အတွေးအခေါ်ပညာ၏ ပြဿနာများ – ဘာထရန် ရပ်ဆဲလ် အပိုင်း(၇)


အတွေးအခေါ်ပညာ၏ ပြဿနာများ – ဘာထရန် ရပ်ဆဲလ်
အခန်း (၄) စိတ်အသိအခြေပြုဝါဒ(Idealism)

 

“စိတ်အသိအခြေပြုဝါဒ” ဟူသော စကားလုံးကို များစွာသောအတွေးအခေါ်ပညာရှင်များက အမျိုးမျိုးသော သဘောပေါက်ပုံများဖြင့် သုံးစွဲနေကြ၏။ ကျနော်တို့ နားလည်သဘောပေါက်မည့် ပုံစံမှာမူ တည်ရှိနေသော မည်သည့်အရာပင်ဖြစ်စေ၊ အနည်းနှင့်အများ တည်ရှိနေသည်ဟု သိနိုင်သော အရာပင်ဖြစ်စေ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ တခုခုဖြစ်မည်ဟူသော အကောက်အယူ ဖြစ်သည်။ အတွေးအခေါ်ပညာရှင်များအကြားတွင် အလွန်ပင် ကျယ်ကျယ်ပြန့်ပြန့်ခံယူထားကြသော ဤအကောက်အယူသည် ပုံသဏ္ဍန်မျိုးစုံဖြင့် ရှိနေပြီး အမျိုးမျိုးဖြစ်သော နောက်ခံယူဆပုံတို့တွင် တည်မှီကွဲပြားနေကြသည်။ ဤအကောက်အယူအား အလွန်ကျယ်ပြန့်စွာ ခံယူထားကြပြီး သူ့ချည်းသက်သက်ပင်လျှင် စိတ်ဝင်စားစရာ အလွန်ကောင်းသောကြောင့် အတွေးအခေါ်ပညာအား အတိုးဆုံးချုပ် စစ်ကြောမှုမျိုးတွင်ပင် အဆိုပါ အကောက်အယူအား ထည့်သွင်းဖော်ပြရ၏။

 

          အတွေးအခေါ်ပညာရပ်ဆိုင်ရာ ထင်ကြေးပေးမှုမျိုးအား အလေ့အကျက်မရှိသေးသော ပုဂ္ဂိုလ်တဦးသည် အဆိုပါ အကောက်အယူမျိုးအား သိသိသာသာပင် အဓိပ္ပာယ်မရှိသော ယူဆချက်အနေဖြင့် အရေးလုပ်လောက်စရာမဟုတ်ဟု ထင်ချင်ထင်နိုင်မည်။ သာမန်အသိက စားပွဲများ၊ ကုလားထိုင်များ၊ နေနှင့် လ၊ ရုပ်ဝတ္ထုပစ္စည်းများသည် စိတ်နှင့် တကွ၊ စိတ်အတွင်းရှိနေသောအရာများနှင့် လားလားကြီး ဆန့်ကျင်နေသော တစုံတရာများဖြစ်ကြပြီး စိတ်မရှိလျှင်လည်း ဆက်လက်ရှိနေဦးမည့် တည်ရှိမှုမျိုးရှိသော အရာများဖြစ်သည်ဟု မှတ်ယူမည်မှာ သံသယဖြစ်စရာ မလိုပေ။ ကျနော်တို့သည် ရုပ်ဝတ္ထုအား စိတ်ဟူ၍မရှိခင်ကတည်းကပင် ကာလရှည်ကြာ တည်ရှိနေခဲ့သော အရာများဟု ထင်မြင်ထားကြပြီး ၄င်းအား စိတ်၏ လုပ်ဆောင်မှုတခုခုကြောင့် ဖြစ်လာသော အရာအဖြစ် မှတ်ယူရန်မှာ အလွန်ခက်ပေမည်။ သို့ရာတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ စိတ်အသိအခြေပြုဝါဒသည် သိသိသာသာ အဓိပ္ပာယ်မဲ့နေသော အရာဖြစ် အရေးမလုပ်ပဲ မနေသင့်ပေ။

 

          ရုပ်ဝတ္ထုပစ္စည်းများသည် အမှီအခိုကင်းသော တည်ရှိမှုရှိစေကာမူ ၄င်းတို့သည် အာရုံခံစားမှုအချက်အလက်များနှင့် ပြတ်ပြတ်သားသားပင် ကွဲပြားနေပြီး ပစ္စည်းစာရင်းတခုအတွင်း ဖော်ပြထားသော ပစ္စည်းများနှင့် ၄င်းပစ္စည်းစာရင်းတို့ အလားတူရှိမှုမျိုးနှင့်တူသော ပုံစံမျိုးဖြင့်သာလျှင် ဆိုခဲ့ပြီးသော ရုပ်ဝတ္ထုနှင့် အဆိုပါရုပ်ဝတ္ထုကပေးသော အာရုံခံစားမှုအချက်အလက်များ အလားတူရှိမှုမျိုး ရှိနေကြောင်းကို တွေ့ခဲ့ကြရပြီး ဖြစ်သည်။ ထို့ကြောင့် (အာရုံခံစားမှု အချက်အလက်များဖြင့်သာလျှင် ဆုံးဖြတ်နိုင်သော) သာမန်အသိဖြင့် မှတ်ယူမှုသည် ရုပ်ဝတ္ထုပစ္စည်းများ၏ စစ်မှန်သော ပင်ကိုသဘောအား ရိပ်မိနိုင်ရန် အလှမ်းဝေးနေ၏။ ထို့ကြောင့်ပင်လျှင် ၄င်းရုပ်ဝတ္ထုပစ္စည်းတို့အား စိတ်ပိုင်းဆိုင်ရာတခုခုအဖြစ်ယူဆချင်စရာ အကြောင်းပြချက် ကောင်းကောင်းရှိမည်ဆိုပါက ထိုသို့ဆိုခြင်းသည် မိမိတို့အတွက် ထူးဆန်းထွေလာကြီးဖြစ်နေမည်ဟူသော အကြောင်းပြချက်တခုတည်းဖြင့် ၄င်းယူဆချက်အား ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း မပြုနိုင်ပါ။ ရုပ်ဝတ္ထုပစ္စည်းများ၏ အမှန်တရားသည် (ရှေ့အခန်းများတွင် ဆိုခဲ့သလို တိုက်ရိုက်သိနိုင်ရန် မဖြစ်နိုင်သောကြောင့်) အမှန်တကယ်ပင် အဆန်းတကြယ်ဖြစ်နေရမည် ဖြစ်၏။ ရေရေရာရာ ဘယ်လိုမှ မပြောနိုင်သော အရာတခုလည်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် မည်သည့် အတွေးအခေါ်ပညာရှင်ပင်ဖြစ်စေ ၄င်းအား ရေရေရာရာပြောနိုင်ပြီဟု ယုံကြည်ပြီး ထိုသူက အမှန်တရားဟူ၍ တင်ပြလာသော အချက်အလက်များအား ထူးထူးဆန်းဆန်းဖြစ်နေသည်ဟူသော အကြောင်းပြချက်အား ထိုသူ၏ ယူဆချက်အား ငြင်းပယ်ရာတွင် အခြေမခံသင့်ပေ။

 

          စိတ်အသိအခြေပြုဝါဒ၏ အခြေတည်ထားသော နောက်ခံများမှာ ယေဘုယျအားဖြင့် အသိဆိုင်ရာ သဘောတရားအခြေခံသော နောက်ခံများဖြစ်ကြသည်။ ဆိုလိုသည်မှာ ကျနော်တို့ ၄င်းရုပ်ဝတ္ထုနှင့် ပတ်သက်သမျှ သိနိုင်လောက်သည့် အခြေအနေများကို ဆွေးနွေးမှုများကို အခြေခံသော နောက်ခံစဉ်းစားပုံကို ပြောလိုရင်းဖြစ်သည်။ ထိုသို့နောက်ခံစဉ်းစားပုံအပေါ်တွင် အခြေတည်ပြီး စိတ်အသိအခြေပြုဝါဒအား တည်ဆောက်ရန် ပထမဆုံး အလေးအနက်အားထုတ်သူမှာ ဘုန်းတော်ကြီး ဘာကလေဖြစ်သည်။ သူက အများအားဖြင့် မှန်ကန်သော ဆွေးနွေးချက်များကို အခြေခံ၍ ဦးစွာ သက်သေပြသည်မှာ ကျနော်တို့ရရှိသော အာရုံခံစားမှုအချက်အလက်များသည် ကျနော်တို့နှင့်ကင်း၍ ဖြစ်ပေါ်လာနိုင်ခြင်းမရှိ ဟုဆိုပြီး ထိုသို့ ဖြစ်ပေါ်မလာနိုင်သော်လည်း အဆိုပါ အချက်အလက်များသည် အနည်းဆုံး တစိတ်တပိုင်းအားဖြင့် စိတ်အတွင်း တည်ရှိနေကြပြီးဖြစ်မည်ဟုဆိုကာ ထိုသို့ရှိနေပုံသည် မြင်ခြင်းဖြစ်စေ၊ ကြားခြင်းဖြစ်စေ၊ ထိခြင်းဖြစ်စေ၊ အနံ့ရခြင်းဖြစ်စေ၊ အရသာရခြင်းဖြစ်စေ မရှိတော့လျှင် ဆက်လက်ရှိမနေတော့မည့် တည်ရှိပုံမျိုးဖြစ်မည်ဟုဆိုသည်။ ယခုအထိ သူအခြေအနေပြောလာခဲ့သမျှတွင် အချို့ဆွေးနွေးချက်များက သိပ်မဟုတ်သေးသော်လည်း သေချာပေါက်ပင် မှန်မယောင်ရှိ၏။ သို့နှင့် ဘာကလေက ဆက်လက်ငြင်းချက်ထုတ်သည်မှာ အာရုံခံစားမှုအချက်အလက်များ၏ တည်ရှိမှုကသာလျှင် ကျနော်တို့၏ သိမြင်နားလည်မှုအား သေချာစေမည့် အရာများဖြစ်ပေသည်ဟု ဆိုပြီး ထိုသို့(သေချာစေမည့်) သိမြင်နားလည်လိုက်သော အရာများကလည်း စိတ်အတွင်းတွင် ရှိနေသောကြောင့် ရုပ်ဝတ္ထုဟူသည် စိတ်ပိုင်းဆိုင်ရာ တခုခုပင်ဖြစ်ရမည်ဟု ဆိုလေသည်။ ထို့ကြောင့်ပင်လျှင် သူက ဆက်လက် နိဂုံးသတ်သည်မှာ စိတ်အတွင်းတွင် ရှိသည့်အရာမှ လွဲ၍ မည်သည့်အရာကိုမျှ မသိနိုင်ပဲ စိတ်အတွင်းမရှိသော်လည်း သိနိုင်သော အရာဟူသမျှသည် အခြားစိတ်တခုခုအတွင်းတွင် ရှိနေ၍ ဖြစ်ရမည်ဟု ဆိုလိုက်လေသည်။

 

          သူ၏ ဆွေးနွေးချက်အား သဘောပေါက်ရန်အတွက် သူ၏ စိတ်အကြံ(idea)ဟူသော စကားလုံးအား အသုံးပြုပုံကို နားလည်ရန် မရှိမဖြစ်လိုအပ်၏။ သူက ချက်ချင်းသိလိုက်နိုင်သော အရာများ (ဥပမာ-အာရုံခံစားမှုအချက်အလက်များ) မှန်သမျှကို စိတ်အကြံဟု အမည်ပေး၏။ ထိုကြောင့် ကျနော်တို့မြင်လိုက်သော အရောင်တခုခုသည် စိတ်အကြံတခုဖြစ်သွား၏။ ကျနော်တို့ကြားလိုက်သော အသံသည်လည်း ထို့အတူပင်ဖြစ်သည် အစရှိသဖြင့် ဆက်လက် ပွားများယူဆနိုင်သည်။ သို့သော် ဘာကလေ၏ အသုံးပြုပုံအရ အဆိုပါ စိတ်အကြံဟူသည်မှာ အာရုံခံစားမှုအချက်အလက်များကိုသာလျှင် ကိုယ်စားမပြုပေ။ ကျနော်တို့ စိတ်တွင်း သတိရလိုက်သော သို့မဟုတ် စိတ်ကူးလိုက်သော အရာများလည်း ရှိလာလိမ့်မည်ဖြစ်ပြီး ထိုသို့ကျနော်တို့ သတိရလိုက်သော ခဏ၊ စိတ်ကူးလိုက်သော ခဏအတွင်း ချက်ချင်းသိရှိလိုက်သော အရာများအားလုံးကိုလည်း ဘာကလေက စိတ်အကြံများဟုပင် အမည်ပေး၏။

 

          သို့နှင့် ဘာကလေက သစ်ပင်အစရှိသော သာမန်မြင်တွေ့နေကျ အရာဝတ္ထုများနှင့် ပတ်သက်၍ ဥပမာအနေဖြင့် စတင်စဉ်းစားခြင်းပြု၏။ ဘာကလေက ပြဆိုသည်မှာ ကျနော်တို့က သစ်ပင်ကို သိမြင်နားလည်လိုက်သည့် အခါတွင် ချက်ချင်းသိရသည့် အရာအားလုံးမှာ (သူ၏ အမည်ပေးပုံ အခြေခံသော)စိတ်အကြံများဖြစ်သည်ဟု ဆိုပြီး သူက ထိုသိမြင်နားလည်လိုက်သော စိတ်အကြံများမှလွဲ၍ အဆိုပါသစ်ပင်နှင့် ပတ်သက်သမျှ အခြားမည်သည့်အရာကိုမျှ အစစ်အမှန်ဟူ၍ ယူဆစရာ နောက်ခံအကြောင်း နည်းနည်းမျှ မရှိတော့ဟု ဆိုလိုက်သည်။ ဘာကလေက ဆက်ပြောသည်မှာ ၄င်းသစ်ပင်၏ အရှိတရားသည် ၄င်းအား သိရှိနားလည်ခံနေရခြင်းဖြစ်စဉ်တွင် ပါဝင်နေပြီးဖြစ်သည်ဟု ဆို၏။ လက်တင်ဘာသာဖြင့်ဆိုလျှင် ၄င်းသစ်ပင်၏ ‘esse’ သည်ပင်လျှင် ‘percipi’ ဖြစ်သည် ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ဘာကလေက လုံးလုံးလျားလျား ဝန်ခံသည်တခုမှာ အဆိုပါသစ်ပင်သည် ကျနော်တို့၏ မျက်လုံးများကို ပိတ်လိုက်သည်ဖြစ်စေ၊ သစ်ပင်၏ အနီးအနားတွင် မည်သူမျှမရှိသည် ဖြစ်စေ၊ သစ်ပင် ဆက်ရှိနေဦးမည်ဟူသော အချက်ဖြစ်သည်။ သို့သော် ထိုသို့ ဆက်ရှိနေခြင်းမှာ ဘုရားသခင်က အဆိုပါ သစ်ပင်အား သိမြင်နားလည်လိုက်ခြင်းဖြစ်စဉ် ဆက်ရှိနေသောကြောင့်သာ ဖြစ်သည်ဟု ဘာကလေက ဆို၏။ ဘာကလေအပြောအရ ကျနော်တို့က ရုပ်ဝတ္ထုဟုခေါ်သောအရာနှင့် အလားတူဖြစ်သော သစ်ပင် ‘အစစ်အမှန်’ဟူသည်မှာ ဘုရားသခင်စိတ်အတွင်းရှိ စိတ်အကြံများဖြင့်ဖွဲ့စည်းထားပြီး အဆိုပါ စိတ်အကြံများသည် ကျနော်တို့က သစ်ပင်ကို မြင်လိုက်သည့်အခါတွင် ရလာသော စိတ်အကြံများနှင့် အနည်းနှင့်အများ တူနေမည်ဖြစ်ပြီး မတူသည့်အချက်မှာ ဘုရားသခင်စိတ်အတွင်းမှ စိတ်အကြံများသည် (ကျနော်တို့၏ စိတ်အကြံများကဲ့သို့ ပျောက်မသွားနိုင်ပဲ) သစ်ပင်ရှိနေသမျှ ဆက်လက်ရှိနေမည်ဟုဆို၏။ ဘာကလေအလိုအရ ကျနော်တို့၏ သိမြင်နားလည်လိုက်မှုမှန်သမျှသည် ဘုရားသခင်၏ သိမြင်နားလည်လိုက်မှုဖြစ်စဉ်များအတွင်း တစိတ်တပိုင်းပါဝင်နေပြီး ထိုအတွက်ကြောင့်ပင်လျှင် လူအများသည် (အလင်းပြန်မှုနှင့် ရှုထောင့်တို့အရ မြင်ရပုံကွဲပြားနိုင်သော်လည်း) အနည်းနှင့်အများတူညီမှုရှိသော သစ်ပင်ကို မြင်ရခြင်းဖြစ်သည်ဟု ဆိုလေသည်။ ထို့ကြောင့် ဘာကလေ၏ အယူအဆအရဆိုလျှင် လောကတွင် စိတ်နှင့် ၄င်း၏ စိတ်အကြံများမှလွဲ၍ အခြားမည်သည့်အရာမျှမရှိပဲ သိနိုင်သမျှအရာမှန်သမျှမှာလည်း စိတ်အကြံသာလျှင် ဖြစ်သောကြောင့် အခြားမည်သည့်အရာကိုမျှလည်း သိနိုင်ခြင်းမရှိတော့ဟု ဆိုရမည်ဖြစ်သည်။

 

          ထိုဆွေးနွေးချက်များတွင် ယုတ္တိအမှားအတော်များများရှိနေပြီး ၄င်းအမှားများသည် အတွေးအခေါ်ပညာ၏ သမိုင်းကြောင်းတွင် အရေးကြီးခဲ့ကာ အဆိုပါအမှား ကိုယ်နှိုက်ကပင် အမှန်အား လမ်းပြပေးသည့် သဖွယ်လည်း ဖြစ်ခဲ့သည်။ ပထမဦးစွာဆိုရလျှင် စိတ်အကြံ(idea)ဟူသော စကားလုံးအား (ဘာကလေ၏ ကိုယ်ပိုင်အဓိပ္ပာယ်သတ်မှတ်မှုဖြင့်) အသုံးပြုမှုသည် ရှုပ်ထွေးမှုတခုကို ပေါ်စေသည့်အကြောင်းမှ စပြောရမည်ဖြစ်သည်။ ကျနော်တို့သည် စိတ်အကြံတခုဟူသည်မှာ တစုံတယောက်၏ စိတ်အတွင်းတွင်ရှိသော တစုံတရာဖြစ်သည်ဟု ယူဆရ၏။ ထို့ကြောင့် သစ်ပင်ဟူသည်မှာ စိတ်အကြံများဖြင့်သာလျှင် ဖွဲ့စည်းထားသည်ဟု ဆိုလာသည့်အခါတွင် အဆိုပါ သစ်ပင်တခုလုံးသည် စိတ်အတွင်းတွင် ရှိနေသည်ဟု ယူဆချင်စရာဖြစ်လာ၏။ သို့သော် ထိုသို့ စိတ်အတွင်းရှိနေသည်ဟု ဆိုခြင်းတွင်ပင်လျှင် မရေမရာဖြစ်နေသော သဘောရှိနေ၏။ ကျနော်တို့ လူတယောက်အကြောင်း ခေါင်းထဲထည့်ရသည်ဟု စကားအဖြစ် ပြောကြလျှင် ဆိုလိုသည့် အဓိပ္ပာယ်မှာ အဆိုလူသည် ကျနော်တို့စိတ်အတွင်းသို့ ရောက်လာသည်ကို မဆိုလိုပဲ အဆိုပါလူတယောက်နှင့်ဆိုင်သည့် အတွေးများ ကျနော်တို့ စိတ်အတွင်းရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။ လူတဦးတယောက်က သူ၏ စိတ်ထဲတွင် လုပ်စရာကိစ္စများ ရှင်းသွားသည်ဟု ပြောရာတွင် အဆိုပါ လုပ်စရာကိစ္စများသည် သူ၏ စိတ်အတွင်းတွင် ရှိနေခဲ့သည်ဟု မဆိုလိုပဲ အဆိုပါလုပ်စရာကိစ္စများနှင့် ပတ်သက်သော အတွေးများ သူ၏ စိတ်အတွင်းတွင် ရှိနေခဲ့ပြီး ယခုသူ၏ စိတ်အတွင်း ထိုအတွေးများ မရှိတော့သည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ဘာကလေက ကျနော်တို့သိနိုင်သော သစ်ပင်ဟူသည် ကျနော်တို့ စိတ်အတွင်းတွင်ပင် ရှိရမည်ဟု ပြောလာရာတွင် သူအများဆုံးပြောနိုင်သလောက်မှာ အဆိုပါသစ်ပင်နှင့် ပတ်သက်သော အတွေးများသည် ကျနော်တို့စိတ်တွင်း ရှိကိုရှိမည်ဟုသာ ဖြစ်သင့်သည်။ အဆိုပါသစ်ပင်ကိုယ်တိုင်သည် ကျနော်တို့စိတ်အတွင်းတွင် ရှိနေရမည်ဟု ဆိုခြင်းသည် လူတယောက်အကြောင်း ခေါင်းထဲထည့်ရသည်ဆိုခြင်းတွင် ထိုလူကိုယ်တိုင်ပင် မိမိစိတ်အတွင်းရောက်ကို ရောက်နေရမည်ဟု ဆိုခြင်းနှင့် တူနေတော့မည်။ ထိုသို့ ရှုပ်ထွေးမှုမျိုးသည် အရည်အချင်းရှိသော မည်သည့်အတွေးအခေါ်ပညာရှင်တယောာက်အတွက်မဆို အခိုင်အမာယူဆချင်စရာ မကောင်းလွန်းသော အနေအထားဖြစ်ကောင်းဖြစ်နေမည် ဆိုသော်လည်း အမျိုးမျိုးသော ထည့်တွက်နိုင်သည့် အခြေအနေများက ထိုသို့ ယူဆခြင်းကို လက်ခံနိုင်စေရန် အားပေးခဲ့၏။ ထိုသို့ ယူဆပုံမျိုး မည်သို့မည်ပုံဖြစ်နိုင်ကောင်းသည်ကို မြင်နိုင်ရန် စိတ်အကြံများ၏ သဘောသဘာဝနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ရန် လိုပေမည်။

 

          စိတ်အကြံများ၏ သဘာဝအား ယေဘုယျမေးခွန်းများထုတ်၍ မဆွေးနွေးမီ အာရုံခံစားမှုအချက်အလက်များ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပတ်သက်၍ ပေါ်ပေါက်လာသော မေးခွန်းနှစ်ခုကို လုံးဝသီးခြား ခွဲထုတ်ပစ်ရပါမည်။ ဘာကလေသည် ကျနော်တို့၏ ဆိုခဲ့သော သစ်ပင်အား အနည်းနှင့်အများ ပုဂ္ဂလဆန်သော(ကိုယ်တိုင်သာ သိနိုင်သော) သိမြင်နားလည်လိုက်မှုမျိုးတွင် ဖွဲ့စည်းပါဝင်နေသော အာရုံခံစားမှုအချက်အလက်များကို ကိုင်တွယ်ရာတွင် ထွေပြားသော အချက်အလက်အသေးစိတ်များအရ ဘာကလေမှန်ကန်ခဲ့ကြောင်း တွေ့ရပြီးဖြစ်သည်။ အနည်းနှင့်အများ ပုဂ္ဂလဆန်ခြင်းဟူသည်မှာ အာရုံခံစားမှုအချက်အလက်များသည် ကျနော်တို့အပေါ်တွင် တည်မှီနေသလောက်ပင် သစ်ပင်၏ တည်ရှိမှုအပေါ်တွင်လည်း တည်မှီနေပြီး သစ်ပင်အား သိမြင်နားလည်လိုက်ခြင်းဖြစ်စဉ်မရှိလျှင် အဆိုပါအာရုံခံစားမှုအချက်အလက်များလည်း ရှိမည်မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါဘာကလေ၏ မှန်ကန်မှုသည် ချက်ချင်းသိလိုက်နိုင်သော အရာမှန်သမျှသည် စိတ်အတွင်းတွင်သာလျှင်ရှိရမည်ဟူသော ဘာကလေ သက်သေပြလိုသော အချက်နှင့် လုံးဝကွဲပြား၏။ ထို့ကြောင့် အာရုံခံစားမှုအချက်အလက်များ၏ ကျနော်တို့အပေါ်တွင် မူတည်နေမှုနှင့် ပတ်သက်သော အသေးစိတ်များသည် ဘာကလေ၏ ဆိုခဲ့သော သက်သေပြလိုမှုအတွက် အသုံးမဝင်ပေ။ ဘာကလေ ယေဘုယျအားဖြင့် သက်သေပြရမည်မှာ သိခြင်းအားဖြင့် အရာဝတ္ထုများသည် စိတ်ပိုင်းဆိုင်ရာတခုခုဖြစ်ကြောင့် အရှုခံရမှုဖြစ်သည်။ ယခင်အခန်းများတွင် ဆွေးနွေးခဲ့သော မေးခွန်းဖြစ်သည့် အာရုံခံစားမှုအချက်အလက်များနှင့် ရုပ်ဝတ္ထုပစ္စည်းများ ကွဲပြားမှုနှင့် ဆိုင်သော အကြောင်းအရာများကို ထည့်စဉ်းစားရန်မဟုတ်ပဲ အထက်တွင် ပြောခဲ့သော ဘာကလေ သက်သေ ပြလိုသည့် အချက် ဟုတ်ကြောင်း၊ မဟုတ်ကြောင်းသည်သာလျှင် ကျနော်တို့ ယခုစဉ်းစားသင့်သော မေးခွန်းဖြစ်လာ၏။

 

          ဘာကလေဆိုလိုသည့် အဓိပ္ပာယ်ဖြင့် စိတ်အကြံ(idea)ဟူသော စကားလုံးကို စဉ်းစားရာတွင် စိတ်တွင် စိတ်အကြံဟူ၍ ပေါ်လာသည့်အခါတိုင်း ထည့်စဉ်းစားရမည့် သိသာထင်ရှားသော အရာနှစ်ခုရှိသည်။ ၄င်းတို့မှာ ကျနော်တို့ သိလိုက်သော အရာ(ဥပမာ-ကျနော့စားပွဲ၏ အရောင်)နှင့် ထိုသို့ စိတ်ပိုင်းဆိုင်ရာ သိလိုက်ခြင်းဖြစ်စဉ်တို့ပင်ဖြစ်သည်။ ထိုသို့ သိလိုက်ခြင်းဖြစ်စဉ်သည် စိတ်ပိုင်းဆိုင်ရာဖြစ်သည်ဟူသည့် အချက်မှာ သံသယဖြစ်စရာမလိုပါ။ သို့ရာတွင် အဆိုပါ သိမြင်နားလည်လိုက်ခြင်းခံရသော အရာသည် တနည်းနည်းဖြင့် စိတ်ပိုင်းဆိုင်ရာတခုခုဖြစ်သည်ဟု ယူဆချင်စရာ အကြောင်းပြချက်တခုခု ရှိနေသလော ဟူသည့် မေးခွန်းကို မေးရပါမည်။ ကျနော်တို့ ယခင်အခန်းများရှိ အရောင်နှင့်ပတ်သက်သော ဆွေးနွေးမှုများတွင် အရောင်သည် စိတ်ပိုင်းဆိုင်ရာသာဖြစ်သည်ဟု ယူဆရန်အကြောင်းမရှိပဲ ဆိုခဲ့သော စားပွဲနှင့်ပတ်သက်သည့် အခြေအနေတွင် ၄င်းအရောင်၏ တည်ရှိမှုမှာ ရုပ်ဝတ္ထုနှင့် ကျနော်တို့၏ အာရုံခံစားနိုင်သော အင်္ဂါများ(မျက်လုံး)အကြား ဆက်နွယ်မှုအပေါ်အတွင် မှီခိုနေကြောင်းကိုသာလျှင် သက်သေပြနေ၏။ ဆိုလိုသည်မှာ အရောင်တမျိုးမျိုးသည် အလင်းရောင်အခြေအနေတခုခုအောက်တွင် သာမန်မျက်လုံးဖြင့် စားပွဲအားမြင်နိုင်သော တနေရာရာမှ ကြည့်လျှင် ထိုအရောင်တမျိုးမျိုး ဖြစ်တည်လိမ့်မည်ဆိုသော အချက်ကိုမူ သက်သေပြနေသည်။ ၄င်းအခြေအနေက ထိုအရောင်သည် ကြည့်သူ၏ စိတ်အတွင်းတွင် ရှိမနေကြောင်း သက်သေပြနေ၏။

 

          ဘာကလေ၏ အမြင်ဖြစ်သော ထိုစားပွဲ၏ အရောင်ဟူသည် သိသိသာသာပင် စိတ်အတွင်းတွင် ရှိနေရမည်ဟူသော အမြင်၏ ယုတ္တိတန်မှုသည် သိမြင်နားလည်ခံရသော အရာနှင့် သိမြင်နားလည်လိုက်ခြင်း အပြုအမူအား လုံးထွေးလိုက်ခြင်းအပေါ်တွင် အခြေခံထားပုံရလေသည်။ ထိုနှစ်ခုစလုံးအား ဘာကလေက စိတ်အကြံဟူ၍ပင် ခေါ်ကောင်းခေါ်လိမ့်မည်ဖြစ်သည်။ သိမြင်နားလည်လိုက်ခြင်းအမှုသည် စိတ်တွင်းတွင်ရှိကြောင်း သံသယဖြစ်ရန်မလို။ ထို့ကြောင့် ကျနော်တို့ ထိုသို့ပြုမူလိုက်မှုနှင့် ပတ်သက်၍ စဉ်းစားကြရာတွင် အဆိုပါ စိတ်အကြံများသည် စိတ်အတွင်းတွင်ပင်ဖြစ်ရမည်ဟူသော အမြင်အား သဘောတူလိုက်ရန် အသင့်ဖြစ်နေကြ၏။ ထိုသို့ဆိုလျှင် အဆိုပါ စိတ်အကြံများအား သိမြင်နားလည်လိုက်ခြင်းဖြစ်စဉ်နှင့် ပတ်သက်လာမှသာလျှင် စိတ်အကြံများမှန်သမျှ စိတ်အတွင်းရှိနေသည်ဟူသော အယူအဆမှန်သည်ဟူသော အချက်ကို မေ့လျော့လိုက်ခြင်းအားဖြင့် ကျနော်တို့သည် ကျနော်တို့၏ သိမြင်နားလည်လိုက်ခြင်းခံရသောအရာများနှင့် ပတ်သက်၍ပါ အဆိုပါ စိတ်အကြံမှန်သမျှ စိတ်အတွင်းတွင်ရှိရမည်ဟူသော ယူဆချက်ကို ရွေ့ပြောင်းသွတ်သွင်းလာတော့သည်။ ထို့ကြောင့် ထိုသို့ မသိလိုက်ဘာသာ ဝေ့လည်လည်ဖြစ်သွားခြင်းအားဖြင့် ကျနော်တို့ သိမြင်နားလည်လိုက်သည့် အရာမှန်သမျှသည် ကျနော်တို့စိတ်အတွင်းတွင်ပင် ရှိရမည်ဟူ၍ နိဂုံးသတ်မိသွားတော့သည်။ ဤသို့ သုံးသပ်ခြင်းသည်ပင်လျှင် ဘာကလေ၏ ဆွေးနွေးချက်အား ခွဲခြမ်းစိတ်ခြာသုံးသပ်ခြင်း အစစ်အမှန်နှင့် ၄င်းအခြေခံထားသော အန္တိမ ယုတ္တိအမှား ဖြစ်ပုံရ၏။

 

          အဆိုပါ ပြုမူလိုက်မှုနှင့် ပြုမူခံလိုက်ရသော အရာများအကြား ခြားနားမှုနှင့် ပတ်သက်သော မေးခွန်းမှာ အလွန်အရေးကြီးပြီး အကြောင်းမှာ ကျနော်တို့၏ အသိပညာရယူနိုင်စွမ်းတခုလုံးနှင့် ပတ်သက်နေသောကြောင့်လည်းဖြစ်သည်။ ကိုယ်ကိုယ်နှိုက်ကိုသာမက အခြားဖြစ်သောအရာများကိုလည်း သိမြင်နိုင်စွမ်းသည် စိတ်၏ အဓိက ပင်ကိုလက္ခဏာဖြစ်သည်။ အရာဝတ္ထုများအား သိမြင်မှုတွင် စိတ်နှင့် စိတ်မဟုတ်သော အခြားအရာများ ဆက်နွယ်မှုတခု မရှိမဖြစ်ပါဝင်နေပြီး ၄င်းသည်ပင်လျှင် စိတ်၏ အရာဝတ္ထုများအား သိနိုင်စွမ်းကို ဖွဲ့စည်းထား၏။ အကယ်၍ သိလာရသော အရာများသည် စိတ်အတွင်း၌ပင် ရှိနေရမည်ဟု ဆိုပါက ကျနော်တို့သည် စိတ်၏ သိနိုင်သော စွမ်းအားကို လွန်လွန်ကျွံကျွံ ကန့်သတ်ပစ်ရာကျနေမည်။ သို့မဟုတ်ပါကလည်း ကျနော်တို့ မလိုအပ်ပဲ စကားပရိယာယ်များနေခြင်းမျှသာ ဖြစ်နေပေလိမ့်မည်။ စိတ်အတွင်းတွင် ရှိနေသည်ဟု ဆိုခြင်းနှင့် စိတ်၏ ‘ရှေ့မှောက်’တွင် ဖြစ်လာခြင်းကို အတူတူဟု မှတ်ယူမည်ဆိုလျှင် – ဆိုလိုသည်မှာ စိတ်၏ သိမြင်နားလည်လိုက်ခြင်းကိုသာလျှင် ဆိုလို(ပြီး စိတ်နှင့် အသိခံအရာမခွဲခြားပဲနေ)သည်ဆိုလျှင် ကျနော်တို့ မလိုအပ်ပဲ စကားပရိယာယ်များနေခြင်းသာ ဖြစ်ပေမည်။ သို့သော် ကျနော်တို့ ထိုသို့ဆိုလျှင်တောင်မှ ထို(ဆွေးနွေးလာချက်အရ)စိတ်အတွင်းရှိနေသည်ဆိုသော အရာသည် စိတ်ပိုင်းဆိုင်ရာတခုခု လုံးဝမဟုတ်ပဲလဲ ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ကျနော်တို့ သည် အသိပညာ၏ သဘာဝကို သဘောပေါက်လာရာတွင် ဘာကလေ၏ ဆွေးနွေးပုံသည် ဖွဲ့စည်းပုံအရရော၊ အနှစ်သာရအရပါ မှားယွင်းနေသည်ကို တွေ့ရပြီး သူ၏ ‘သိမြင်နားလည်ခြင်းခံရသော အရာမျာဖြစ်သော စိတ်အကြံများသည် စိတ်ပိုင်းဆိုင်ရာသာဖြစ်သည်’ ဟူသော ယူဆချက်အတွက် နောက်ခံစဉ်းစားမှုများမှာလည်း မည်သို့မျှ ကျိုးကြောင်းညီညွတ်ခြင်း မရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်အသိအခြေပြုဝါဒအား မျက်နှာသာပေးမည့် နောက်ခံစဉ်းစားချက်များအား ထည့်စဉ်းစားခြင်း မပြုပဲ နေကောင်းနေနိုင်မည်ဖြစ်လေသည်။ ထိုသို့ စိတ်အသိအခြေပြုဝါဒအား မျက်နှာသာပေးမည့် အခြားနောက်ခံစဉ်းစားချက်များ ရှိမရှိကိုမူ ဆက်ကြည့်ရန် လိုပေဦးမည်။

 

          ကျနော်တို့မသိသေးသော ရှိနေသည့်အရာမှန်သမျှကို ကျနော်တို့ သိရန်မဖြစ်နိုင်ဟူ၍ အဆန်းမဟုတ်သော သိသာနေပြီးဖြစ်သည့် အဆိုအဖြစ် ပြောလေ့ရှိကြ၏။ ၄င်းမှတဆင့် ကောက်ချက်ချနိုင်သည်မှာ ကျနော်တို့၏အတွေ့အကြုံဖြင့် ဆီလျော်ဆက်စပ်နိုင်သော အရာမှန်သမျှသည် အနည်းဆုံးအနေဖြင့် ကျနော်တို့သိရှိနိုင်စွမ်းရှိသော အရာများဖြစ်ရမည်ပင်။ ယခင်ပြောဆိုခဲ့သည်များမှ ကောက်ချက်ချရလျှင်လည်း အကယ်၍ ရုပ်ဝတ္ထုဟူသည် အခြေခံအားဖြင့်ပင် ကျနော်တို့ (တိုက်ရိုက်)သိလာနိုင်ခြင်းမရှိသော အရာ ဖြစ်နေသည်ဆိုလျှင် အဆိုပါ ရုပ်ဝတ္ထုတည်ရှိနေကြောင်း ကျနော်တို့ သိရှိနိုင်လိမ့်မည်မဟုတ်သလို ကျနော်တို့အတွက် (ထည့်သွင်းစဉ်းစားစရာ) အရေးပါသောအရာအဖြစ် မည်သို့မျှကောက်ယူစရာလိုတော့ပါ။ ထိုသို့ ယူဆချက်၏ နောက်ထပ် ယေဘုယျသွယ်ဝိုက်ပြောဆိုနေသည့် အချက်မှာ အကြောင်းပြချက်များ မထင်ရှားမှုကြောင့် ကျနော်တို့အတွက် အရေးပါသော အရာမဟုတ်သည်တခုသည် အစစ်အမှန်မဟုတ်နိုင်ဟူသည့် အချက်ဖြစ်ပြီး ထို ရုပ်ဝတ္ထုဟူသည့်အရာသည် စိတ်များသို့မဟုတ် စိတ်အတွေးအကြံများဖြင့် ဖွဲ့စည်းထားသော အရာသာ မဟုတ်ဟုဆိုလျှင် ၄င်းသည် မဖြစ်နိုင်သော ပေါက်ကရစိတ်ကူးတခုသာလျှင် ဖြစ်နေတော့မည်။

 

          ယခုဆွေးနွေးချက်များအား ကျနော်တို့ လက်ရှိရောက်နေသည့်အဆင့်တွင် ထဲထဲဝင်ဝင် ပြည့်ပြည်စုံစုံဆွေးနွေးရန်မူကား ကနဦးတွင်ပင် စဉ်းစဉ်းစားစားဆွေးနွေးရမည့် အချက်များလိုအပ်နေကြောင်း ပြဆိုနေသောကြောင့် ထိုသို့ဆွေးနွေးရန် မဖြစ်နိုင်ပေ။ သို့ရာတွင် အဆိုပါ ဆွေးနွေးချက်များကို ငြင်းဆိုရန်အတွက် အကြောင်းပြချက်တချို့ကိုမူ ချက်ချင်းသတိပြုကောင်း ပြုမိနိုင်၏။ အဆုံးနိဂုံးမှ စပြောရလျှင် ကျနော်တို့အတွက် မည့်သည့် ‘လက်တွေ့ကျသော’အရေးပါမှုမျိုး မရှိနိုင်သည့်အရာသည် အစစ်အမှန်မဖြစ်နိုင်ဟု ယူဆရန် အကြောင်းမရှိဟု ဆိုနိုင်၏။ ဆိုလိုသည်မှာ အကယ်၍ ‘သဘောတရားရေးရာ’အရေးပါမှုမျိုး ပါဝင်သည်ဆိုပါက လောက၏ အမှန်တရားကို သိလိုသော ဆန္ဒရှိသူများအတွက် လောကတွင်ရှိနေသော အရာတိုင်းအား စိတ်ဝင်စားမှုတခုခုရှိနေမည်မှာ အမှန်ပင်ဖြစ်သောကြောင့် စစ်မှန်သော အရာတိုင်းသည် ကျနော်တို့အတွက် အရေးပါမှုတခုခုရှိနေမည်ဖြစ်သည်။ ထိုသို့ဆိုပါက ကျနော်တို့ ရေရာစွာမသိနိုင်သော်လည်း ရုပ်ဝတ္ထုဟူ၍ တည်ရှိနေကြောင်းမှန်လျှင် ရုပ်ဝတ္ထုသည် ကျနော်တို့အတွက် အရေးပါ မပါဟူသော ကိစ္စမှာ အကြောင်းလုပ်စရာ မဟုတ်တော့ပေ။ ရုပ်ဝတ္ထုရှိမရှိဟူသည်မှာ ကျနော်တို့၏ အသိပညာနှင့်ဆိုင်သော လိုအင်များနှင့် ဆက်စပ်နေပြီး ထိုလိုအင်အား ဖြည့်ဆည်းစေရေး၊ သို့မဟုတ် ပယ်ဖျက်တားဆီးစေရေးအတွက် စဉ်းစားရန်လိုသော အရေးပါမှုကြောင့် ကျနော်တို့သည် ထိုရုပ်ဝတ္ထု ရှိမရှိဆိုသည်ကို သေချာပေါက်ပင် သံသယထား စဉ်းစားကြည့်နိုင်သည်။

 

          ရှင်းအောင်ထပ်ပြောရလျှင် ကျနော်တို့ မသိသော ရှိနေသမျှအားလုံးတို့အား သိရန် မဖြစ်နိုင်ဟု ဆိုခြင်းသည် မည်သို့မဆို ပြောနေစရာမလိုသော အမှန်တရားတခု မဟုတ်ရုံသာမက မှားပင် မှားယွင်းနေသော အချက်ပင် ဖြစ်ပေသည်။ ယခုအဆိုတွင် ‘သိသည်’(know)ဟူသော စကားလုံးအား အဓိပ္ပာယ်ဖွင့်ပုံ နှစ်မျိုးဖြင့် သုံးထားခြင်းဖြစ်သည်။ (၁)ပထမတခုဖြစ်သော ‘သိရန်မဖြစ်နိုင်’ ဟူသော စကားစုတွင် သုံးထားသော ‘သိသည်’ ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အမှားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ကျနော်တို့၏ ယုံကြည်ခံယူချက်များအရလည်း သက်ဆိုင်နေသည့် ကျနော်တို့က စစ်မှန်သည်ဟု သိထားသော ဆုံးဖြတ်ချက်များဟုလည်း ခေါ်ဆိုနိုင်မည့် သိခြင်းမျိုးကို ဆိုလိုသည်။ (၂)ဒုတိယတခုဖြစ်သော ‘ကျနော်တို့ မသိသော ရှိနေသမျှ’ ဟူသော စကားစုတွင် သုံးထားသည့် ‘သိသည်’ ဟူသော စကားလုံး၏ ‘သိသည်’ ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာမူ ကျနော်တို့က သိရှိနားလည်လိုက်ခြင်းများ(acquaintance)ဟု ခေါ်ဆိုမည်ဖြစ်သော ကျနော်တို့၏ အရာဝတ္ထုများနှင့်ပတ်သက်သော အသိကို ဆိုလိုသည်။ ဆိုလိုသည်မှာ ကျနော်တို့က ကျနော်တို့၏ အာရုံခံစားမှုအချက်အလက်များကို သိရှိလိုက်ပုံမျိုးကို ဆိုလိုသည်။ (ထိုသို့ခွဲခြားပြောဆိုမှုတွင် ပြင်သစ်တွင် savoir နှင့် Connaître တို့၏ ကွဲပြားပုံမျိုး သို့မဟုတ် ဂျာမန်ဘာသာစကားအရ wisen နှင့် kennen တို့ကွဲပြားပုံမျိုးတို့၏ ပုံစံများ အကြမ်းဖျင်းပါဝင်နေသည်ဟု ဆိုနိုင်၏။)

 

          ထို့ကြောင့် ကနဦးတွင် ပြောနေစရာမလိုသော အမှန်တရားတခုပုံပေါက်နေသော ၄င်းအဆိုအား အထက်ပါ အဓိပ္ပာယ်ခွဲခြားမှုမျိုးဖြင့် ပြန်လည် ဖော်ပြကြည့်သည့်အခါတွင် – “ကျနော်တို့ သိရှိနားလည်ထားခြင်းမရှိသော တည်ရှိနေသည့် အရာတခုအား ကျနော်တို့ မည်သည့်အခါမျှ ဆုံးဆုံးဖြတ်ဖြတ် သတ်မှတ်ခြင်း တခု မပြုနိုင်” ဟူ၍ ဖြစ်သွား၏။ ၄င်းသည် မည်သို့မဆို ပြောနေစရာမလိုသော အမှန်တရားတခု မဟုတ်ရုံသာမက ထိုသို့ ပြောဆိုခြင်းနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သော သိသိသာသာမှားယွင်းမှုတခုပင် ဖြစ်သွား၏။ ဥပမာ ကျနော်သည် တရုပ်ဘုရင်ကြီးနှင့် မတွေ့ဖူးသော်လည်း သူရှိသည်ဟု ကျနော် (သေချာ)ဆုံးဖြတ်၏။ ထိုသို့ ဆုံးဖြတ်ရသည်မှာ အခြားသူများက တရုတ်ဘုရင်ကြီးနှင့် တွေ့ဖူးသောကြောင့်ဟူသော အချက်ကို အခြေခံခြင်း ဖြစ်ကောင်းဖြစ်နေမည်။ မည်သို့ပင်ဆိုစေ ဆိုခဲ့သော အဆိုပြုချက်၏ အခြေခံမူ ခိုင်မာသည်ဆိုလျှင် အခြားသူများ၏ ဘုရင်ကြီးနှင့် တွေ့ခဲ့ခြင်းကို ကျနော် (သေသေချာချာ)သိရှိဆုံးဖြတ်နိုင်ရန် မဖြစ်နိုင်သောကြောင့် ထိုသို့ ဆင်ခြေပေးခြင်းမျိုးသည် မဆီလျော်သော ခွန်းတုံ့ပြန်မှုမျိုးသာလျှင် ဖြစ်နေပေမည်။ ထပ်မံ ချဲ့ထွင်ရမည် ဆိုကပါ ဆိုခဲ့သော အဆိုပြုချက်၏ အခြေခံမူ ခိုင်မာသည်ဆိုလျှင် မည်သူမျှ သိရှိနားလည်ခြင်းမရှိသော တစုံတရာ၏ တည်ရှိမှုအား ဘာ့ကြောင့် မသိနိုင်ကောင်းသနည်း ဟူသော မေးခွန်းအတွက်လည်း အကြောင်းပြစရာမရှိပေ။ ဤအချက်သည် အရေးကြီးပြီး ထပ်မံရှင်းလင်းရန်လည်း လိုအပ်နေ၏။

 

အကယ်၍ ကျနော်သည် တည်ရှိနေသော အရာတခုအား သိရှိလိုက်သည် ဆိုပါက ကျနော်၏ သိရှိမှုသည် ၄င်း တည်ရှိနေသော အရာနှင့် ပတ်သက်သော အသိပညာအား ကျနော့ကို ပေးမည်ဖြစ်သည်။ သို့သော် တစုံတရာ၏ တည်ရှိမှုကို သိနိုင်သည့် အခါတိုင်းတွင် ထိုတစုံတရာသည် ကျနော် သို့မဟုတ် တစုံတယောက်၏ သိရှိခြင်းကို ခံရသောကြောင့် ဖြစ်ကိုဖြစ်မည်ဟု ပြောင်းပြန်ယူဆလျှင်မူ မမှန်ကန်ပါ။ သိရှိတွေ့ဆုံလိုက်ခြင်းမရှိပဲ မှန်ကန်သော ဆုံးဖြတ်မှုကို ရသည့်အခါတွင် ထိုသို့(မှန်မှန်ကန်ကန် ဆုံးဖြတ်မှု)ပြုနိုင်သည်မှာ ထိုအရာအား “ဖော်ပြမှု”အားဖြင့် သိရှိရသောကြောင့်ဖြစ်ပြီး ထိုအရာ၏ ဖြစ်တည်နေမှုကို ပြဆိုနေသော ဖော်ပြမှုကို မိမိကိုယ်တိုင်ကိုယ်ကျ သိရှိလိုက်သော အခြားတစုံတရာ၏ ဖြစ်တည်မှုမှနေ၍ ယေဘုယျကျသော (အသိပညာနှင့်ပတ်သက်သည့်) အခြေခံမူတချို့ကို အရင်းပြုပြီး ကောက်ချက်ချခြင်းအားဖြင့် (ကိုယ်တိုင်သိရှိတွေ့ဆုံခြင်းမရှိပဲ) ထို(ဖော်ပြမှုဖြင့် သိလာသော)အရာနှင့် ပတ်သက်သော အသိကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဖြစ်လေသည်။ ထိုအချက်ကို ပြည့်ပြည့်စုံစုံနားလည်ရန် အတွက် ပထမဦးစွာ တွေ့ကြုံသိမှု(acquaintance)မှရသော အသိနှင့် ဖော်ပြမှု(description)မှရသော အသိတို့၏ ကွဲပြားမှုကို ကိုင်တွယ်ရန် လိုအပ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင်မှ အသိပညာနှင့် ပတ်သက်သော အခြေခံမူများသည် ရှိသည်ဆိုလျှင် မည်သည့်မူများက ကျနော်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများ တည်ရှိမှုမှ ရလာသော အသိနှင့် မည်မျှလောက် တူညီသော သေချာမှုရှိစေသည်ကို ဆက်လက်စဉ်းစားကြပါမည်။ အဆိုပါ အကြောင်းအရာများအား နောက်လာမည့် အခန်းများတွင် ဆက်လက် ကိုယ်တွယ်ဆွေးနွေးသွားမည်။

Advertisements

Leaving a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s