နိုင်ငံရေးအပြောင်းအလဲ၏ဖြစ်နိုင်ဖွယ်ဂယက်ရိုက်မှုနှင့် နောက်ဆက်တွဲများ (နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၃)


နိုင်ငံတနိုင်ငံ၏နိုင်ငံရေးအခြေအနေဟူသည် စနစ်ကောင်းတခုဖြင့်အုပ်ချုပ်သည်ဖြစ်စေ၊ စနစ်ဆိုးဖြင့်တဖက်သတ်ကြီးစိုးအုပ်ချုပ်သည်ဖြစ်စေ အဆိုပါနိုင်ငံ၏ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် စနစ်၏အကောင်းအဆိုးထက် ထိုနိုင်ငံ၏ နိုင်ငံတွင်းပြဿနာပဋိပက္ခအခြေအနေများ၊ နိုင်ငံသားများ၏ အစိုးရ၏ စနစ်ကောင်းလျှင်လည်းကောင်းသလို လိုက်လျောညီထွေသွားလာနေထိုင်နိုင်မှု၊ အစိုးရ၏စနစ်က နိုင်ငံသားများ၏ယဉ်ကျေးမှုထုံးစံများနှင့်အလှမ်းကွာမှု/မကွာမှု၊ စနစ်က တဖက်သတ်စိုးမိုးအုပ်ချုပ်တတ်သည့်စနစ်မျိုးဖြစ်သည်ဆိုလျှင်လည်း ပညာရေးရေချိန်အပေါ်တွင်မူတည်၍ ထိုစနစ်ဆိုးအား ဆန့်ကျင်တွန်းလှန်ရမည်ဟူသောအသိပြင်းထန်မှုနှင့် အခြားတဖက်စွန်းအနေဖြင့်လည်း ပညာရေးအဆင့်အတန်းနိမ့်ကျမှုနှင့်တကွ အခြားအခြားသောအကြောင်းအရာများကြောင့် စနစ်ဆိုးအားတွန်းလှန်ရန် သတိမရနိုင်တော့ခြင်းနှင့်လက်လျော့ထားရခြင်းများ စသည်တို့အပေါ်တွင်မူတည်ပြီး နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအတက်အကျဖြစ်လာသည်ဟု ဆိုချင်ပါသည်။ ဆိုခဲ့သည့်အတိုင်း နိုင်ငံရေးတည်ငြိမ်မှုဆိုသည်မှာ စနစ်ကောင်း၊မကောင်းဆိုသည်ထက် ထိုနိုင်ငံအတွင်း အခြေအနေအရပ်ရပ်နှင့် နိုင်ငံသားတို့၏အစိုးရအပေါ်တွင်ထားသော သဘောထားအပေါ်တွင်မူတည်သည်နှင့်အတူ ထိုနိုင်ငံအတွင်းရှိနိုင်ငံရေးစနစ်နှင့် အခြေအနေများ ကွဲကွဲပြားပြားပြောင်းလဲမှုတခုခုဖြစ်ပေါ်ပုံတွင် မူတည်၍လည်း နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင် လှုပ်ခတ်မှုရှိလာစေနိုင်သည်။

ဖွံ့ဖြိုးပြီးနှင့် ဒီမိုကရေစီရှိပြီးဖြစ်သည်ဟု ယူဆထားကြသော အနောက်ကမ္ဘာမှ နိုင်ငံကြီးများတွင်ပင် စီးပွားရေးကျဆင်းမှုများနှင့် အကြမ်းဖက်ဝါဒအပေါ်တွင် အစိုးရိမ်လွန်စွာဖြင့် တားဆီးလိုမှုများကြောင့် ယခင်နိုင်ငံသားများအသားကျပြီးဖြစ်သော နိုင်ငံရေးစနစ်အတွင်းမှ ပုံမှန်ရရှိနေသော နိုင်ငံသားခံစားခွင့်နှင့်အခွင့်အရေးများကို လျှော့ချကြခြင်းဖြင့် နိုင်ငံရေးပြောင်းလဲမှုများပြုလုပ်လာကြရာ ခံစားခွင့်များလျှော့ချခြင်းခံရသော လူတန်းစားအသီးသီးမှ လူအများသည် လက်ရှိအစိုးရများကို ဆန့်ကျင်ဆန္ဒပြကြခြင်းအားဖြင့် ထိုနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အတော်အတန်လှုပ်ခပ်စေခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်းတွင်မူ ရှိရင်းစွဲ ချို့ယွင်းနေသောစနစ် သို့မဟုတ် အာဏာရှင်ဆန်သောစနစ်တို့မှ ဒီမိုကရေစီပုံသဏ္ဍန်ကူးပြောင်းနိုင်ရေးအတွက်ကိုပင် ကြိုးပမ်းနေရဆဲဖြစ်ရာ မရခင်ကပင်ခံစားခွင့်နှင့်အခွင့်အရေးများကိုဈေးလျှော့ထား၍ မဖြစ်သည်နှင့်အတူ ဆန့်ကျင်ဘက်လိုဖြစ်နေသောစနစ်တခုမှတခုသို့ ပြောင်းပြန်လှန်သကဲ့သို့ပြုလုပ်ရသော ပြောင်းလဲမှုများအတွင်း ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေး မတည်ငြိမ်မှုများမှာမူ ပိုမိုအရှိန်ပြင်းထန်မည်ဖြစ်သည်။ ထိုအချက်ကို အသိသာဆုံးမြင်ရသောနိုင်ငံအချိုမှာ အမေရိကန်ပြည်ထောင်စုဦးဆောင်သော နိုင်ငံတကာတပ်များဦးဆောင်သိမ်းပိုက်ပြီး ဒီမိုကရေစီစနစ်အား တမဟုတ်ချင်းကျင့်သုံးဆောင်ရွက်ခွင့်ရခဲ့ကြသော အီရတ်နှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ပင်ဖြစ်ကြသည်။ သို့သော်လည်း အထက်တွင်ဆိုခဲ့သည့်အတိုင်း စနစ်ကောင်းမကောင်းဟူသည်မှာ နိုင်ငံရေးတည်ငြိမ်မှုကို အဓိကအားပေးရာအခြေအနေပေးသောအရာ မဟုတ်သည်နှင့်အတူ ရှိရင်းဆွဲပြဿနာများနှင့် ပဋိပက္ခများကလည်း ယခင်အာဏာရှင်စနစ်အောက်တွင် ချုပ်တီးအောက်အီးနေခဲ့ကြရာမှ ဒီမိုကရေစီအခွင့်အရေးများကြောင့် တွန်းကန်ထွက်လာကြသလိုရှိကြရာ “ယခင်ဆက်ဒမ်လက်ထက်တုန်းကမှ လမ်းထွက်ပြီး ဈေးဝယ်နိုင်သေးတယ်၊ အခုတော့ အိမ်ပြင်ထွက်ဖို့ကိုပဲ လန့်နေရတယ်” ဟုဆိုလာသူ အီရတ်ပြည်သူများလည်းရှိလာခဲ့လေသည်။ ဤနေရာတွင်ဆိုလိုသည်မှာစနစ်ဆိုးများအတွင်းဖိနှိပ်ခံနိုင်ငံသားများအတွက် နိုင်ငံရေးအပြောင်းအလဲဟူသည်မှာ နိုင်ငံရေးမတည်ငြိမ်မှု အများအပြားဖြစ်ပေါ်လာစေနိုင်သောကြောင့်နေ့စဉ်ဘဝလောက်တော့ လုံခြုံမှုရနေသေးသော အဖိနှိပ်ခံဘဝကိုရွေးချယ်သင့်သောဟူသော အာဏာရှင်အကြိုက် တွေးခေါ်ပုံမျိုးထားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံရေးအပြောင်းအလဲတိုင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ မကျေနပ်မှုများပိုမိုထင်ရှားစွာထွက်ပေါ်လာတတ်သည်ကိုပြောလိုရင်းဖြစ်ပါသည်။ နိုင်ငံရေးမတည်ငြိမ်မှုများကြီးထွားလာသည့်နှင့်အမျှ ဆူပူလှုပ်ရှားမှုများလည်းရှိလာနိုင်သည်။

အပြောင်အလဲနည်းပါးပြီး ပုံမှန်ဖိနှိပ်နေမြဲဖြစ်သော အာဏာရှင်အစိုးရလက်အောက်တွင်နေထိုင်ကြရသောသူများသည် အချိန်ကြာလာသည့်အခါနေမြဲအတိုင်းဖြစ်လာပြီး အာဏာရှင်များထံမှလည်းဘာမှအသေအချာမျှော်လင့်နေမည်မဟုတ်ပဲ လှုပ်လှုပ်ရှားရှားဖြစ်နေရန် ဆန္ဒလျော့နည်းမည်ဖြစ်သလို ဖွံ့ဖြိုးပြီး ဒီမိုကရေစီစံနှုန်းများ အနည်းနှင့်အများအထိုင်ကျပြီးဖြစ်သော နိုင်ငံများတွင်လည်း ပုံမှန်အားဖြင့် အစိုးရက ရှိရင်းစွဲမူဝါဒတခုခုကို ဂငယ်ကွေ့ ကွေ့လောက်သည်အထိ မလုပ်မချင်း နိုင်ငံရေးတည်ငြိမ်မှုအထိုက်အလျောက်ရှိနေမည်ဖြစ်သည်။ ယခင်နိုင်ငံရေးစနစ်ဟောင်းတခုခုမှ ဒီမိုကရေစီပုံစံအဖြစ်ပြုပြင်ပြောင်းလဲရေးကို အကြောင်းအမျိုးမျိုးကြောင့်ပြုလုပ်လာရသည့်အခါတွင်မူ ယခင်စနစ်ဟောင်းအတွင်း သမရိုးကျ(အဖိအနှိပ်ခံ)အဖြစ်နေထိုင်အသားကျလာခဲ့ကြသောသူများသည် နိုင်ငံရေးအခြေအနေအလိုက် အကောင်းဘက်သို့ဖြစ်စေ၊ အဆိုးဘက်သို့ဖြစ်စေပြောင်းလဲလာနေသော စီးပွားရေး၊ လူမှုဘဝနေထိုင်မှု၊ နိုင်ငံရေးစနစ်နှင့် အခြားလူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာ လွတ်လပ်သောသဘောထားများနှင့် ရင်ဆိုင်လာကြရသောအခါတွင် သူတို့အသီးသီးအတွက် အကောင်းဘက်သို့ဦးတည်စေသော အပြောင်းအလဲပင်ဖြစ်မည်လောဟု မျှော်လင့်ကြသည်များရှိသလို ပိုဆိုးလာနိုင်သောအခြေအနေများရှိမည်လောဟူသော စိုးရိမ်ပူပန်မှုများ၊ စိတ်ရှုပ်ထွေးမှုများလည်းရှိလာနိုင်သည်။

လူအများအား အဓိကလှုပ်ခတ်စေသော အပြောင်းအလဲမှာ စီးပွားရေးမူဝါဒဆိုင်ရာအပြောင်းအလဲပင်ဖြစ်သည်။ဥပမာပြောရလျှင် ယခင် ဒီမိုကရေစီနည်းလည်းမကျ၊ အာဏာရှိအသိုင်းအဝိုင်းသက်သက်သာ အများဆုံးအကျိုးခံစားခွင့်ယူထားသော စီးပွားရေးစနစ်တခုရှိစေစဉ်က သာမန်လူအများစုတွင် ထူးထူးခြားခြားသူတို့အတွက်ကောင်းလာစေရန် မျှော်လင့်ချက်မရှိသလောက်ဖြစ်နေမည်ဖြစ်သော်လည်း ခေတ်အခြေအနေနှင့် အစိုးရ၏ နိုင်ငံတကာနိုင်ငံရေးကစားမှုများအရ အလုံးစုံလက်ဝါးကြီးအုပ်၍မထားတော့ပဲ လက်ဝေခံများမွေးမြူလာသော ကပ်ဖားရပ်ဖားအရင်းရှင်စနစ်ကို အားပိုကောင်းအောင်လုပ်လာသောအခြေအနေတွင် အစိုးရဝါဒဖြန့်မှုများကြောင့် စီးပွားရေးတိုးတက်လာသည်ဟုသာထင်ကြသော သာမန်လူတန်းစားများမှာ သူတို့အတွက်လည်းကောင်းလာနိုင်သည်ဟူသော မျှော်လင့်ချက်များထားလာကြသည်။ ထိုသို့မျှော်လင့်ချက်များထားလာပုံမှာ ဟန်ပြနိုင်ငံရေးပြုပြင်မှုများပြုလုပ်နေသော နိုင်ငံများတွင်သာမက အမှန်တကန်ပြောင်းလဲရန် အစပျိုးလာသော နိုင်ငံများတွင်ပါ တွေ့ရနိုင်ပြီး အကြောင်းရင်းကို ရိုးရိုးစဉ်းစားကြည့်လျှင် လူ့အသိုင်းအဝိုင်းတခုအတွင်း သိသိသာသာပြောဆိုလာကြသော နိုင်ငံရေးအပြောင်းအလဲများအတွင်း ရှိရင်းစွဲအခြေအနေများမှ ပိုကောင်းလာနိုင်သည်များကို ထိုလူ့အသိုင်းအဝိုင်းအတွင်းရှိ လူတိုင်းလိုလိုမျှော်လင့်ကြမည်ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင်မူ ခေတ်၏ နေရာကွက်ကွက်လေးများသာ ပြောင်းလဲသောအခြေအနေတွင် တိုးတက်ကြီးပွားသွားသူအချို့ကိုကြည့်၍ မိမိတို့ကတော့ နဂိုအတိုင်းကျန်နေခဲ့သည်ဟု ခံစားရသူများများလာသောအခါတွင်မူ ယခင်တသမတ်တည်းဖိနှိပ်ခံနေရစဉ်ကထက်ကြီးမားသော မကျေနပ်မှုများ တိုးပွားလာတော့သည်။ ထိုသို့မကျေနပ်မှုများတိုးပွားလာခြင်းတွင် အောက်ဆုံးအဆင့်တွင်ရှိသော နင်းပြားများထက် ခေတ်စနစ်၏ပြောင်းလဲမှုကို အနည်းအကျဉ်းခံစားခွင့်ရနိုင်သသော လူလတ်တန်းစားနှင့် အဆိုပါအောက်ဆုံးနင်းပြားတို့၏ကြားရှိလူတန်းစားများတွင် မကျေနပ်မှုက ပို၍ကြီးထွားလေ့ရှိသည်။ အကြောင်းရင်းမှာ အဓိကအားဖြင့် မကျေနပ်မှုဖြစ်ပေါ်လာရသည့်အကြောင်းအရင်းသည် တိုးတက်မှုကိုမျှော်လင့်ခွင့်အနည်းငယ်ရှိနေသောလူများထံမှသာ လာနိုင်သောကြောင့်ဖြစ်သည်။ အလွန်ဆင်းရဲသူများဆိုလျှင်မူ တနေ့စားရရေးကိုပင် ရုန်းကန်နေရသောကြောင့် အစိုးရအားတော်လှန်ပုန်ကန်နိုင်ရန် အခွင့်အရေးနည်းပါးမည်ဖြစ်သည်ဟုလည်းဆိုကြသည်။ နိုင်ငံရေးစနစ်ပြောင်းချိန်တွင် ထိုသို့ပြောင်းလဲမှုကြောင့် အလွန်ဆင်းရဲသည့်အနေအထားမှ အတန်ငယ်ဝမ်းဝဗိုက်ပြည့်လာပြီး ခေါင်းမော့ကြည့်ရန်သတိရလာကြပြီး ပတ်ဝန်းကျင်ကိုမျှော်ကြည့်လာကြရာတွင် အချို့သူများက မိမိအခြေအနေကောင်းသည်ထက် အဆပေါင်းများစွာ တိုးတက်ကြီးပွားလာသည်ကိုမြင်ရသောအခါ အဆိုပါလူတန်းစား၏မကျေနပ်မှုမျိုးမှာ အမြင့်ဆုံးသို့ရောက်တော့သည်။ အထက်တွင်ပြောခဲ့သလို နိုင်ငံရေးစနစ်ပြောင်းလဲမှုတွင် အဓိကအကျဆုံးပါဝင်နိုင်သောပြောင်းလဲမှုမှာ စီးပွားရေးစနစ်ပြောင်းလဲမှုဖြစ်ပြီး ထိုပြောင်းလဲမှုသည် နိုင်ငံသားအားလုံးကိုရည်ရွယ်သောအပြောင်းအလဲမဟုတ်ခြင်း သို့မဟုတ် နိုင်ငံသားအများစုမခံစားရသောအပြောင်းအလဲသာဖြစ်ခြင်းဖြစ်နေလျှင် လူအများက အစိုးရအားတော်လှန်ပုန်ကန်လာရန် ယခင်ကထက် သတ္တိပိုကောင်းလာမည်ဖြစ်သည်။ အဆိုပါကောက်ချက်တို့မှာ ပြင်သစ်လူမှုရေးသိပ္ပံပညာရှင် အလက်စီဒီတော့က်ဗီးလ်(Alexis de Tocqueville)က ပြင်သစ်ဘုရင် လူဝီ(၁၆)လက်ထက်သည် ပြင်သစ်နိုင်ငံတွင် အကြွယ်ဝဆုံးအချိန်တခုဖြစ်ခဲ့သော်လည်း ပြင်သစ်တော်လှန်ရေးကြီးဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းများအနက် အရေးပါသောသုံးသပ်ချက်များကို ပြုလုပ်ရာမှရရှိသော ကောက်ချက်များဖြစ်သည်။ သမိုင်းနှင့် တော်လှန်ရေးများကိုလေ့လာသူအမေရိကန်ပညာရှင် ခရိန်းဘရင်တွန်(Crane Brinton)ကလည်း ထိုသို့ တိုးတက်မှုအကျိုးကို မခံစားရသော လူတန်းစားက အစိုးကိုပိုပြီး မကျေနပ်မှုပိုများမည်ဟု ပြောခဲ့ဖူးသည်။

ထိုသို့ခေတ်စနစ်များပြောင်းလဲမှုတွင် မကျေနပ်မှုများပိုများနိုင်ပုံကို မနုဿဗေဒပညာရှင်တဦးဖြစ်သော အဲရစ်အာဝုဖ်(Eric R. Wolf) ကလယ်သမားဥပမာပေးပြီး ပြောဆိုခဲ့သည်။ လယ်သမားများသည် သမရိုးကျတပိုင်တနိုင်စိုက်ပျိုးပြီးအေးဆေးစွာနေနိုင်စဉ်က ဘာပြဿနာမျှမရှိသော်လည်း ငွေရလိုမှုအပေါ်တွင်အဓိကထားသော ဈေးကွက်ဝင်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလာရသည့်အခါတွင် မြေပိုင်ရှင်များနှင့် ငွေချေးစားသူများ(ဘဏ်များ)၏ ခေါင်းပုံဖြတ်မှုများကြောင့် သူရင်းငှားများ အလွန်ဆင်းရဲမွဲတေသွားနိုင်ကာ တော်လှန်ရေးတရပ်သည်လည်း ဖြစ်လာရန်လွယ်ကူသွားတော့သည်ဟုဆိုသည်။ ဝုဖ်၏အဆိုအရ မက်ဆီကို၊ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ အယ်ဂျီးရီးယားနှင့် ကျူးဘားတို့တွင် လယ်ယာစိုက်ပျိုးရေးရာစီးပွားရေးကို ခေတ်မှီဖြစ်ရေးကြိုးပမ်းကြရာတွင် အထက်ပါဥပမာနှင့် ခပ်ဆင်ဆင်ဖြစ်ရပ်များဖြစ်ပွားပြီး သူရင်းငှားများဦးဆောင်သော အောင်မြင်သည့်တော်လှန်ရေးများကိုဖြစ်ပေါ်စေခဲ့သည်ဟုဆိုလေသည်။ တိုင်းပြည်တပြည်၏ အသက်သုံးဆယ်အောက်လူငယ်အရေအတွက် များပြားမှုကလည်း အစိုးရနှင့် အရင်းရှင်တို့၏ဖိနှိပ်ခံနိုင်ငံသားများရှိနေသောနိုင်ငံများတွင် ပြည်တွင်းမတည်ငြိမ်မှုများပိုဖြစ်လွယ်ပြီး လေ့လာမှုတခုအရ ၁၉၇၀မှ ၂၀၀၀ပြည့်နှစ်အတွင်း နိုင်ငံများအသီးသီးတွင်ဖြစ်ပွားခဲ့သော ပြည်တွင်းမတည်ငြိမ်မှုများသည့်နိုင်ငံများအနက် ရှစ်ဆယ်ရာခိုင်နှုန်းသောနိုင်ငံများတွင် အဆိုပါလူငယ်ဦးရေက နိုင်ငံလူဦးရေ၏၆၀ရာခိုင်နှုန်းမျှရှိနေသည်ကို တွေ့ကြရသည်ဟုဆိုသည်။

ယခင်ရှိခဲ့သောနိုင်ငံရေးစနစ်တခုအတွင်းနိုင်ငံသားများကိုကိုယ်စားပြုထားသော ကိုယ်စားလှယ်များမပါဝင်သည့်အစိုးရစနစ်မှ လူ့အဖွဲ့အစည်းအတွင်းမှ အခွင့်အထူးခံလူတန်းစားတချို့ကိုပင်ဖြစ်စေ ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည့်အစိုးရစနစ်သို့ပြောင်းလဲရာတွင် လူအများသည် လွတ်လပ်ခွင့်၊ ဒီမိုကရေစီ စသည့် စကားလုံးများနှင့်လည်း ပိုမိုရင်းနှီးလာကြသည်။ ထိုအခြေအနေတွင် လူတိုင်းထံသို့အကျိုးသက်ရောက်မှုမရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရ ပညာတတ်လူတန်းစားအနည်းငယ်ထွက်ပေါ်လာပြီး ထိုသူတို့ကစတင်ပြီး အစိုးရ၏ ဖိနှိပ်ပုံအမျိုးမျိုးကို တနည်းနည်းဖြင့်သိမြင်လာကြသည်။ နိုင်ငံ၏စီးပွားရေးပုံစံပြောင်းလဲမှုကြောင့် လယ်မပိုင်သူ သူရင်းငှားများနှင့် လယ်ပိုင်သူလယ်သမားများပါ အစိုးရကျောထောက်နောက်ခံရှိသော လက်ဝေခံအရင်းရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများနှင့် လယ်မြေမတရားသိမ်းယူမှုများပါခံရသောကြောင့် လယ်သမားများက နိုင်ငံရေးနှင့်စီးပွားရေးစနစ်ပြောင်းလဲလာခြင်းများကို မလိုလားသလိုပင် ပေါ်ထွက်လာသောအနည်းငယ်သော ပညာတတ်များကလည်း အစိုးရက လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ပိတ်ပင်သောအစိုးရများအား မုန်းတီးဆန့်ကျင်ရန်သတိရလာကြသည်။ ထိုသို့သော အစိုးရအားအဓိကခြိမ်းခြောက်နိုင်သည့် အင်အားနှစ်ခုကို သူရင်းငှားများနှင့် အောက်ခြေသိမ်းအလုပ်သမားများ၏ အရေအတွက်အင်အားနှင့် ပညာတတ်အနည်းငယ်၏ ဦးနှောက်အင်အားအနေဖြင့် ယူဆနိုင်ကာ ထိုနှစ်ခုပေါင်းစုံခြင်းအားဖြင့် တော်လှန်ရေးများဖြစ်လာသည်ဟု ဆင်မြူရယ်ပီဟန်တင်တန်(Samuel P. Huntington)က ဆိုခဲ့လေသည်။

နိုင်ငံရေးတော်လှန်မှု

နိုင်ငံရေးတော်လှန်မှုဆိုသည်ကို လွယ်လွယ်အဓိပ္ပာယ်ဖွင့်ရလျှင် ရှိရင်းစွဲနိုင်ငံရေးစနစ်တခုကို အလျှင်အမြန်ပြောင်းပြန်လှန်ပြီး ထိပ်ပိုင်းအုပ်ချုပ်သူများအားကိုလည်း တပြိုင်နက်ဖယ်ရှားရန်ကြိုးပမ်းသော ဖြစ်စဉ်တရပ်ဖြစ်သည်ဟုဆိုနိုင်သည်။ နိုင်ငံရေးစနစ်တခုအမှန်တကယ်ပြောင်းလဲရေးအတွက်ဆိုသည်မှာ ရှိရင်းစွဲနိုင်ငံရေးစနစ်တခု၏ ခိုင်မာမှုမည်မျှရှိခဲ့သည်ဆိုသောအချက်ကိုလည်း လေ့လာရန်လိုအပ်၏။ ယခုအချိန်တွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်နေကြသည်ဟု ကြွားလုံးထုတ်နိုင်သော အမေရိကန်ပြည်ထောင်စုနှင့်တကွ အနောက်ဥရောပနှင့်အခြား ဖွံ့ဖြိုးပြီးနိုင်ငံများသည် ယခင်သက်ဦးဆံပိုင်ဘုရင်စနစ်နှင့် မြေရှင်ပဒေသရာဇ်စနစ်တို့၏နှစ်ပေါင်းများစွာအမြစ်တည်မြဲနေခဲ့မှုများအား တော်လှန်ရေးများ၊ ပြည်တွင်းစစ်များနှင့် ပဋိပက္ခများစွာကိုကျော်ဖြတ်ပြီးသည့်အခါတွင်မှ ယခုဒီမိုကရေစီကိုရရှိခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်သူလူတန်းစား၏ အာဏာကိုဆက်လက်လက်ဝါးကြီးအုပ်ထားလိုသော လိုအင်များ ကြီးလျှင်ကြီးသည့်အလျောက် နိုင်ငံရေးစနစ်တော်လှန်ပြောင်းလဲမှု၏ ဘေးထွက်ဆိုးကျိုးမှာကြီးမားသည်ကိုတွေ့ရသည်။ မြေရှင်များ အာဏာကြီးလာသော မြေရှင်ပဒေသရာဇ်ခေတ်အခြေအနေကိုပင် ပိတ်ပင်တားဆီးပြီး အလုံးစုံအာဏာကို ဘုရင်ကချုပ်ကိုင်ရေးကို ပြန်လည်နောက်ကြောင်းပြန်ခဲ့သော ပြင်သစ်နိုင်ငံမှာမူ အပြင်းထန်ဆုံးတော်လှန်ရေးပုံစံနှင့်ကြုံခဲ့ရပြီး ထိုဒဏ်မှ တော်တော်နှင့်သက်သာရာမရနိုင်ခဲ့ပဲ ဒီမိုကရေစီမကျင့်သုံးနိုင်ခင် စစ်အာဏာရှင်နပိုလီယန်၏ လက်အောက်တွင် ကာလအတော်ကြာနေခဲ့သေးသည်ကိုတွေ့ရသည်။ ထိုသို့သောအခြေအနေတွင် တော်လှန်ရေးအတွင်း ခေတ်စနစ်အခြေအနေ၏ အပြောင်းအလဲများအတွင်းကောင်းကျိုးမခံရသူများလည်းဖြစ်သည့် အကြမ်းဖက်သူများကို အပြစ်မတင်သာပဲ အာဏာခွဲဝေမှုပုံစံသည် ခေတ်အခြေအနေအရ တဖြည်းဖြည်းသွားမည့်ပုံစံကိုပြန်လည်ပိတ်ဆို့ကာ ဘုရင့်အာဏာကို အကြွင်းမဲ့ဖြစ်အောင်သာဆွဲထားလိုသော အုပ်ချုပ်သူလူတန်းစား၏ အပြစ်ကပိုကြီးမည်ဟု ယူဆရသည်။ ပြင်သစ်နိုင်ငံလောက် အာဏာခွဲဝေမှုဖြစ်စဉ်တွင် မပြင်းထန်ခဲ့သော ဗြိတိသျှတို့တွင်ပင် ဘုရင်ထောက်ခံသူနှင့် ပါလီမန်ထောက်ခံသူများအကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရသေးသည်။  ဆိုလိုရင်းမှာ အတော်အတန်အမြစ်တွယ်နေသည်မှာ ကြာညောင်းနေပြီဖြစ်သော နိုင်ငံရေးစနစ်တခုကိုပြောင်းလဲရေးကြိုးပမ်းကြရာတွင် အပေါ်ယံသားပြောင်းလဲပြီး ရှိပြီးစနစ်ကို မည်သို့မျှတုန်လှုပ်စေခြင်းမရှိဘူးဆိုလျှင် ပြောင်းလဲမှုဖြစ်စဉ်အတွင်း အကျိုးဖြစ်ထွန်းမှုမရသော လူတန်းစား၏တော်လှန်ရေးကိုသာရင်ဆိုင်ရနိုင်သည်ဆိုသော အချက်ပင်ဖြစ်သည်။ နိုင်ငံရေးစနစ်တခုသည် အမှန်တကယ်ပြုပြင်ပြောင်းလဲသွားမသွားကို စီစစ်နိုင်ရန်အတွက် လက်ရှိထိပ်ပိုင်းခေါင်းဆောင်များကိုကြည့်လျှင်ပင်သိနိုင်သည်ဟုဆို၏။ ယခင်ကလည်း ဒီခေါင်းဆောင်၊ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးသည့်အခါတွင်လည်း ဒီခေါင်းဆောင်များသာဖြစ်သည်ဆိုလျှင် ခေတ်စနစ်ပြောင်းလဲရေးလည်းမမည်၊ တော်လှန်ရေးလည်းမမည်တော့ပါ။ အစိုးရ၏ ပြုပြင်ပြောင်းလဲပေးမှုများကအပေါ်ယံဆန်ပြီး လက်တွေ့လောကမှလူထုက အပြောင်းဘက်သို့မျှော်လင့်နေရာမှမထူးသောအခါတွင် ဖြစ်သောတော်လှန်ရေးများအတွင်း တော်လှန်ရေးအောင်မြင်ပါက ရှိနေသောထိပ်ပိုင်းခေါင်းဆောင်များသည် အကြမ်းပတမ်းနည်းဖြင့်ဖယ်ရှားခံရလေ့ရှိသည်။ နိုင်ငံရေးစနစ်လုံးဝပြုပြင်ပြောင်းလဲရေးအတွင်း သွေးမစွန်းပဲပြောင်းလဲနိုင်ခဲ့သည်မှာ ဆိုဗီယက်ပြည်ထောင်စုမှကွဲထွက်လာသော အရှေ့ဥရောပနိုင်ငံအချို့နှင့် တော်အာဖရိကအစရှိသောနိုင်ငံများသာရှိလေသည်။ အဓိကကျသည်ကတော့ အုပ်ချုပ်သူလူတန်းစား၏ အမှန်တကယ်ပြုပြင်ပြောင်းလဲလိုသော ဆန္ဒပင်ဖြစ်သည်။ ထိုအရှေ့ဥရောပနိုင်ငံအများစုသည် ကနဦးအစကတည်းက ဆိုဗီယက်ပြည်ထောင်စု၏ တပါတီအာဏာရှင်စနစ်လက်အောက်အုပ်စိုးခံရမှုကို မကျေနပ်၍ခွဲထွက်လာကြခြင်းဖြစ်ရာ သွေးထွက်သံယိုဖြစ်မှုနည်းခဲ့လေသည်။ ချွင်းချက်အားဖြင့် အရှေ့ဥရောပနိုင်ငံတခုဖြစ်သော ရူမေးနီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲရေးတွင်မူသွေးစွန်းခဲ့ရသည်။ တောင်အာဖရိကနိုင်ငံအစိုးရသည်လည်း သူတို့ချောင်ပိတ်ခြောက်လှန့်ထားသော လူမည်းများ၏ အကြမ်းဖက်/အကြမ်းမဖက်နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်မှုကို ခံရပြီးသည့်အခါတွင်မှ တွေ့ဆုံဆွေးနွေးပြီး အာဏာခွဲဝေရေးနှင့်ဒီမိုကရေစီနည်းကျဖြစ်ရေးကိစ္စတို့ကို ပြုလုပ်လိုသောစိတ်ထားပြောင်းလာခဲ့ခြင်းဖြစ်လေသည်။

နိုင်ငံရေးစနစ်တော်လှန်ရေးဟူသည်မှာ လူအများ၏မကျေနပ်ချက်များမှ စတင်ပေါက်ဖွားလာသည်ဆိုသော်လည်း တော်လှန်ရေးသက်သက်ဖြင့် လူအများ၏ ကိုယ်စီမကျေနပ်ချက်များကို ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။ထို့အပြင် နိုင်ငံအတွင်းရှိပေါ်ပေါက်လာသောအစိုးရအပေါ်မကျေနပ်မှုများသည်လည်း တပုံစံတည်းထွက်မလာနိုင်ပဲ ဥပမာအားဖြင့် လယ်သမားများက စပါးဈေးကျဆင်ပြီး ဆင်းရဲမွဲတေမှုကြောင့်အစိုးရအားတော်လှန်ချင်သည်၊ ပညာတတ်များကလည်း လွတ်လပ်စွာလုပ်ကိုင်ကြံစည်ခွင့်မရခြင်း၊ ဒီမိုကရေစီအခွင့်အရေးများမရခြင်းတို့ကြောင့် တော်လှန်ချင်သည်၊ စီးပွားရေးသမားများဘက်ကလည်း စီးပွားရေးလုပ်ရာတွင် လာဘ်လာဘယူပြီး သူတပါးလုပ်ငန်းများကိုလည်း ထင်သလိုချယ်လှယ်သော အစိုးရဝန်ထမ်းများနှင့် နောက်ကွယ်မှအစိုးရကိုယ်နှိုက်ကို ဆန့်ကျင်လိုသောကြောင့် တော်လှန်လိုမည်… စသည်စသည်တို့ဖြင့် လူတန်စားအသီးသီးတို့၏ တော်လှန်ရသောနောက်ကွယ်မှ အကြောင်းအရင်းများကလည်း တူညီနိုင်မည်မဟုတ်ပေ။ ထိုသို့ မကျေနပ်ပုံများ ကွဲပြားနေသော လူတန်းစားအသီးသီးကို အဖွဲ့အစည်း သို့မဟုတ် အနည်းဆုံးအနေဖြင့် အားလုံးသောသူများအတွင်း စည်းလုံးညီညွှတ်မှုတခုခုစသည်ဖြင့် ရှိမနေပဲ အားလုံးက သီးခြားလိုတော်လှန်နေကြလျှင်လည်း အရာရောက်မည်မဟုတ်ပေ။ အစိုးရအားမကျေနပ်သဖြင့် ဆူပူဆန္ဒပြလိုက်ရုံသက်သက်ဖြင့်တော့ အလွယ်တကူအစိုးရတရပ်ပြုတ်ကျသွားနိုင်မည်မဟုတ်ပေ။ စုစည်းမှုနှင့် ဦးဆောင်သောအဖွဲ့အစည်းတခုခုမရှိပဲ ပြန့်ကျဲနေသော ဆန္ဒပြသူများကို ရာထူးမှဆင်းမပေးလိုသော အစိုးရက အလွယ်တကူဖြိုခွင်းလိုက်မည်သာဖြစ်သည်။ ထိုသို့ မကျေနပ်သူလူတန်းစားအသီးသီးကို နှစ်သိမ့်မှုများပေးပြီး စည်းရုံးနိုင်သောအဖွဲ့အစည်းတခုခုရှိရေးနှင့် လူတန်းစားများအချင်းချင်းလည်း စည်းလုံးညီညွှတ်မှုရှိရေးတွင် အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ ပညာတတ်လူတန်းစား၏ အခန်းကဏ္ဍက အရေးပါလာခဲ့သည်။

ပညာတတ်လူတန်းစားဟုဆိုသော်လည်း သီးခြားနယ်ပယ်တခုခုတွင်တတ်ကျွမ်းကြသော  ကျောင်းဆရာ၊ ရှေ့နေ၊ စာနယ်ဇင်းသမား စသည်ဖြင့် အစိုးရနိုင်ငံရေးနှင့် ပိုမိုဆက်စပ်မှုရှိသော နယ်ပယ်မှသူများထက် သာမန်တွေးခေါ်မှုအားကောင်းသော နိုင်ငံရေးနှင့်အခြားသိပ္ပံမဟုတ်သော ဝိဇ္ဇာပညာလေ့လာလိုက်စားလေ့ရှိသော လူတန်းစားများ၏ အခန်းကဏ္ဍက တော်လှန်ရေးအတွင်းပိုမိုအရေးပါသည်ကိုတွေ့ရသည်ဟု အမေရိကန်ကွန်ဂရက်စာကြည့်တိုက်၏ ဆယ့်သုံးယောက်မြောက် စာကြည့်တိုက်မှူး ဂျိမ်းစ်ဘီလင်တန်(James Billington)ကဆို၏။ သီးခြားနယ်ပယ်တခုဆန်သွားပြီဟုပြောနိုင်သော ရှေ့နေ၊စာနယ်ဇင်းသမားစသည်တို့၏ အစိုးရအပေါ်မကျေနပ်မှုများမှာ ထိုသူတို့၏ အလုပ်ခွင်အခွင့်အရေးနှင့် ရပိုင်ခွင့်များပိတ်ပင်ခံရခြင်းများမှ စတင်ပြီး ရှေ့နေတဦးအတွက် လွတ်လပ်ပြီးမျှတသောတရားရေးစနစ်အတွင်းလုပ်ကိုင်ခွင့်ရလျှင်၊ စာနယ်ဇင်းသမားတဦးအတွက် စာပေလွတ်လပ်ခွင့်များ အတော်အတန်ရရှိပြီး လွတ်လပ်စွာအသက်မွေးခွင့်ရမည်ဆိုလျှင် အစိုးရအပေါ်အခြားကဏ္ဍများတွင် ယေဘုယျမကျေနပ်မှုများမှာ သိသိသာသာဖြစ်စေ၊ ၄င်းတို့ဘာသာမသိလိုက်ပဲဖြစ်စေ လျော့ပါးသွားလေ့ရှိသည်။ အထက်တွင်ဆိုခဲ့သော ယေဘုယျပညာတတ်မျိုးမှာမူ သူတို့၏အတွေးအခေါ်တွင် အရာရာတိုင်းလိုလိုအတွက် စံနှုန်းများရှိနေပြီး အစိုးရ၏ နယ်ပယ်အသီးသီးရှိ အပေါ်ယံသက်သက်ပြောင်းလဲမှုများကို တခြားသူများထက်ပိုပြီးမြင်တတ်ကာ ဉာဏ်နည်းလှသောသူများက အမျှော်အမြင်ကင်းမဲ့သောနည်းများဖြင့် စီးပွားဖြစ်အောင်မြင်နေသူများ၊ နိုင်ငံအုပ်ချုပ်နေသူများဖြစ်နေသည့်အခါတွင် ထိုသူများအတွက် လက်ရှိနိုင်ငံရေးစနစ်ကို ပိုမိုမကျေနပ်ဖြစ်လာစေသော အကြောင်းတရားများဖြစ်လာကြသည်။ ထိုသို့သော လူတန်းစားမျိုးမှာ ဆင်းလဲမဆင်းရဲလွန်း၊ ချမ်းလဲမချမ်းသာလွန်းသော လူတန်းစားမှလာလေ့ရှိသည်ဟုလည်း ဘီလင်တန်ကဆိုသည်။ သာမန်အောက်ခြေလူတန်းစား၊အလုပ်သမားများနှင့် သူရင်းငှားလယ်သမားများက သူတို့အတွက် သဘောတရားရေးရာဝါဒများကို လိုက်မှီလေ့လာနိုင်လေ့မရှိပဲ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများကိုသာ တောင်းဆိုလိုချိန်တွင် ထိုပညာတတ်လိုလူများက စံနှုန်းသတ်မှတ်ချက်များနှင့် ဝါဒများကို လိုအပ်ချက်များတောင်းဆိုရေးပေတံများအဖြစ်အသုံးပြုပြီး အလုပ်သမား၊လယ်သမားလူတန်းစားကို ဦးဆောင်ကာ တော်လှန်ရေးတခုကို ဖြစ်ပေါ်စေရန် ပေါင်းစည်းပေးသည်ဟုဆိုသည်။ ဂျိမ်းစ်ဘီလင်တန်၏အဆိုအရ ၂၀ရာစုအတွင်းပေါ်ပေါက်ခဲ့သောတော်လှန်ရေးများတွင် ထိုသို့သောသူများက ဦးဆောင်ခဲ့သည်ဟုဆိုသည်။ ရုရှားတို့၏အောက်တိုဘာတော်လှန်ရေးခေါင်းဆောင်လီနင်သည် ပညာအုပ်တဦး၏သားဖြစ်ပြီး ဥပဒေဘွဲ့ရတဦးဖြစ်ပြီး မော်စီတုန်းမှာလည်း သူ၏ပါတီတည်ထောင်ချိန်တွင် ဘေဂျင်းတက္ကသိုလ်၏ လက်ထက်စာကြည့်တိုက်မှူးဖြစ်သည်ဟုဆိုသည်။ ကျူးဘားရှိ အာဏာရှင်အစိုးရအားဖြုတ်ချရေးလုပ်ခဲ့ကြသော ကက်စထရိုနှင့် သူ၏ပြောက်ကျားရဲဘော်များသည် ဆရာဝန်ဖြစ်သောချေဂွေဗားယားမှလွဲပြီး အားလုံးလိုလိုမှာ ဥပဒေကျောင်းသားများဖြစ်ကြသည်။ ချေဂွေဗားယားမှာ ဘိုလီးဗီးယားတော်လှန်ရေးတွင် ပါဝင်ကူညီရင်း ၁၉၆၇ခုနှစ်တွင် အသတ်ခံခဲ့ရသည်။ ပီရူးနိုင်ငံ၏ တောက်ပသောလမ်းပါတီတော်လှန်ရေးခေါင်းဆောင်မှာ ဒဿနိကဗေဒပါမောက္ခတဦးဖြစ်သည်။ ရှားဘုရင်အားတော်လှန်ခဲ့ကြသော အီရန်တော်လှန်ရေးခေါင်းဆောင်များသည်လည်း ထိုသို့ပညာတတ်များသာဖြစ်ပြီး ဘာသာရေးယုံကြည်ချက်ပြင်းထန်မှုသည်သာအစစ်ပါနေသော အရည်အချင်းတခုဖြစ်သည်ဟု ဘီလင်တန်ကဆိုသည်။

ဟားဗတ်တက္ကသိုလ်မှ သမိုင်းပညာရှင်ခရိန်းဘရင်တန်ရေးသားခဲ့သော တော်လှန်ရေးဖြစ်ပွားပုံအဆင့်ဆင့်

၁၉၃၈တွင် ရေးသားခဲ့သော တော်လှန်ရေး၏ ခန္ဓဗေဒ (The Anatomy of Revolution)အမည်ရှိသောစာအုပ်တွင် သမိုင်းပညာရှင်ခရိန်းဘရင်တန်က ၁၆၄၀ပြည့်နှစ်များတွင်ဖြစ်ပွားခဲ့သော အင်္ဂလိပ်တော်လှန်ရေး၊ ၁၇၇၆အမေရိကန်ပြည်ထောင်စုတော်လှန်ရေး၊ ၁၇၈၉ပြင်သစ်တော်လှန်ရေး၊ ၁၉၁၇ရုရှားတော်လှန်ရေးတို့တွင် အောက်ပါအတိုင်းတူညီသော အကြောင်းချင်းရာများတွေ့ရှိခဲ့သည်ဟုဆို၏။

၁။လက်ရှိအစိုးရယိုင်လာခြင်း

ဤအဆင့်တွင် အုပ်ချုပ်ရေးစနစ်များယိုယွင်းလာခြင်း၊ အခွန်ငွေများတိုးလားခြင်းများဖြစ်လာသည်။ အစိုးရ(သို့)အုပ်ချုပ်သူလူတန်းစားအပေါ်တွင် အုပ်ချုပ်ခံလူထုက အယုံအကြည်ကင်းမဲ့လာကြသည်။ အစိုးရကိုယ်တိုင်ကပင်လျှင် မိမိဘာသာမသေချာ၊စမ်းတဝါးဝါးဖြစ်လာသည်။ အုပ်ချုပ်သူလူတန်းစားအား သစ္စာခံထားသောပညာတတ်လူတန်းစားအချို့သည် နိုင်ငံ၏စီးပွားရေးတိုးတက်ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအတွင်း အကျိုးမခံစားရသည့်အခါတွင် အစိုးရအားသစ္စာခံမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသူတို့ယူဆသော နိုင်ငံရေးစနစ်နှင့် စံနှုန်းများကို အပေါ်တွင်ပြောင်းလဲ အလေးပြုလိုလာကြသည်။

၂။တော်လှန်ရေး၏ပထမအဆင့်

လက်ရှိအစိုးရအားဖြုတ်ချရန် ကော်မတီများ၊ ချိတ်ဆက်မှုများနှင့် မြေအောက်အဖွဲ့အစည်းများက စတင်လုပ်ဆောင်လာကြသည်။ လူအများကလည်း အစိုးရအား အခွန်ငွေများပေးဆောင်ရန်ငြင်းဆန်ခြင်းကဲ့သို့သော ဆန့်ကျင်မှုမျိုးများကိုစတင်ပြုလုပ်လာကြသည်။ အစိုးရ၏နိုင်ငံရေးစနစ်ဆက်လက်လည်ပတ်နိုင်ရန်အခက်အခဲရှိလာပြီး အစိုးရကလူထုအားထိန်းချုပ်ရန်အတွက် စစ်တပ်အားအကူအညီတောင်းလာသည်။ စစ်တပ်ကအရေးမလုပ်ပဲနေသောအခါတွင်ကား လူတို့၏ဒေါသပိုကြီးလာပြီး နောက်ဆုံးအနေဖြင့် အစိုးရမှလက်လျှော့ရကာ ဆင်းပေးရတော့သည်။ ထိုအတွက်နေရာအနှံ့အောင်ပွဲခံမှုများလည်း ဖြစ်ပေါ်နေသည်။

၃။ဒုတိယအဆင့် အလယ်အလတ်သမားများအစိုးရအဖြစ်တက်လာခြင်း

အစိုးရအားဆန့်ကျင်သလိုပုံဖမ်းပြီး နောက်ကွယ်တွင် ယခင်အစိုးရခေါင်းဆောင်ပိုင်းမှလူများနှင့် အချိတ်အဆက် သို့မဟုတ် ထိန်းကျောင်းခံနှင့် ညွှန်ကြားခံပင်ဖြစ်နေသူများက ယခင်အစိုးရနေရာဝင်ယူကြသည်။ ထိုခေါင်းဆောင်သစ်များက မကျေနပ်မှုများရှိနေသောလူထုကို ပြည်သူများလိုချင်သော အပြည့်အဝပြောင်းလဲမှုထက် တစိတ်တပိုင်းပြောင်းလဲမှုများကိုသာ အရင်ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းလာသည်။ ထိုအချိန်တွင် အပြည့်အဝပြောင်းလဲမှုအတွက်လုပ်ခဲ့ကြသော တော်လှန်ရေးခေါင်းဆောင်များက လက်မခံပဲ အဆိုပါ အလယ်အလတ်သမားခေါင်းဆောင်သစ်များကို ယခင်အစိုးရနှင့်ဆက်စပ်မှုနှင့် အပေးအယူများရှိနေသည်ဟုယူဆကာ ငြင်းဆန်ကြသည်။ အဆိုပါအလယ်အလတ်သမားများမှာ ထိုသူများကို ဖျောင့်လည်းမဖျောင့်ဖျနိုင် ယခင်အစိုးရဟောင်းများလောက်လည်း ကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်ရဲသောကြောင့် နေရာဖယ်ပေးရန်ဖြစ်လာပြန်သည်။

၎။လုံးဝပြောင်းလဲရေးဦးတည်သူများတက်လာခြင်း

အလယ်အလတ်သမားများထက် ပိုမိုစနစ်တကျစုစည်းမှုရှိထားသော တော်လှန်ရေးသမားများသည် အသစ်တက်လာသော အာဏာရအလယ်အလတ်သမားများကို ပြန်လည်ဖြုတ်ချကာ တော်လှန်ရေး၏အမြင့်ဆုံးအဆင့်ရောက်အောင်မြှင့်တင်လိုက်သည်။ ယခင်စနစ်ဟောင်းအတွင်းမှ ပုံစံများနှင့် လူများအားလုံးကိုဖယ်ထုတ်၊မောင်ထုတ်ခြင်းများပြုပြီး အစွန်းရောက်သူများက ယခင်အစိုးရဟောင်းမှလူများနှင့် စနစ်သစ်အား မလိုက်နာနိုင်ဟုယူဆသူများကို  ရက်စက်စွာသတ်ဖြတ်ခြင်းတို့ပြုလုပ်လာကြသည်။ တော်လှန်ရေးရဲဘော်များအချင်းချင်းတွင်ပင် တော်လှန်ရေးလမ်းကြောင်းမှ သွေဖီသည်ဟု ယူဆခံရပါက ကွပ်မျက်ခံရခြင်းများလည်းရှိလာခဲ့သည်။

၅။သာမီဒေါ(Thermidor)ခေါ် တော်လှန်ရေး၏ အစွန်းရောက်အကြမ်းဖက်မှုများ အေးငြိမ်းသွားသည့်ကာလ

တော်လှန်ရေး၏ အရှိန်အဟုန်ပြင်းထန်မှုများ လျော့ကျသွားသည်။ တော်လှန်ရေးသမားများကိုယ်တိုင်က နိုင်ငံ၏စီးပွားရေးတိုးတက်စေရန် စတင်လုပ်ဆောင်လာကြသည်။ ပြည်တွင်းလုံခြုံရေးလည်း အတန်ငယ်ရလာခဲ့သည်။ အကြမ်းဖက်အစွန်းရောက်သူတချို့ကိုလည်း သေဒဏ်ပေးခံရသည်။ အမေရိကန်ပြည်ထောင်စုမှလွဲ၍ အခြားပြင်သစ်၊ရုရှားနှင့် အင်္ဂလိပ်တော်လှန်ရေးများတွင် ယခင်ကကဲ့သို့ အကြွင်းမဲ့အာဏာပိုင်သူမဟုတ်သော်လည်း အာဏာရှင်ဆန်သောသူများ ခေါင်းဆောင်ဖြစ်လာခဲ့လေသည်။ လူအများကလည်း ထပ်မံအထွတ်တက်မနေတော့ပဲ လက်ခံလိုက်သည်ဟု ဘရင်တန်ကဆို၏။

ယခုလတ်တလောဖြစ်ပေါ်ခဲ့သော အာရပ်နွေဦးတော်လှန်ရေးများအတွင်းတွင် ဘရင်တန်၏ ခွဲခြားပုံနှင့် အတော်များများတူနေခဲ့သော တော်လှန်ရေးမှာ အီဂျစ်နိုင်ငံ၏တော်လှန်ရေးဖြစ်ပြီး ယခုအခါတွင် ယခင်မူဘာရတ်အစိုးရထက်ပင် ရှေရိုးစွဲဆန်နိုင်သော မူဆလင်ညီအကိုများအဖွဲ့ပါတီက လွှတ်တော်တွင်း နေရာအများစုရခဲ့ကာ တော်လှန်ရေးကိုစတင်ခဲ့ကြသော ပညာတတ်လူတန်းစားများ၏ ကျေနပ်လက်ခံမှုအပြည့်အဝရမရဆိုသည်ကိုတော့ ရေရှည်တွင်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

တော်လှန်ရေး၏အလွန်

တော်လှန်ရေး၏မူလသဘောအရ နှိပ်ကွက်အုပ်စိုးနေသောအစိုးရအားဖြုတ်ချရန်ဖြစ်သော်လည်း အစွန်းရောက်မှုများကိုမထိန်းနိုင်ခဲ့လျှင်၊ စုစုစည်းစည်းနှင့် အမျှော်အမြင်ရှိသောအဖွဲ့အစည်းတခုက ရှေ့ဆောင်လမ်းပြစည်းရုံးခြင်းမပြုနိုင်ခဲ့လျှင် ယခင်အာဏာရှင်နှင့် ထူးမခြားနားအခြေအနေရှိသော နိုင်ငံရေးအခြေအနေနှင့် အာဏာရှင်ဆန်သောခေါင်းဆောင်မျိုးကိုသာပြန်လည် ရရှိသွားတတ်သည်ကိုလည်းတွေ့ရသည်။ ပြင်သစ်တော်လှန်ရေးအပြီးတွင် နပိုလီယံက စစ်အာဏာရှင်ဖြစ်လာပြီး ယခင်ရုရှားဇာဘုရင်နေရာတွင် ထူးမခြားနားအာဏာရှင်စရိုက်ရှိသူ စတာလင်တက်လာခဲ့လေသည်။ အင်္ဂလိပ်တော်လှန်ရေးတွင်ပင် ပြီးခါစ၌ အိုလီဗာကရွန်းဝဲက အချင်းချင်းမသင့်မြတ်မှုများအကြားတွင် ဖြန်ဖြေသူ(စစ်အာဏာရှင်) အဖြစ် အင်္ဂလန်၊စကော့တလန်နှင့် အိုင်ယာလန်တို့ကို သူကွယ်လွန်သည့်အထိအုပ်ချုပ်ခဲ့သေးသည်။ သူကွယ်လွယ်ပြီးသည့်နောက်တွင်လည်း သူ့သားဖြစ်သူအား ဆက်လက်ပြီးအုပ်ချုပ်သူအဖြစ်ဆက်ရှိနေစေရန်စီမံထားခဲ့ရာ ကျန်လူများကလက်မခံခဲ့သောကြောင့်သာ မလုပ်ဖြစ်ခဲ့ပဲ နောက်ပိုင်းတွင် ပါလီမန်သဘောတူညီချက်ဖြင့် အမှန်တကယ်အာဏာမရှိလှသော ချားလ်စ်(၂)ဘုရင်ကိုတင်မြှောက်ပြီးသည့်အခါတွင်မှ နိုင်ငံရေးတည်ငြိမ်မှုအနည်းငယ်ပြန်ရလာခဲ့သည်။ထို့နောက်တွင် နောင်တွင်အဓိကပါတီနှစ်ခုဖြစ်လာမည်ဖြစ်သော ပါလီမန်အတွင်း အုပ်စုနှစ်စုက ဘုရင်၏ဆုံးဖြတ်ချက်များကို အပြိုင်အဆိုင်လွှမ်းမိုးနိုင်ရန်ကြိုးပမ်းကြခြင်းဖြင့်သာ ဗြိတိသျှတို့၏ပါလီမန်နိုင်ငံရေးစတင်လည်ပတ်ခဲ့ခြင်းဖြစ်လေသည်။ တော်လှန်ရေးဖြစ်ပွားသည်မှ အစပြုပြီး တည်ငြိမ်မှုရသည်အထိ နှစ်ပေါင်းခြောက်ဆယ်ခန့်ကြာခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံများထူထောင်ရေးအတွက် ဗြိတိသျှအစိုးရထံမှ တိုက်ယူခဲ့ရသော အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးစနစ်တော်လှန်ရေး၏ သဘောသဘာဝမှာမူ တမျိုးတဖုံဖြစ်သည်။ တချို့ကတော်လှန်ရေးဟုပင်ပြောစရာမလိုပဲ အစွန်းရောက်မှုများနှင့် အစွန်းရောက်သူများကအုပ်ချုပ်သူများဖြစ်လာခဲ့ခြင်းလည်းမရှိဟုဆိုကြသည်။ ဗြိတိသျှအားထောက်ခံသော အမေရိကန်တိုရီတသိန်းခန့်ကတော့ ဗြိတိသျှဘုရင်မကြီးလက်အောက်ခံဖြစ်သော ကနေဒါနိုင်ငံသို့ ကြောက်လန့်ပြီးထွက်ပြေးခဲ့ရသည်ဟုဆိုသည်။ အတိုချုံးပြောရလျှင် အမေရိကန်တော်လှန်ရေးသည် နိုင်ငံရေးသက်သက်စနစ်ပြောင်းလဲရေးဖြစ်စဉ်တခုသာဖြစ်ပြီး ရှိရင်းစွဲခေါင်းဆောင်များကလည်း အာဏာလက်လွှတ်ရ၍ ရှိသမျှအားလုံးဆုံးရှုံးသွားမည်မဟုတ်ပဲ နဂိုကပင်ကြွယ်ဝပြီးသူများဖြစ်သည့်အပြင် ပြင်သစ်တော်လှန်ရေးမှာကဲ့သို့ ဆင်းရဲလွန်းသောလူတန်းစားနှင့် ခေါင်းပုံဖြတ်သော မြေရှင်လူတန်းစားလည်း တသီးတသန့်မရှိသည့်အတွက် ခေါင်းဖြတ်စရာ မှူးကြီးမတ်ကြီးလူတန်းစားမရှိသောကြောင့် သွေးထွက်သံယိုအနည်းဆုံးဖြစ်ခဲ့သောတော်လှန်ရေးဖြစ်သည်ဟုဆိုကြသည်။ပြင်သစ်တော်လှန်ရေးတွင်မူ နိုင်ငံရေးစနစ်ပြောင်းခြင်းသက်သက်ထက် လူမှုရေးရာတရားမမျှတခဲ့မှုများကိုလည်း တိုက်ဖျက်ရခြင်းလည်းမည်ရာ သွေးထွက်သံယိုအတော်များခဲ့သောကြောင့် ပြင်သစ်အများစုက တော်လှန်ရေးအတွက် ဂုဏ်မယူကြပါ။ အထက်တွင်ပြောခဲ့သလိုပင်အုပ်ချုပ်သူလူတန်းစား၏ ခေါင်းမာမှုများသောကြောင့်သာလျှင် သွေးထွက်သံယိုမှုများရခြင်းဖြစ်သည်ကို သတိချပ်ရမည်ဖြစ်ပြီး နိုင်ငံရေးစနစ်ကိုစတင်ပြောင်းလဲလိုကာစက လူအများတွင်သွေးထွက်သံယိုဖြစ်အောင်လုပ်လိုသော ဆန္ဒကဦးဆောင်ပါဝင်ခြင်းမရှိပါဟု ယူဆနိုင်သည်။ ၁၉၁၇တော်လှန်ရေးတွင်လည်းနောက်ပိုင်းတွင် ရက်စက်ကြမ်းကြုတ်မှုများပေါ်ပေါက်လာရခြင်းမှာ လီနင်အသေစောရခြင်းကလည်း အကြောင်းအရင်းတခုလိုဖြစ်နေပြီး လီနင်ထိုမျှစောစောမသေခဲ့ပါက ရုရှားတွင်ထိုမျှသွေးထွက်သံယိုမှုများမဖြစ်နိုင်ဟု ယူဆခဲ့သူများလည်းရှိသည်။ လီနင်သည် တော်လှန်ရေးစတင်သော ၁၉၁၇ကာလမှစပြီး ခုနှစ်နှစ်ခန့်အကြာ ၁၉၂၄ခုနှစ်တွင်ပင် စောစီးစွာကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အချို့သော ပညာရှင်များကလည်း လီနင်သည်လည်း အသက်မသေခဲ့ဘူးဆိုလျှင်လည်း စတာလင်ကဲ့သို့ပင် အတိုက်အခံပြိုင်ဘက်များကို အမြစ်ပြတ်ဖယ်ရှားမည့်သူဖြစ်သည်ဟု ပြောဆိုကြသူများလည်းရှိသည်။ ကမ္ဗောဒီးယားနိုင်ငံ၏ ၁၉၇၀ပြည့်နှစ်များတွင်ဖြစ်ပွားခဲ့သော ခမာနီတော်လှန်ရေးတွင်မူ လူပေါင်း ၁.၇သန်းခန့်အသတ်ခံရသည့်အခြေအနေအထိ သွေးစွန်းခဲ့ရသည်။ ထိုအခြေအနေမျိုးကတော့ ယခင်အုပ်ချုပ်သူလူတန်းစားထားခဲ့သော ဆိုးမွေကြောင့်ဖြစ်သည်ထက် ကွန်မြူနစ်ဝါဒအား အစွန်းရောက်လွဲမှားစွာသုံးခဲ့သော ခမာနီခေါင်းဆောင်နှင့် နောက်လိုက်များကိုသာ အပြစ်တင်ရတော့မည်ဖြစ်ပေသည်။ ကွန်မြူနစ်တော်လှန်ရေးများသည် အမြင်မကောင်းလှပဲ နိုင်ငံများ၏ အခြေအနေမှာလည်း ကြပ်တည်းလှသည်ကိုတွေ့ရမည်ဖြစ်သော်လည်း အင်အားအကြီးဆုံးကွန်မြူနစ်နိုင်ငံဖြစ်သော ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံရေး၊စီးပွားရေး၊ စစ်ရေးများ စစ်အေးကာလအတွင်း အပြိုင်အဆိုင်ပြုကြရာတွင် ဆိုဗီယက်ဘက်က တစတစရှုံးနိမ့်လာရသည်မှာလည်း အဓိကကျသောအကြောင်းအရင်းတခုဖြစ်သည်။ ထို့အတူပင် တရုတ်ကဲ့သို့သော အင်အားကြီးကွန်မြူနစ်နိုင်ငံကလည်း ဆိုဗီယက်နှင့် ဝါဒရေးရာသဘောထားကွဲမှုဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှုများအပြန်အလှန်ရုတ်သိမ်းခဲ့ကြသောကြောင့် အခြားကွန်မြူနစ်နိုင်ငံငယ်များအတွက်လည်းအကြပ်ရိုက်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စုကလည်း ကွန်မြူနစ်စနစ်ကျင့်သုံးသောနိုင်ငံများကို သူ၏စီးပွားရေးအင်အားဖြင့် ဖိအားပေးရုံသာမက စနစ်အားအမြစ်ဖြတ်ရန်အတွက် ကွန်မြူနစ်အစိုးရများကိုဖြုတ်ချရန်အတွက် ပြည်တွင်းအတိုက်အခံအာဏာပိုင်များကို နောက်ကွယ်မှအားပေးခြင်းအားဖြင့် ကွန်မြူနစ်စနစ်အား လုံးဝအလုပ်မဖြစ်နိုင်သော စနစ်တခုအဖြစ်ပုံဖော်ခဲ့ခြင်းမှာလည်း ဈေးကွက်စီးပွားရေးကို ဖုတ်ပူမီးတိုက်ကျင့်သုံးလိုက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်နှင့် မဟာမိတ်ပြုလိုက်နိုင်သော ဗီယက်နမ်တို့မှလွဲ၍ ကျန်သောကွန်မြူနစ်အစိုးရများအား စုံးစုံးမြုတ်သွားသည့်နိုင်ငံများကမြုတ်၊ မြောက်ကိုရီးယားကဲ့သို့ အာဏာရှင်ဘုရင်စနစ်သဖွယ်ပြောင်းသူကပြောင်းနှင့် အားလုံးယဲ့ယဲ့သာကျန်တော့သည်။

တော်လှန်ရေးဖြင့်ခေတ်စနစ်ပြောင်းခဲ့သော ကွန်မြူနစ်နိုင်ငံများအတွင်းတွင် ကွန်မြူနစ်စနစ်အားတော်လှန်လိုသော အခြေအနေများပေါ်ပေါက်လာခဲ့ပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ အစဦးတာထွက်ကောင်းခဲ့ကြသော ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် အနောက်နိုင်ငံများနှင့်အပြိုင် နိုင်ငံရေးနှင့်စီးပွားရေးကောင်းလာနိုင်သည့်အလားအလာများကို အလည်အပတ်လာရောက်ကြသောကိုယ်စားလှယ်များကိုပြသနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စနစ်တွင်းတွင်ပင် မညီညွတ်မှုနှင့် ခြစားမှုများ၊အာဏာလက်ဝါးကြီးအုပ်ချုပ်ကိုင်မှုများရှိသောကြောင့်စီးပွားရေးမတိုးတက်နိုင်ဖြစ်ရသည့်အပြင် စီးပွားရေးအင်အားကောင်းသော လက်ယာနိုင်ငံများ၏ ကျင့်သုံးပုံများကို မယှဉ်နိုင်သောကြောင့် တဖြည်းဖြည်းပြိုလဲလာခဲ့သည်။ ထိုသို့သောအခြေအနေမျိုးမှာ အင်အားမကြီးလှသော အခြားကွန်မြူနစ်နိုင်ငံငယ်များတွင်ပိုမိုဆိုးဝါးပြီး အမေရိကန်ပြည်ထောင်စုအား ပြောက်ကျားစစ်နှင့် ပြည်သူလူထုအားစည်းရုံးနိုင်သောစစ်ပွဲများဆင်နွှဲကာ အနိုင်တိုက်ထုတ်နိုင်ခဲ့သော ဗီယက်နမ်နိုင်ငံသည်လည်း နောက်ပိုင်းတွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းသွင်းခံခဲ့ရသည်။ နောက်ပိုင်းတွင်သာ တရုတ်နီတို့ကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့် အလွမ်းသင့်အောင်ပေါင်းပြီး နိုင်ငံရေးစနစ်ကို မထိစေသော ဈေးကွက်စီးပွားရေးကို သတိထားကျင့်သုံးနိုင်သည့်အခါမှသာ စီးပွားရေးကောင်းလာခြင်းဖြစ်သည်။ ကွန်မြူနစ်အစိုးရရှိသော နိုင်ငံများအတွင်းရှိ နိုင်ငံရေးစနစ်ထပ်မံတော်လှန်ရေးများပေါ်ပေါက်လာပုံကိုပြန်ကောက်ရလျှင် ကွန်မြူနစ်စနစ်အားစတင်ထူထောင်ကာစတွင် ဝါဒဖြန့်မှုအားကောင်းကောင်းဖြင့် ထူထောင်ထားရသည်ဖြစ်ရာ ဆိုခဲ့ပြီးသောအခြေအနေအရပ်ရပ်တို့ကြောင့် နိုင်ငံသားတို့ထင်သလိုဖြစ်မလာသည့်အခါတွင် ကွန်မြူနစ်အစိုးရများသည် အထက်တွင်ဖော်ပြခဲ့သလိုပင် မျှော်လင့်ချက်မဲ့နေရာမှ ရှိလာသောသူများ၏ မျှော်လင့်ချက်ဒေါသကိုထပ်မံရင်ဆိုင်လာရတော့သည်။ ဒီကြားထဲတွင် အုပ်ချုပ်သူလူတန်းစားပါတီဝင်ထိပ်တန်းခေါင်းဆောင်များ၏ အထူးအခွင့်အရေးယူထားမှုများကိုလည်း အောက်ခြေပါတီဝင်များကမကျေနပ်မှုများလည်း များလာခဲ့လေသည်။ ဆိုဗီယက်ပြည်ထောင်စုတွင်ဆိုလျှင် လီနင်လက်ထက်မှစတင်ထည့်သွင်းရေတွက်လျှင် လေးဦးမြောက်သော ကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်သော ဘရက်ဇညက်၏လက်ထက်တွင်ပင် အခြေအနေကဆိုးဝါးနေပြီဖြစ်သော်လည်း အခြေအနေဆိုးရွားနေသည်ကို ဝန်ခံခြင်းမပြုခဲ့ပဲ နောက်တဆက်ကျော် ဂေါ်ဘာချော့လက်ထက်ရောက်သည့်အခါတွင်မှ အသည်းအသန်ပြုပြင်ပြောင်းလဲရေးလုပ်ရန်ကြိုးစားသည့်အခါတွင် ဆေးမမှီတော့ပဲ ဂေါ်ဘာချော့၏ အကူအညီတောင်းခံမှုများကိုလည်း လက်ယာနိုင်ငံများက ငြင်းပယ်ခဲ့ကြသောကြောင့် နောက်ဆုံးတွင်ဆိုဗီယက်ပြည်ထောင်စုမှာ အစိတ်စိတ်အမွှာမွှာပြိုကွဲသည့်အဆင့်သို့ရောက်သွားရတော့သည်။

အချုပ်မှာ တရားမျှတမှုမရှိသော၊ လူထုအားကိုယ်စားပြုခြင်းမရှိသော နိုင်ငံရေးစနစ်တခုနှင့် အစိုးရပ်တရပ်အားပြုပြင်ပြောင်းလဲရေးလုပ်လိုသော ဆန္ဒသည် အာဏာကိုချုပ်ကိုင်ထားလိုသော အုပ်ချုပ်သူလူတန်းစားမှလာလေ့မရှိပဲ အထွေထွေမကျေနပ်မှုများပြည့်သိပ်နေသော လူထုထံမှတိုက်ရိုက်လာလေ့ရှိသည်။ လက်ရှိကမ္ဘာ့နိုင်ငံများအသီးသီးအနက် ဖွံ့ဖြိုးရန်ကြိုးစားဆဲ ဒီမိုကရေစီစနစ်အား ပီပီပြင်ပြင်ကျင့်သုံးရန်ကြိုးစားဆဲနိုင်ငံများတွင်ဆိုလျှင်လည်း အာဏာရှင်အစိုးရများက အဖက်ဖက်ဖိအားများကြောင့် ဆင်းမပေးလိုစေကာမူ ပြုပြင်ပြောင်းလဲမှုများကို အပေါ်ယံပင်ဖြစ်စေပြုလုပ်ပြနေရသည်ကတော့ မငြင်းသာသည့်အချက်ပင်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုပြုရန် လုံးဝလျစ်လျူရှုလိုက်ပြန်လျှင်လည်း မြောက်ကိုရီးယားကဲ့သို့ နိုင်ငံသားများငတ်မွတ်ခေါင်းပါးသည့်ဘေးကျရောက်သည်အထိဖြစ်နိုင်ကာ အနောက်နိုင်ငံများကလည်း ဒီမိုကရေစီအမည်ခံပြီး ရုပ်သေးသြဇာခံမွေးမြူရန်လက်လျော့ကာ လုံးဝလာရောက်သိမ်းပိုက်ရသည့်အခြေအနေကိုလည်းရွေးချယ်လာနိုင်သည်။ အများစုသော အာဏာရှင်များကတော့ အနည်းဆုံးအနောက်ကမ္ဘာမှ နိုင်ငံများအမြင်တွင်မျက်နှာပန်းလှအောင် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေရသည်ချည်းသာဖြစ်သည်။ ဒီမိုကရေစီလိုလားပြီး ဖြစ်ထွန်းစေရန်အားပေးသည်ဆိုသောအနောက်နိုင်ငံများသည် အမှန်တကယ်တွင် မိမိတို့အကျိုးစီးပွားကို ပံ့ပိုးမည့်အစိုးရမျိုးကိုသာ လိုလားသည်သာဖြစ်ပြီး အကျိုးစီးပွားအတွက်သာဆိုပါက မူဘာရတ်၊ကဒါဖီကဲ့သို့သော အာဏာရှင်များကိုပင် ပခုံးဖက်ပြရန်ဝန်မလေးသည်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ နောက်ပိုင်းအခြေအနေဆိုးဝါးလာသည့်အခါတွင်မှ ဆန့်ကျင်ကြသောပြည်သူများကို ထောက်ခံသည်ဆိုသော ကြေငြာချက်များထုတ်ပြန်ခဲ့ကြခြင်းဖြစ်လေသည် (ဗြိတိသျှ၊အမေရိကန်)။ ထို့ကြောင့် အာဏာရှင် နိုင်ငံရေးစနစ်အတွင်း မတရားမှုများနှင့် ဖိနှိပ်ပိတ်ပင်ခံရမှုများကိုတွန်းလှန်ဆန့်ကျင်လိုသော ပြည်သူများသည် အနောက်နိုင်ငံများ၏ ကိုယ်ကျိုးရှာစီးပွားဖြစ်လာရောက်လှည့်ဖျားကြပြီး ၄င်းတို့နှင့်အတူပါလာသော ဖွံ့ဖြိုးပြီးနိုင်ငံများမှ အရင်းရှင်များ၏ဒဏ်ကိုလည်း စိုးရိမ်နေရသည်။ ထို့အပြင် မိမိတို့အစိုးရ၏ ပြုပြင်ပြောင်းလဲရေးပြုလုပ်ပြမှုများအတွင်း မကျေနပ်သူများပိုတိုးလာကာ တော်လှန်ရေးများဖြစ်လာလျှင်လည်း အစွန်းရောက်သည့်အခြေအနေရောက်မသွားပဲ အစွန်းရောက်သည့် နောက်တိုးအာဏာရှင်များတက်မလာရေးကိုလည်း မျှော်တွေးဆောင်ရွက်သင့်လှပေသည်။

Advertisements

One thought on “နိုင်ငံရေးအပြောင်းအလဲ၏ဖြစ်နိုင်ဖွယ်ဂယက်ရိုက်မှုနှင့် နောက်ဆက်တွဲများ (နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၃)

Leaving a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s