခုဖြစ်သော လွတ်လပ်သော ဒီမိုကရက်တစ်ပါတီနှင့် ညှိနှိုင်းပြီး ၄င်းပါတီ၏ခေါင်းဆောင် နစ်ကလက်ကို ဒုဝန်ကြီးချုပ်နေရာနှင့် ၄င်းပါတီရရှိသောမဲနှင့်အညီ အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာအချို့ပေးကာ ရှေးရိုးစွဲပါတီမှ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ထိုအခါတွင် မီလီဘန်း၏ လုပ်အားပါတီသည် မဲဒုတိယအများဆုံးရပြီး ဝန်ကြီးနေရာများလဲအတော်အတန်ရသော်လည်း ပါလီမန်အတွင်း အတိုက်အခံပါတီနေရာတွင်သာရှိခဲ့သည်။ အနိုင်ရပါတီသည် အမတ်နေရာအများစုရမှသာလျှင် မိမိပါတီမှလူများသက်သက်ဖြင့် အသက်ရှူချောင်ချောင် လွတ်လွတ်လပ်လပ်အစိုးရဖွဲ့ခွင့်ရကြသည်။ ထိုအခါတွင်တော့ အနိုင်ရပါတီအစိုးရသည် မိမိ၏ပါတီမှ ကိုယ်စားလှယ်အမတ်များလည်း ပါလီမန်အတွင်းနေရာအများစုရှိပြီးဖြစ်သည့်အပြင် ပါလီမန်စနစ်အတွင်း ပါတီများသည် ဖွဲ့စည်းလမ်းညွှန်မှုအားကောင်းသည့်အတွက် အမတ်များက ထုံးစံအတိုင်း ပါတီခေါင်းဆောင်လည်းဖြစ်သော ဝန်ကြီးချုပ်၏ အဆိုတင်သွင်းမှုကို အမြဲလိုလိုထောက်ခံလေ့ရှိပြီး ပါတီတူသူအမတ်မှ ကန့်ကွက်ခြင်းမှာ အလွန်ရှားသည့်အတွက် အစိုးရမူဝါဒများကို အလွယ်တကူချမှတ်အကောင်အထည်ဖော်နိုင်သည်။ ထို့ကြောင့် ပါလီမန်စနစ်သည် သမ္မတစနစ်တွင်ကဲ့သို့ လွှတ်တော်၏ ကန့်ကွက်မှုကို သမ္မတမှ စိုးရိမ်တွန့်ဆုတ်နေရခြင်းမရှိပဲ အစိုးရတဖွဲ့လုံး တက်ညီလက်ညီဖြင့် သက်တမ်းရသမျှအတွင်း နိုင်ငံတော်ကို နိုင်နင်းစွာအုပ်ချုပ်နိုင်မည်ဟု ပါလီမန်စနစ်ကို အသုံးပြုသည့်နိုင်ငံအများစုရှိသည့် ဥရောပမှ ပညာရှင်များကဆိုကြသည်။

ဥရောပရှိ ဒီမိုကရေစီနှင့် ပါလီမန်နိုင်ငံရေးစနစ်ကျင့်သုံးလာသည်မှာ အမေရိကန်ပြည်ထောင်စုထက်နောက်ကျသည့်အတွက် သူတို့၏ စနစ်ကျင့်သုံးပုံများမှာ အမေရိကန်ပြည်ထောင်စုမှပုံစံများကို ခေတ်နှင့်အညီအတုယူပြုပြင်ထားပြီး ပြင်သစ်နိုင်ငံတွင်ဆိုလျှင် ပါလီမန်စနစ်လုံးလုံးမဟုတ်ပဲ သမ္မတစနစ်မှ ပုံစံအချို့ကိုလည်းယူသုံးထား၏။ ထိုသို့အခြေအနေနှင့် လိုက်လျောညီထွေပြုပြင်ထားသော စနစ်ရှိသည့် ဥရောပသားတို့က အထက်တွင်တင်ပြခဲ့သည့် သမ္မတနှင့် ကွန်ဂရက်အကြား လိပ်ခဲတည်းလည်းဖြစ်နေမှုကြောင့် မူဝါဒများမပြတ်သားခြင်းကို ဝေဖန်လိုကြသည်။ အမေရိကန်များဘက်မှလည်း ပါလီမန်စနစ်အားဝေဖန်ချင်စရာဖြစ်နေသောအချက်မှာ စနစ်အတွင်းတွင် အုပ်ချုပ်သူအစိုးရအဖွဲ့နှင့် ဥပဒေပြုအမတ်တို့မှာ သဲသဲကွဲကွဲမဖြစ်ပဲ ပါလီမန်စနစ်အတွင်း ဝန်ကြီးချုပ်မှစ၍ ကိုယ်စားပြုသော မဲဆန္ဒနယ်ရှိသော ရွေးကောက်ခံအမတ်တဦးဖြစ်ပြီး အမတ်အနေဖြင့်ရော၊ ဝန်ကြီးတာဝန်ကိုပါတပြိုင်နက်ယူထားသောကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကဏ္ဍနှစ်ခုမှာ ကွဲကွဲပြားပြားမဖြစ်ပဲ အနိုင်ရလာသောပါတီ၏ အစိုးရအဖွဲ့သည် သမ္မတစနစ်မှ အစိုးရအဖွဲ့ထက် အာဏာပိုရှိသလိုဖြစ်နေခြင်းကို ထောက်ပြလိုကြသည်။

ဗြိတိသျှပါလီမန်တွင် အမတ်တဖြစ်လဲ ဝန်ကြီးများမှာ ပါလီမန်ခန်းမအတွင်း ပါတီတူသူနှင့် အတိုက်အခံအမတ်များရှေ့တွင် မိမိတို့လုပ်ငန်းဆောင်တာများကို အစီအရင်ခံရပြီး မေးမြန်းစရာရှိသောအမတ်များကလည်း ထို ဝန်ကြီးအမတ်ကိုမေးမြန်းရသည်။ ဝန်ကြီးချုပ်သည်လည်း ထို့အတူပင် အစီအရင်ခံမှုနှင့် မေးခွန်းများဖြေကြားခြင်းတို့ကိုပြုလုပ်ရသည်။ အာဏာရပါတီ၏ အစိုးရအဖွဲ့ဝင်များသည် ပါလီမန်တွင်းကြားနားမှုများ၊မေးခွန်းဖြေဆိုမှုများတွင် သတိထားပြီး ရေလည်စွာဖြေနိုင်ရန်ကြိုးစားရပြီး အတိုက်အခံအမတ်များကလည်း ဘက်ပေါင်းစုံမှထောက်ပြပြီး ပြင်းပြင်းထန်ထန်ဝေဖန်သော မေးခွန်းများဖြင့် အတိုက်အခံဂုဏ်သိက္ခာတက်ရေးကြိုးပမ်းကာ နောင်လာမည့် ရွေးကောက်ပွဲတွင် မျက်နှာပန်းလှရေးအတွက် မထောက်မညှာပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။ (သမ္မတအဓိကစနစ်တွင်လည်း ထိုသို့ဝန်ကြီးများကို ကွန်ဂရက်သို့ခေါ်ယူကာ မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ကြသော်လည်း သမ္မတကမူ ကွန်ဂရက်မှ အလွယ်တကူခေါ်ယူကာ မေးခွန်းများဖြေကြားရန်မလိုအပ်ပဲ ကွန်ဂရက်မှလည်း ထိုသို့ဆင့်ခေါ်နိုင်သည့် အာဏာမရှိပေ။)ထိုသို့မေးမြန်းဖြေကြားခြင်း၊ကြားနာခြင်းများကို ပြုလုပ်သည့် ပါလီမန်ခန်းမအတွင်းတွင် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ စားပွဲကြီးတလုံးခြားကာ တဖက်စီထိုင်ရပြီး တဖက်၏ရှေ့ဆုံးတန်းများတွင် ဝန်ကြီးချုပ်နှင့် အစိုးရထိပ်တန်းဝန်ကြီးများ၊ အခြားတဖက်၏ ရှေ့ဆုံးတန်းများတွင် အတိုက်အခံပါတီခေါင်းဆောင် နှင့် အခြားပါတီခေါင်းဆောင်များနေရာယူကြသည်။ တဖက်စီ၏ နောက်ပိုင်းခုံတန်းများတွင်မူ “နောက်ခုံသမားများ”ဟုခေါ်သော အစိုးရအဖွဲ့အတွင်း အုပ်ချုပ်ရေးတာဝန်တခုခုမယူသော သာမန်ရွေးကောက်ခံအမတ်များထိုင်ကြသည်။ ပါလီမန်အတွင်း နိုင်ငံရေးအပြုအမူများမှာ ဥရောပရှိ ပါလီမန်ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများမှာ ထိုသို့ပုံစံများအတိုင်းဆင်တူယိုးမှားပင် ပြုလုပ်ကြသည်။

ပါလီမန်စနစ်အတွင်းတွင် ပြတ်ပြတ်သားသားအနိုင်ရထားသောပါတီ၏အစိုးရသည် မူဝါဒတခုချမှတ်ရာ၌ သမ္မတစနစ်တွင်ကဲ့သို့ ကွန်ဂရက်နှင့် သဘောထားကွဲလွဲနေမှုများကြောင့်နှောင့်နှေးနေခြင်းများမရှိပဲ လွှတ်တော်အတွင်း လွယ်ကူစွာမူဝါဒများချမှတ်နိုင်သော်လည်း မူဝါဒရလဒ်များမှ အောင်မြင်မှုမရပဲ နိုင်ငံကို ဆုတ်ယုတ်စေသည်ဟု ယူဆလာသော အစိုးရအဖွဲ့အတွင်းမှအမတ်ကဖြစ်စေ၊ အတိုက်အခံမှဖြစ်စေယူဆခြင်း၊ သို့မဟုတ် နိုင်ငံကိုဆုတ်ယုတ်စေသော မူဝါဒတခုခုကို အကြောင်းပြု၍ဖြစ်စေ အယုံအကြည်မရှိအဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်စေခွင့် အမတ်များတွင်ရှိကာ တမဲအသာဖြစ်လျှင်ပင် အနိုင်အရှုံးခွဲပြီး အဆိုအားသဘောတူသူများပါက အတိုက်အခံခေါင်းဆောင်အား ဝန်ကြီးချုပ်ရာထူးလွှဲလျှင်လွှဲ၊ မလွှဲလိုလျှင် အထွေထွေရွေးကောက်ပွဲကို လက်ရှိဝန်ကြီးချုပ်၏ သက်တမ်းကုန်သည်ကို စောင့်ရန်မလိုပဲ ချက်ချင်းကျင်းပပေးရပြီး ထိုရွေးကောက်ပွဲမှ အစိုးရအဖွဲ့သစ်နှင့် ခေါင်းဆောင်သစ်များပေါ်ထွက်လာလေ့ရှိသည်။ ထိုသို့သောအကြောင်းများကြောင့် သမ္မတစနစ်တွင်ကဲ့သို့ အုပ်ချုပ်ပုံနှင့် ကိုင်တွယ်ပုံများကိုမကြိုက်သော်လည်း သက်တမ်းကုန်သည်အထိ နှစ်ဖက်စောင့်နေရခြင်းမရှိပဲ လူကြိုက်နည်းလာသည့်ခေါင်းဆောင်ကို လျင်လျင်မြန်မြန်ဖြုတ်ချနိုင်သည့် အားသာချက်ရှိနေသည်။

ပါလီမန်စနစ်အတွင်းမှ အမတ်များ၏ အခန်းကဏ္ဍကိုကြည့်လျှင် သူတို့သည် ကွန်ဂရက်မှအမတ်များကဲ့သို့ အမှီအခိုကင်းကင်းလွတ်လွတ်လပ်လပ်မရှိပဲ ပါတီ(ပါတီခေါင်းဆောင်)၏ ချမှတ်သောမူဝါဒများကို ထောက်ခံရန်တာဝန်ရှိသည့်အတွက် အနိုင်ရပါတီက အမတ်နေရာအများစုကိုယူနိုင်သည့်အခါတွင် လွှတ်တော်သည် အစိုးရအဖွဲ့၏ပြဋ္ဌာန်းသောဥပဒေများကို တုံးထုအတည်ပြုပေးသော အဖွဲ့အစည်းသာသာပင်ဖြစ်လာသည်ဟု သမ္မတအဓိကစနစ်ကိုထောက်ခံသူများက ဝေဖန်ကြသည်။ ထို့ပြင် မဲအများဆုံးရသောပါတီက ပြတ်ပြတ်သားသားအနိုင်မရပဲ ညွန့်ပေါင်းအစိုးရဖွဲ့ရပါက ခေါင်းဆောင်သောပါတီသည် အစိုးရအဖွဲ့အတွင်း ကန့်ကွက်မှုများမည်စိုးသောကြောင့် မူဝါဒများကို ရဲရဲဝံ့ဝံ့မချမှတ်ဝံ့ပဲ သမ္မတစနစ်တွင်ကဲ့သို့  သမ္မတနှင့် ကွန်ဂရက်လိပ်ခဲတည်းလည်းဖြစ်မှုမှပေါ်လာသော အစိုးရ၏ အုပ်ချုပ်ရေးကိုင်တွယ်ပုံတုံ့ဆိုင်းခြင်းဖြစ်နိုင်ပါသည်။

အမတ်မင်းများ၏ ဥပဒေပြုခြင်းအခန်းကဏ္ဍနှင့် အခြားတာဝန်များ

အစိုးရလွှတ်တော်အတွင်း အမတ်များဥပဒေပြုကြပုံကို သာမန်လူများက တွေးထင်ပုံမှာ အမတ်တဦးတယောက် သို့ တဖွဲ့မှ ဥပဒေသစ်တခုပြဋ္ဌာန်းရန် လွှတ်တော်တွင်းတင်ပြပြီး မဲခွဲဆုံးဖြတ်ကြခြင်းလောက်ကိုသာ မြင်ယောင်လေ့ရှိကြသည်။ လက်ရှိအခြေအနေတွင် တကယ်တမ်း လွှတ်တော်တွင်း ဥပဒေသစ်များပေါ်ထွက်အတည်ပြုမှုများမှာ အမတ်များထံမှ စတင်အကြံပေါ်လာသည်ထက် အစိုးရနှင့်ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးရာအကျိုးဆောင်အဖွဲ့အစည်းများ စသည်တို့မှ သန္ဓေတည်လာခဲ့ပြီး လွှတ်တော်တွင်းအမတ်များက၄င်းတို့ကို ဆွေးနွေးခြင်း၊ အတည်ပြုခြင်း သို့မဟုတ် ပယ်ချခြင်းကိုပြုလုပ်ကြပုံသည် ထုံးစံလိုဖြစ်လာခဲ့သည်။ အမတ်မင်းများကလည်း မိမိတို့ကိုယ်တိုင် ဖြစ်သင့်သည်ထင်သည်ကို တွေးခေါ်အကြံထုတ်ပြီး ဥပဒေပြုခြင်းထက် လက်တွေ့လောကမှဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အကြံဥာဏ်ကိုယူပြီး လွှတ်တော်တွင်းတင်ပြဆွေးနွေးသည့်အလေ့များလာခြင်းသည်လည်း အကြောင်းရင်းတရပ်ဖြစ်သည်ဟု ယူဆရပါသည်။

ဥပဒေများအတည်ပြုရေးဆုံးဖြတ်ခြင်းဆွေးနွေးခြင်းများ ပြုလုပ်ကြရာတွင် ကိစ္စရပ်တိုင်းကို အမတ်အားလုံးပါဝင်ဆွေးနွေးခြင်းထက် လွှတ်တော်တွင်းတွင် အရေးကြီးသောနယ်ပယ်များအတွက် သီးခြားဖြစ်သော အမြဲတမ်းကော်မတီများနှင့် အချို့အထူးပြုကိစ္စရပ်များအတွက် ယာယီကော်မတီများဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်လေ့ရှိကြသည်။ အမတ်အားလုံးလိုလိုသည် အမြဲတမ်းကော်မတီတခုခု သို့မဟုတ် ယာယီကော်မတီတခုခုတွင် ပါဝင်နေပြီးဖြစ်နေတတ်သည်။ ကော်မတီတိုင်းတွင် မျှတမှုရှိစေရေးအတွက် ပါတီများညီမျှစွာ ကိုယ်စားပြုပါဝင်နိုင်အောင်ကြိုးစားထားသော်လည်း ဆွေးနွေးသည့်ကိစ္စရပ်သည် မဲဆန္ဒနယ် သို့မဟုတ် ပြည်နယ်နှင့်ဆိုင်သောအမတ်မင်းများဖြင့် အဓိကပါဝင်ဖွဲ့စည်းသည်လည်းရှိသည်။ ဥပမာအားဖြင့် ဗြိတိသျှပါလီမန်တွင် အမြဲတမ်းဥပဒေပြုကော်မတီငါးခုထားရှိပြီး အခြားသီးခြားကဏ္ဍများအတွက် ယာယီကော်မတီများ၊ ကော်မတီခွဲများထားရှိကြသည်။ ပါလီမန်စနစ်တွင် လွှတ်တော်တွင်းအမတ်များသည် အနိုင်ရပါတီမှ အများစုဖြစ်လေ့ရှိသည့်အတွက် အစိုးရအဖွဲ့နှင့် ၄င်း၏ဋ္ဌာနအသီးသီးမှလာသောဥပဒေကြမ်းများကို အမတ်များကလုံးဝပယ်ခြင်းဆိုသည်ထက် ပြင်ဆင်မွမ်းမံခြင်းကိုသာလျှင် ပြုလုပ်လေ့ရှိကြသည်။ ပါလီမန်စနစ်တွင် ထိုသို့ အနိုင်ရပါတီ၏ အမတ်များလွှမ်းမိုးပြီး အမတ်များကလည်း ဗဟိုညွှန်ကြားချက်ကိုလိုက်နာလေ့ရှိသောကြောင့် အစိုးရအပိုင်းမှတင်သွင်းသော ဥပဒေကြမ်းမှန်သမျှသည် လွှတ်တော်အတွက် အလိုလိုအရေးပါပြီးဖြစ်နေပြီး ပြင်ဆင်ချက်များပြုလုပ်ရန်သာလိုလေ့ရှိကာ တသီးပုဂ္ဂလ သို့မဟုတ် အစိုးရပါတီ၏အပြင်ဘက်မှလာသော အဆိုပြုချက်များမှာ များသောအားဖြင့် အရေးပေးဂရုပြုခြင်းမခံရပေ။ ဤသည်မှာပင် ပါလီမန်စနစ်၏ ဥပဒေပြုအမတ်များ၏ အမှီအခိုကင်းမှုမရှိပဲ ကိုယ်ပိုင်အမြင်ထက်ပါတီအမြင်ကိုတွင် ဗဟိုပြုရသောအားနည်းချက်ဟု ဆိုနိုင်ပါသည်။ ထိုအခြေအနေကို ပပျောက်စေသောအခြေအနေမှာ နေရာအများစုအမတ်ရသောပါတီအုပ်ချုပ်သော အစိုးရထက် မည်သည့်ပါတီမှ လုံးလုံးအသာမရသောအခြေအနေမှတဆင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီးအုပ်ချုပ်သောအစိုးရတွင် ပါတီမတူသောအမတ်များအတွင်း ညီညွတ်မှုရှိပါက ပါတီတခုတည်း၏ သဘောထားက ဥပဒေပြုခြင်းအပေါ်လွှမ်းမိုးခြင်းပပျောက်ဖွယ်ရာရှိပါသည်။ ထိုသို့အခြေအနေရသောနိုင်ငံအရေအတွက်မှာမူ အလွန်နည်းပါးပြီး ဆွီဒင်၊နယ်သာလန်၊နော်ဝေးကဲ့သို့သော နိုင်ငံအချို့တွင်သာ ရံခါတွေ့ရသည်။

သမ္မတအဓိကစနစ်အတွင်းရှိ လွှတ်တော်များတွင်မူ တင်သွင်းလာသော ဥပဒေကြမ်းများကို ထည့်သွင်းဆွေးနွေးရန်သင့်မသင့်ကို ဆိုင်ရာကော်မတီများကဆုံးဖြတ်ပြီး အမတ်များက သူတို့နှင့်ပါတီတူသောသူများထံမှလာသော ဥပဒေများကို လုံးဝကန့်ကွက်သည်လည်းရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် အထက်၊အောက်လွှတ်တော်နှစ်ခုစလုံး၌ ဥပဒေပြုအမြဲတမ်းကော်မတီနှင့် ကော်မတီခွဲများ၂၅၀ကျော်ရှိပြီး ကော်မတီတခုစီအတွက် ဥက္ကဋ္ဌလည်းရွေးချယ်ကြကာ လျှို့ဝှက်မဲစနစ်ဖြင့်ရွေးကြသည်။

ဥပဒေပြုအမတ်များ၏ အခြားတာဝန်များ

လွှတ်တော်တွင်း၌ အမတ်များထားရှိပြီး အဓိကရည်ရွယ်ချက်မှာ အစိုးရအဖွဲ့၏အာဏာအားထိန်းညှိကာ ဥပဒေသစ်များအတည်ပြုခြင်း၊ပယ်ဖျက်ခြင်းများပြုလုပ်ရန်အတွက်ဖြစ်သော်လည်း လက်တွေ့တွင် အမတ်များ၏တာဝန်မှာ ဥပဒေပြုခြင်းမဟုတ်တော့ပဲ အခြားတာဝန်များလည်းတန်းတူအရေးပါလာခဲ့သည်။ ဥပဒေပြုသူအမတ်များ၏ မရှိမဖြစ်တာဝန်များမှာ ဥပဒေများထွက်ပေါ်လာရေးအတွက် စတင်အကြံထုတ်အဆိုပြုခြင်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အလက်များကို ပြင်ဆင်မွမ်းမံရေး၊ အစိုးရ၏ နိုင်ငံတကာစာချုပ်များကို အတည်ပြုရေး၊ အခွန်ဥပဒေနှင့် အခွန်ကောက်ပုံနည်းစနစ်များပြဋ္ဌာန်းခြင်းတို့ဖြစ်ကြသော်လည်း ဦးစွာပထမအားဖြင့် ၄င်းတို့မှာ မဲဆန္ဒနယ်တခုခုကို ကိုယ်စားပြုထားရသောအမတ်များလည်းဖြစ်သဖြင့် အမြဲတမ်းပြန်လည်ရွေးကောက်ခံနေရရေးအတွက် သူတို့၏နယ်များအရေးကို တိုင်းပြည်တခုလုံးအရေးထက် အလေးပေးမှုများလည်းရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် အဓိကတွေ့ရသည်မှာ နိုင်ငံအတွင်း ကိုယ်စားလှယ်များအသီးသီးရွေးကောက်ခံကြရာတွင် ပါတီနှင့်အမှီအခိုကင်းကင်းလွတ်လပ်စွာလုပ်ခွင့်ရကြည့်သည့်အခါတွင် ကိုယ့်အားကိုယ်ကိုးပြီးမဲဆွယ်ရသောကြောင့် ဒေသခံများအကြိုက်နှင့် မဲဆွယ်စရိတ်အလှူရှင်များအကြိုက်ကိုလိုက်ရခြင်းများလည်း ပိုမိုလာခဲ့သည်။ ကိုယ်စားလှယ်များသည် မဲဆွယ်ကာလအတွင်း စည်းရုံးရာတွင် အရွေးခံခဲ့ရလျှင် မည်သို့ အမြန်လမ်းမစီမံကိန်းကြီးများပြုလုပ်ပေးမည်၊ မည်သို့ လမ်းတံတားစီမံကိန်းများ၊ ရေလွှမ်းမိုးမှုထိန်းသိမ်းရေးစီမံကိန်းများ၊ လယ်သမားထောက်ပံငွေပေးရေးစီမံကိန်းများစသည်ဖြင့် လုပ်ပေးမည်ဟူ၍ ကတိပေးဆွယ်ကာ ရွေးကောက်ခံရသည့်အခါတွင်လည်း အမှန်တကယ်အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်တွင်း လျာထားငွေကိုတောင်းခံလာရသည်။ အမတ်များမှာ ဒေသခံများကျေနပ်ရေးကို အဓိကထားရလွန်းသည့်အတွက် စီမံကိန်းနှင့် အထောက်အပံ့ပေးရေးအစီအစဉ်များမှာ အမှန်တကယ်မရှိမဖြစ်လိုအပ်သည်များထက် ဘုံးဘလအောလုပ်သည့်သဘောပိုဆောင်လာခဲ့သည်။ သို့သော်လည်း အစိုးရအဖွဲ့အပိုင်းမှ ၄င်းတို့အတည်ပြုလိုသောဥပဒေများ လွှတ်တော်တွင်းအမတ်များ၏ ထောက်ခံမှုရရေးအတွက် ထိုစီမံကိန်းရာထူးများကို ပြန်လည်အတည်ပြုပေးနေရပြီး အလဲအလှယ်အနေဖြင့် အမတ်များဘက်ကလည်း အစိုးရ၏ တနိုင်ငံလုံးနှင့်ဆိုင်သော၊၄င်းတို့မဲဆန္ဒနယ်ကိုမထိခိုက်နိုင်သော ဥပဒေသစ်များကို ပြန်လည်အတည်ပြုပေးကြသည်။ ထိုသို့ဖြစ်စဉ်မှာ ဒီမိုကရေစီစနစ်နှင့် ၄င်း၏အနှစ်သာရအဖြစ်ထားရှိသော အာဏာများအပြန်အလှန်ထိန်းကျောင်းမှုဖြစ်စဉ်များမှ ဖြစ်ပေါ်လာသော အားနည်းချက်တခု၊လက်မခံချင်စရာဖြစ်စဉ်ကြီးဖြစ်ရာ အချို့က ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ၄င်းတို့၏မဲဆန္ဒနယ်များနီးစပ်လွန်းနေမှုကို လျှော့ချလိုကြသည်။ သို့သော်လည်း အသေအချာစဉ်းစားကြည့်သောအခါတွင် ဒေသ၏ကိုယ်စားလှယ်နှင့် ဒေသခံများအကြားဆက်နွယ်မှုကိုလျှော့ချခြင်းသည် ဒီမိုကရေစီ၏ အခြေခံအကျဆုံး ပြည်သူကိုယ်စားပြုနိုင်ငံရေးစနစ်ကို ပုံဖျက်ခြင်းနှင့် အတူတူပင်ဖြစ်နေသောကြောင့် အထက်ပါအတွေးဝင်သူများမှာ ထုတ်မပြောခင်မှာပင် ကိုယ်ရှိန်သတ်ရလေ့ရှိမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများနှင့် အမတ်မင်းများ၏ ဗဟိုပါတီမှ အမှီအကင်းနေမှုကိုသာလျှင် အပြစ်ရတော့မည်။ ဤသည်မှာလည်း ပါတီမှဗဟိုချုပ်ကိုင်မှုများအလွန်အကျွံဖြစ်ပြီး ခေါင်းဆောင်ပိုင်း၏အာဏာချုပ်ကိုင်မှုကိုတားဆီးနေသောအချက်တခုဖြစ်ပြန်ရာ အထက်ပါအခြေအနေသည် လက်မခံချင်ရက်နှင့်လက်ခံထားရသော အခြေအနေပင် ဖြစ်ချေတော့သည်။

ဥပဒေပြုအမတ်များအတွက် အခြားအရေးကြီးသောတာဝန်များမှာ ၄င်းကိုယ်စားပြုသောနယ်မှ ပြည်သူများ၏ လိုအပ်ချက်များ၊မေးမြန်းများများ၊ ထောက်ပြဝေဖန်မှုများကိုလည်းဖြေရှင်းပေးရန်တို့ဖြစ်ပြီး နယ်မြေခံများအတွက် အစိုးရအပေါ်ဝေဖန်ကန့်ကွက်နိုင်သော ပါလီမန်မှ ခန့်ထားသည့် ရှေ့နေသဖွယ်လည်း တာဝန်ယူရသည်ဟုလည်း တင်စားပြောဆိုကြသည်။ ထိုသို့လုပ်ရသည့်တာဝန်များမှာ သူတို့ပြန်လည်ရွေးကောက်ခံရခြင်းသေချာစေရေးအတွက် အလွန်အရေးကြီးသောကြောင့် အမတ်များ၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရန်အကြံဥာဏ်များစတင်ခြင်း၊အကြမ်းဆွဲခြင်းများပြုလုပ်ရန်မှာ အချိန်မပေးနိုင်တော့ပဲ အစိုးရဋ္ဌာနဆိုင်ရာများနှင့် နိုင်ငံရေးအကျိုးဆောင်အဖွဲ့များမှ တင်သွင်းလာသောအချက်များကိုသာ ထည့်သွင်းစဉ်းစားပြီး စတင်ဆွေးနွေးရသည့်အခြေအနေသာ ဖြစ်ပေါ်လာခဲ့သည်။ အမတ်အများစုကြီးသည် မိမိတို့၏နယ်များအတွင်း အကြိုက်လုပ်ရေးကို အစဉ်အလာအရပြုလုပ်လာခြင်းဖြင့် အချို့နယ်များဆိုလျှင် အမတ်တဦးတည်းက အာဏာသိမ်းထားသည့်သဖွယ် နှစ်ပေါင်းများစွာ ရွေးကောက်ခံရနေပြီး ထိုနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်းအသစ်များမှာ မဲဆွယ်စရိတ်မတတ်နိုင်သည့်၊လှူမည့်သူနည်းပါးသည့်အခက်အခဲတခုတည်းနှင့်ပင် လက်လန်သွားရသည်များပြီး ပြိုင်ဘက်မရှိရွေးကောက်ခံနေရသည့် မဲဆန္ဒနယ်များလည်း အမေရိကန်ပြည်ထောင်စုတလွှားတွင်ရှိလာခဲ့သည်။ ထိုအခြေအနေများသည်လည်း သမ္မတမှလိုက်လံမတားဆီးနိုင်သည့် ဒီမိုကရေစီ၏ ပြည်သူ့အပေါ်အကျိုးသက်ရောက်မှု ယို့ယွင်းလာသောအခြေအနေတရပ်ပင်ဖြစ်သည်။

အမတ်များအတွက် နောက်ထပ်အရေးကြီးသောတာဝန်တရပ်ဖြစ်လာသည်မှာ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်ပြီး၊ခြစားမှုများရှိမရှိနှင့် အစိုးရအုပ်ချုပ်ကိုင်တွယ်ပုံများ အကောင်းအဆိုးဝေဖန်နေရန်လည်း တာဝန်များမှာ အစိုးရအဖွဲ့မှဥပဒေသစ်များမပြုလျှင်သော်မှ ထောက်ပြဝေဖန်နေရသော တာဝန်များဖြစ်သည်။ အမတ်များသည် အစိုးရအဖွဲ့ဝင်များအပေါ် အထူးကိစ္စရပ်များပေါ်လာသည့်အခါတိုင်း ခေါ်ယူမေးခွန်းထုတ်နိုင်ကာ အစိုးရအဖွဲ့ဝင်များဘက်မှလည်း ရေလည်အောင်ဖြေဆိုနိုင်ခြင်းမရှိပါကလည်း အစိုးရတဖွဲ့လုံး၏ ဂုဏ်သိက္ခာထိခိုက်ပြီး ပြန်လည်ရွေးကောက်ခံရရေးလည်းထိခိုက်သွားမည်ဖြစ်သည်။ နောက်ထပ် အရေးကြီးသော တာဝန်တရပ်မှာ လွှတ်တော်တွင်းဆွေးနွေးမှု၊ ဥပဒေပြုကော်မတီများအတွင်း ဆွေးနွေးမှုများကို အများပြည်သူအား ပြန်လည်တင်ပြခြင်း၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်စေခြင်းတို့ကိုလည်း ပြုလုပ်လာကြသည်။ အမေရိကန်အထက်လွှတ်တော်အမတ်တဦးဖြစ်သော ဂျေဝီလီယံဖူးဘရိုက်သည် သူ၏ ဗီယက်နမ်စစ်ပွဲကိစ္စအတွက် ကော်မတီတွင်းကြားနာမှုများကို ရုပ်မြင်သံကြားမှ စတင်တိုက်ရိုက်ထုတ်လွှင့်စေခဲ့ကာ ပြည်သူလူထုအား အသိပညာပေးခဲ့သည်။ ယခုနောက်ပိုင်းတွင် ဒီမိုကရေစီနိုင်ငံအားလုံးလိုလိုတွင် လွှတ်တော်တွင်းဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းများရှိနေပြီးဖြစ်သည်။

လွှတ်တော်အမတ်များ၏ အခန်းကဏ္ဍလျှော့ကျလာခြင်းများ

ရွေးကောက်ခံရသောလွှတ်တော်အမတ်များထဲတွင် နည်းပညာရေးရာကျွမ်းကျင်သူ၊စစ်ရေးကျွမ်းကျင်သူ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အသီးသီးကျွမ်းကျင်ကြသူများ ရှားပါးသည်ကများသည်။  အမေရိကန်ပြည်ထောင်စုရှိ လွှတ်တော်အမတ်အားလုံးအနက်မှ တဝက်မျှသော အမတ်များသည်သာ ဥပဒေဘွဲ့ရသူများဖြစ်ပြီး အခြားနယ်ပယ်အသီးသီးအထူးပြုကျွမ်းကျင်သူများဆိုလျှင်ပိုမိုရှားပါးလှသည်။ ဥရောပပါလီမန်များတွင်ဆိုလျှင် ရှေ့နေအမတ်အရေအတွက်မှာ တဝက်မျှပင်မရှိပဲ အချို့မှာ ကျောင်းဆရာဟောင်းများ၊စာနယ်ဇင်းသမားများနှင့် ငွေကြေးချမ်းသာသူများသာလျှင် အများစုဖြစ်နေတတ်ကြသည်။ ထိုသို့သောအကြောင်းများကြောင့် အမတ်များသည် အထူးပြုကျွမ်းကျင်မှုတခုခုလိုအပ်သောနယ်ပယ်တခုခုနှင့်ပတ်သတ်သော(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ကျန်းမာရေး၊စီးပွားရေးစသည်) ဥပဒေများအတည်ပြုရေးဆွေးနွေးရသည့်အခါတွင် အစိုးရဋ္ဌာနအသီးသီးမှ ကျွမ်းကျင်သူအရာရှိများ၏ အကြံဥာဏ်များ၊ပြင်ပရှိ နာမည်ကြီပညာရှင်များ၏အကူအညီကိုယူရပြီး ဥပဒေပြုကော်မတီများ၏ ကြားနားမှုတွင် ထိုပညာရှင်များ၊အရာရှိများကို ကြားနာမှုသက်သေအဖြစ်ခေါ်ယူနားထောင်ပြီး အကြံပြုစေကြသည်။ ထိုသို့ဖြင့် အမတ်များသည် ဥပဒေပြုရေးတွင် ပြင်ပပညာရှင်များနှင့် ဋ္ဌာနဆိုင်ရာများအပေါ်တွင် မှီခိုရမှုများလာသည်နှင့်အတူ အမတ်မင်းများ၏အခန်းကဏ္ဍသည်လည်း ကျလာခဲ့သည်။ ချွင်းချက်အားဖြင့် အမေရိကန်ပြည်ထောင်စုတွင် လွှတ်တော်အမတ်များက တည်ထောင်ထားသော သုသေသနအသင်းများ၊အဖွဲ့များရှိသော်လည်း ဋ္ဌာနဆိုင်ရာများ၏ အကြံဥာဏ်ကို ပိုပြီးအလေးပေးနေရဆဲဖြစ်သည်။

လွှတ်တော်အမတ်များ၏ အရေးပါမှုကျဆင်းလာသည့်နောက်ထပ်အကြောင်းရင်းတခုမှာ ပါလီမန်နှင့် ကွန်ဂရက်အစည်းအဝေးစသည်များတွင် အလွန်အရေးကြီးသောအခြေအနေများမှလွဲ၍ သာမန်အခြေအနေတွင် လွှတ်တော်ခန်းမသို့လာရောက်နားထောင်သော အမတ်အရေအတွက် နည်းသည်ထက်နည်းလာခြင်းဖြစ်သည်။ ပါလီမန်စနစ်တွင် ထိုအချက်မှာ ပိုမိုသိသာပြီး အနိုင်ရပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့စရာမလိုပဲ နေရာအများစုဖြင့် အနိုင်ရသည့်အခါတွင် လွှတ်တော်တွင်းမိမိအမတ်များ အများစုရှိပြီး အားလုံးကလည်း ထောက်ခံမည့်သူများဖြစ်သောကြောင့် ထိုသို့အခြေအနေတွင် ပထမတန်းအရေးမပါသော ဥပဒေပြဋ္ဌာန်းရေးကိစ္စများမှလွဲ၍ သာမန်ဥပဒေပြုရေးများတွင် အမတ်များက လွှတ်တော်လာမတက်တော့ပဲ လွယ်လွယ်ပင်ထောက်ခံမဲပေးလိုက်ကြသည်။ ဆွီဒင်နိုင်ငံရှိလွှတ်တော်တွင်ဆိုလျှင် သဘောတူမတူကိစ္စအတွက် ခုံတန်းမှ ခလုတ်နှိပ်အတည်ပြုသည့်စနစ်ကိုကျင့်သုံးသည့်အခါတွင် အမတ်များသည် နောက်ဆုံးဆုံးဖြတ်ပြီး ခလုပ်နှိပ်ဆုံးဖြတ်သည့်အချိန်ကာလ ၁၀မိနစ်ခန့်သာ လွှတ်တော်တွင်းလူစုံရှိပြီး ကျန်အချိန်များတွင် ချောက်ကပ်ကပ်ရှိနေသည်ကိုတွေ့ရသည်။ ပါတီဆုံးဖြတ်ချက်အတိုင်းလုပ်ရသောပြင်သစ်လွှတ်တော်တွင် အချို့အခြေအနေများတွင် လွှတ်တော်တွင်း အမတ်လေးငါးဆယ်မျှသာရှိပြီး အမတ်များက ၄င်းတို့နှင့်ပါတီတူသူ မတက်ရောက်သောအမတ်များ၏ ခုံသို့သွားကာ သဘောတူမတူ ခလုပ်သွားနှိပ်ပြီး ထောက်ခံအတည်ပြုခြင်းပင်ရှိသည်။ သဘောတရားအားဖြင့် ပါတီတခုအတွက် ကိုယ်စားလှယ်တဦးသာ လွှတ်တော်တွင်းတက်ရောက်ရန်လိုသည့် အခြေအနေမျိုးပင်ဖြစ်နေသည်။ ဝေဖန်သူများက ခေတ်သစ်လွှတ်တော်အမတ်များသည် အပျင်းထူလာခြင်းသက်သက်သာ ဖြစ်သည်ဟုလည်း ပြောဆိုကြသည်။ အမှန်အားဖြင့် လွှတ်တော်အမတ်များမှာ လွှတ်တော်တွင်း ဥပဒေပြုရေးကဏ္ဍနှင့် အရေးပါမှုကျဆင်းလာသည်နှင့်အမျှ မိမိတို့၏ မဲဆန္ဒနယ်အရေးများကို နယ်ဆင်းဆောင်ရွက်ပေးခြင်းများ၊ ဒေသခံ နိုင်ငံရေးရာအကျိုးဆောင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းများကို ပိုမိုပြုလုပ်လာကြသောကြောင့် လွှတ်တော်တက်ရေးမှာ သူတို့အတွက် ဒုတိယဦးစားပေးသဖွယ်ဖြစ်လာကြခြင်းဖြစ်သည်။

ဒီမိုကရေစီရရှိပြီးသော ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံးနှင့်ချီ၍ ပြောနိုင်သော နောက်တချက်မှာ မဲပေးနှုန်းများကျဆင်းလာခဲ့ခြင်းဖြစ်သည်။ မဲပေးနှုန်းများကျဆင်းလာခြင်းသည် နေရာရပြီးသောအမတ်မင်းများ၏ ဆက်လက်အရွေးခံနေရရေးအတွက် ဒေသရေး ဘုံးဘောလအောလုပ်ဆောင်မှုများအပြင် မဲဆွယ်အလှူငွေစရိတ်များအတွက်လည်း လှူမည့်သူများသည် ကံထရိုက်ဆွဲထားပြီးသကဲ့သို့ဖြစ်နေရာ အမတ်လောင်းအသစ်များအတွက် အောင်နိုင်ရေးဖြစ်နိုင်ချေနည်းသထက်နည်းလာပြီး ထိုအခြေအနေကိုသတိပြုမိသော မဲပေးသူများကိုယ်တိုင်က စိတ်ပျက်လာကာ မဲပေးနှုန်းကျဆင်းလာပြီး ထိုအကြောင်းကြောင့်ပင် အမတ်များ၏ ပြန်လည်ရွေးကောက်ခံရနိုင်သောအခွင့်အရေးများ ပိုမိုသေချာလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင်နေရာရဖူးပြီးသော၊အာဏာရဖူးပြီးသော အမတ်များသည် နိုင်ငံအရေးအတွက် သူများထက် သူသာလျှင်ပို၍ လုပ်နိုင်မည်ဟုတွေးထင်လာပြီး မဲဆန္ဒနယ်တခုခုကိုအာဏာသိမ်းထားသည့်အခြေအနေရရေးအတွက် ဥပဒေပြုအမတ်တာဝန်ထက် ဒေသခံအကြိုက်လုပ်ရေးက အရေးအကြီးဆုံးဖြစ်လာခြင်းကလည်း ဥပဒေပြုအမတ်များ၏ အခန်းကဏ္ဍကို ၄င်းတို့ဘာသာချလာခြင်းတမျိုးပင်ဖြစ်ချေတော့သည်။

အမတ်သစ်များ၊ပါတီသစ်များနေရာရရေးအတွက် နိုင်ငံရေးစနစ်ထက် ရွေးကောက်ပုံစနစ်အပေါ်တွင်ပိုမိုအခြေခံသည့်အတွက် အချိုးကျပါတီကိုယ်စားလှယ်များရွေးကောက်သည့်စနစ်(proportional representation)ကျင့်သုံးသည့်နိုင်ငံများတွင် အမတ်လောင်းသစ်များအတွက် ပိုမိုအခြေအနေကောင်းသည်ဟုပြောနိုင်သည်။ ၁၉၈၀တဝိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအယူအဆများထွန်းကားလာသည့်အချိန်တွင် ဥရောပတလွှားတွင် အစိမ်းရောင်အယူအဆစွဲကိုင်သော ပါတီသစ်များလည်း ထွန်းကားလာခဲ့ပြီး အချိုးကျကိုယ်စားလှယ်ရွေးသည့်စနစ်ကျင့်သုံးသည့်နိုင်ငံများတွင် အဆိုပါ ပါတီများ လျှင်လျှင်မြန်မြန်ပါလီမန်တွင်းရောက်လာကာ နဂိုပါတီများက အစိမ်းရောင်ပါတီတို့၏ အဆိုတင်သွင်းမှုများကို အရေးမစိုက်၍မရသော အခြေအနေများလည်းဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုသို့အချိုးကျရွေးသည့်စနစ်ကျင့်သုံးသည့်နိုင်ငံရေးသည် ပါလီမန်အတွင်း ပါတီကြီးနှစ်ခုကြီးစိုးစေခြင်းထက် ပါတီငယ်များပြန့်ကွဲခြင်းကိုဖြစ်စေသည့် အကြောင်းရင်းတခုဖြစ်သည့်အတွက် နိုင်ငံရေးယဉ်ကျေးမှုမူကွဲများလွန်းသောနိုင်ငံများ၊ နိုင်ငံရေးရာယုံကြည်ချက် ညှိနှိုင်းရန်ခက်ခဲသောနိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်လွယ်သော အကြောင်းအရင်းလည်းရှိသောကြောင့် လွယ်လွယ်မပြောင်းသင့်သောစနစ်တခုလည်းဖြစ်နေပြန်သည်။ ဆိုခဲ့ပြီးသော ကောက်ချက်များအရ လွှတ်တော်တွင်းမှ အမတ်များ၏ အရေးပါမှုနှင့် အာဏာသည် ဥပဒေပြုရေးမဏ္ဍိုင်မှနေ၍ အုပ်ချုပ်ရေးမဏ္ဍိုင်မှ အစိုးရအဖွဲ့သို့ ရွေ့လျောသွားနေသည်ဟုဆိုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်အများစုက လတ်တလောအခြေအနေတွင် ငြင်းခုံနေကြဆဲဖြစ်သည်။