နိုင်ငံတကာသံတမန်ရေးနှင့် ဆက်ဆံရေး(နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၄)


နိုင်ငံတကာဆက်ဆံရေးတွင် ဥပဒေနှင့်အညီဖြစ်ရေးနှင့် တရားမျှတရေးတို့မှာ နိုင်ငံတနိုင်ငံအတွင်းထိန်းကွပ်အုပ်ချုပ်ပြီးထိုအရာတို့ကို ဖော်ဆောင်ရသည်လောက် ရိုးရှင်းလွယ်ကူမှုရှိမည်မဟုတ်ပဲ အဓိကအတားအဆီးမှာ အချုပ်အချာအာဏာအဝန်းအဝိုင်း၏ အတားအဆီးပင်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ဆက်ဆံရေးတို့မှာ ကုလသမဂ္ဂ၊ဥရောသမဂ္ဂစသည့် ကမ္ဘာတဝှမ်းလုံး သို့မဟုတ် သီးခြားဒေသတခုခုအတွင်းရှိ နိုင်ငံများအားလုံးလိုလိုပါဝင်အောင်ဖွဲ့စည်းပြီး ဦးဆောင်သူဥက္ကဋ္ဌနိုင်ငံသို့မဟုတ် ဦးဆောင်သူကောင်စီအဖွဲ့ဝင်နိုင်ငံများကို အလှည့်ကျရွေးချယ်ခြင်းအားဖြင့် အဖွဲ့၏ညီညွတ်မှုနှင့် စည်လုံးမှုအတိုင်းအတာတခုအထိရှိစေရေးအတွက် စည်းမျဉ်းများထားရှိကြသည်။ သို့သော်လည်း လက်တွေ့တွင်အဖွဲ့၏စည်းမျဉ်းနှင့်စာချုပ်များ၏ အခွင့်အာဏာ၏အခန်းကဏ္ဍကိုလေ့လာကြည့်ရာတွင် ပါဝင်နိုင်ငံများက အဖွဲ့ဝင်စဉ်က လိုက်နာမည်ဟု သဘောတူလက်မှတ်ထိုးခဲ့ကြသော လူ့အခွင့်အရေးကြေငြာစာတမ်းကဲ့သို့သော စာတမ်းမှအချက်များကို ဖောက်ဖျက်လာလျှင် မည်သို့မည်ပုံအကျိုးသက်ရောက်မှုဖြစ်စေမည်၊ မည်သို့အပြစ်ရောက်မှုဖြစ်စေမည်ဆိုသည်မှာ ရှင်းလင်းမှုမရှိပဲ၊ လိုက်နာမှုပုံစံမှာ လက်မှတ်ထိုးထားသောနိုင်ငံ၏ ကိုယ်တိုင်ကိုယ်ကျလိုက်နာမှုအပေါ်တွင်သာ မူတည်နေသည်ကိုတွေ့ရသည်။ ထိုအခြေအနေတွင် နိုင်ငံတနိုင်ငံ၏ စီးပွားရေးနှင့် ၄င်းစီးပွားရေးအရဖြစ်သော နိုင်ငံတကာသြဇာအာဏာနှင့် စစ်ရေးသြဇာတို့ကိုလိုက်ပြီး နိုင်ငံနှစ်နိုင်ငံကတူညီသော အပြုအမူတခုတည်းကိုသာပြုလုပ်သော်လည်း အဖွဲ့အစည်း၏တုန့်ပြန်ချက်မှာ မတူညီနိုင်တော့ပေ။ စီးပွားရေးနှင့် စစ်ရေးအင်အားအကောင်းဆုံးဖြစ်နေသေးသော အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့နိုင်ငံအများစုက လူသားချင်းစာနာမှုနှင့် ကမ္ဘာ့ရေမြေထိန်းသိမ်းရေးအတွက် လက်မှတ်ထိုးထားသဘောတူထားကြပြီးဖြစ်သော စာချုပ်အမျိုးအစားအချို့ကို နိုင်ငံ၏အကျိုးစီးပွားနှင့် အချုပ်အချာအာဏာကို ထိခိုက်စေမည်ဟူသော အကြောင်းပြချက်ဖြင့် လက်မှတ်ထိုးရန်ငြင်းဆန်ထားခဲ့ပြီး ၄င်းတို့အနက် ထင်ရှားသောစာချုပ်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျိုတိုစာချုပ်စာတမ်းပင်ဖြစ်သည်။ နိုင်ငံကြီးများအတွင်းလည်း ဖြစ်ဖွယ်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ နိုင်ငံတကာအဖွဲ့အစည်းများ၏အစည်းအဝေးများအတွင်း ကျယ်ကျယ်လောင်လောင်ဖြစ်လေ့မရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံက တူညီသော အပြုအမူတခုပြုမိသည်ဆိုလျှင်တော့ စီးပွားရေးပိတ်ဆို့ခြင်းအစရှိသော အဖွဲ့အစည်း၏ ဒဏ်ခတ်ခြင်းမျိုးကိုခံရနိုင်သည်။

သဘောတရားနှင့် ဥပဒေသဘောတရားအရမူ နိုင်ငံတနိုင်ငံ၏ သူ့၏နယ်နမိတ်အတွင်းရှိအချုပ်အချာအာဏာပိုင်မှုနှင့် အခြားနိုင်ငံများမှ ဝင်ရောက်ချယ်လှယ်အမိန့်ပေးခွင့်မရှိဟုဆိုသော်လည်း ထိုသို့အခြေအနေမှာ ဥပဒေကြောင်းအရသာမှန်ကန်ပြီး လက်တွေ့တွင် အင်အားကြီးနိုင်ငံတနိုင်ငံက သံတမန်ရေး၊ စီးပွားရေးအရသာမက စစ်ရေးအရစွက်ဖက်ရန်ဆုံးဖြတ်လျှင်ပင် နိုင်ငံငယ်များမှာ မည်သို့မှတားပိုင်ခွင့်မရှိပဲ သူပါဝင်ထားသောနိုင်ငံတကာအဖွဲ့အစည်း၏ ကူညီမှုနှင့် ကိုယ်ထိလက်ရောက်တားဆီးမှုတို့ကိုလည်း ချက်ချင်းရလိမ့်မည်ဟု မမျှော်လင့်နိုင်ကြောင်းကို ဂျော်ဂျီယာနိုင်ငံအား ရုရှားက စီးပွားရေးရာသဘောမတူညီမှုကို လူမျိုးရေးရာအကြောင်းပြပြီး စစ်ရေးအရကျူးကျော်ခဲ့မှုတွင် တွေ့မြင်ခဲ့ကြရသည်။ အတိုပြောရလျှင်တော့ သဘောတရားရေးရာနှင့် ဥပဒေကြောင်းအရမည်သို့ပင်ဆိုထားသည်ဖြစ်စေ လတ်တလောအခြေအနေတွင် နိုင်ငံငယ်များမှာ နိုင်ငံတကာတွင် နိုင်ငံကြီးများ၏ အနည်းဆုံး စီးပွားရေးအရလွှမ်းမိုးခြင်းကို ခံရသည်ချည်းသာဖြစ်သည်ကို တွေ့ကြရသည်။ နိုင်ငံကြီးများ၏ နိုင်ငံရေးရည်ရွယ်ချက်အထိအခိုက်မခံနိုင်မှုအတွက် စီးပွားရေးအင်အားကောင်းမှုကိုပင် လက်နက်အဖြစ်အသုံးချကာ ခြိမ်းခြောက်တတ်သည်ကို တောင်အာဖရိကနိုင်ငံက တိဘက်ခေါင်းဆောင်ဒလိုင်းလာမားအားပြည်ဝင်ခွင့်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက စီးပွားရေးအကြောင်းပြကာ ခြိမ်းခြောက်ခဲ့သောကြောင့် တောင်အာဖရိကအစိုးရက ဒလိုင်းလာမားအား ပြည်ဝင်ခွင့်ပိတ်လိုက်ရသည့်ဖြစ်စဉ်တွင် တွေ့ခဲ့ကြရသည်။

နိုင်ငံတနိုင်ငံက အခြားတနိုင်ငံအပေါ် အချုပ်အချာအာဏာကိုလွှမ်းမိုးမှုပုံစံမျိုးမှာ သိသိသာသာရော၊ မသိမသာပါ လွှမ်းမိုးပုံမျိုးများရှိနေပြီး အမေရိကန်ပြည်ထောင်စု၏အိမ်နီးချင်းတနိုင်ငံဖြစ်သော ကနေဒါနိုင်ငံမှ နိုင်ငံသားများက အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအရှိန်အဝါနှင့် ယဉ်ကျေးမှုပုံစံတို့မှာ ကနေဒါနိုင်ငံအတွင်းထိုးဖောက်ဝင်ရောက်လွန်းနေပြီး ကနေဒါနိုင်ငံမှာလည်း အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တခုသဖွယ်အများက လှောင်ပြောင်ပြောဆိုဖွယ်တခုဖြစ်လာနေသောကြောင့် အချုပ်အချာအာဏာပိုင်မှုထိပါးခြင်းခံနေရပါသည်ဟု ညည်းတွားနေကြသည်။

ယခုဆွေးနွေးပြောဆိုခဲ့သလောက်မှာ နိုင်ငံတနိုင်ငံ၏ အချုပ်အချာအာဏာပိုင်မှု(sovereignty)၏ အခြားနိုင်ငံများမှလွှမ်းမိုးမှုရှိနိုင်ပုံများဖြစ်ပြီး နိုင်ငံတနိုင်ငံသည် နိုင်ငံ၏နယ်နမိတ်ရှိသလောက်ကို အာဏာသက်ရောက်စေနိုင်သည့် အခြေအနေရှိသည်ဆိုလျှင် အခြားနိုင်ငံများ၏ စစ်ရေးမှအပဖြစ်သော ဖိအားပေးမှုကို ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်နိုင်သည်ဆိုသော အချက်ကိုဆွေးနွေးပါမည်။ အထင်ရှားဆုံးဥပမာမှာ ၂၀၀၆ခုနှစ်က မြောက်ကိုရီးယားတွင် နျူးကလီးယားဗုံးစမ်းသပ်ဖောက်ခွဲမည်ဆိုစဉ်က နိုင်ငံတကာမှ အပြင်းအထန်ဝိုင်းဝန်းကန့်ကွက်ခဲ့သော်လည်း စစ်ရေးအရတားဆီးရသည့်အဆင့်အထိ မည်သူမျှမလုပ်လိုကြသည့်အပြင် သူ့မြေအတွင်းသူလုပ်သည်ဖြစ်သောကြောင့် အခြားဥပဒေကြောင်းအရတားဆီးနိုင်ရန်အကြောင်းပြချက်ရှာမရခဲ့ကြပဲ မြောက်ကိုရီးယားကလည်း အမှန်တကယ် မြေကြီးတွင်း နျူးကလီးယားစမ်းသပ်ဖေါက်ခွဲမှုပြုခဲ့သည်ကိုတွေ့ခဲ့ကြရသည်။ ထိုအဖြစ်အပျက်မတိုင်ခင်ကလည်း အဝေးပစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ရာတွင် ဒုံးပျံမှာ ဂျပန်နိုင်ငံအပေါ်မှ ဖြတ်ကျော်သွားပြီး ပင်လယ်တွင်းကျဆင်းသွားသည့်အတွက် ဂျပန်တနိုင်ငံလုံး အထိတ်တလန့်ဖြစ်သွားခဲ့ဖူးလေသည်။ ယခုတဖန်လတ်တလောတွင်လည်း မြောက်ကိုရီးယားအစိုးရက ကိုယ်ပိုင်ဂြိုလ်တုတခုစမ်းသပ်ပစ်လွှတ်မည်ကြေငြာခဲ့ချိန်တွင် အမေရိကန်နှင့်တကွ ဂျပန်၊တောင်ကိုရီးယားနိုင်ငံတို့က ဒုံးပျံစမ်းသပ်ပစ်လွှတ်ခြင်းဖြစ်မည်ဟုသာယူဆပြီး ပစ်လွှတ်လိုက်ပါက ယခင်တခါကဲ့သို့ အဖြစ်မျိုးဖြစ်မည်စိုး၍ ပစ်လွှတ်လိုက်သည်နှင့် ဒုံးခွင်းဒုံးနှင့် ပစ်ချမည်ဟု အသင့်ဖြစ်နေကြသည်။ မြောက်ကိုရီးယား၏ လက်တွေ့ပြည်တွင်းစီးပွားရေးနှင့် နိုင်ငံသားတို့၏စားဝတ်နေရေးအခြေအနေမှာမူ နိုင်ငံတကာအကူအညီများကို အားကိုးနေရဆဲဖြစ်သဖြင့် သဘောတရားရေးရာအရရော အာဏာချုပ်ကိုင်ထားလိုမှုအရပါ ဆက်လက်ခေါင်းမာနေသော ခေါင်းဆောင်များသည် အချုပ်အချာအာဏာပိုင်မှုလွှမ်းမိုးမှုမခံရရေးအတွက် နိုင်ငံသားများ၏လွတ်လပ်ခွင့်ကိုစတေးပြီး ကျန်ရှိသမျှသော စစ်အင်အားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထောက်ခံပေးမှုကိုအသုံးချကာ ရသမျှတောင့်ခံနေသေးသော ယဲ့ယဲ့သာကျန်သည့် ခေါင်းအမာဆုံးနိုင်ငံအဖြစ်ဆက်လက်တည်ရှိနေသည်။ အီရန်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ကြဟူ၍ အမေရိကန်ပြည်ထောင်စုကပြောဆိုလာခဲ့ရာတွင် နိုင်ငံအချို့က အရေးတယူမပြုပဲ တီဟီရန်နှင့်ဆက်လက်ပြီး ကုန်သွယ်မှုများ(အထူးသဖြင့် ရေနံကုန်သွယ်မှုများ)ကို ဆက်လက်လုပ်မြဲလုပ်နေဆဲသာဖြစ်သည်ကိုလည်း တွေ့ခဲ့ကြရသည်။ အမေရိကန်ပြည်ထောင်စုကွန်ဂရက်လွှတ်တော်က ကျူးဘား၊လစ်ဗျားတို့နှင့် စီးပွားရေးလုပ်သော နိုင်ငံခြားကုမ္မဏီများကို ဥပဒေကြောင်းအရခြိမ်းခြောက်မှုပြုသည့် ဥပဒေများကို ထုတ်ပြန်ခဲ့သော်လည်း ကွန်ဂရက်သည် အဆိုပါနိုင်ငံတို့၏ လွှတ်တော်အထိတက်ပြီး အာဏာပြုအမိန့်ထုတ်နိုင်စွမ်းမရှိသည်ဖြစ်ရာ ကုမ္မဏီများဘက်ကလည်း အထူးတလည်အရေးလုပ်ခြင်းမပြုခဲ့ကြပေ။ အမေရိကန်ပြည်ထောင်စုကိုယ်တိုင်သည်ပင်လျှင် အများစုသဘောတူထားသော မြေမြုတ်မိုင်းပပျောက်ရေးစာချုပ်၊ ကျောက်မျက်ရောင်းပြီး လက်နက်ဝယ်သည့်စီးပွားရေးများကို ပိတ်ပင်သည့်စာချုပ်များကို အကြောင်းအမျိုးမျိုးပြပြီး လက်မှတ်ထိုးရန်ငြင်းဆန်ထားခဲ့သောကြောင့် အခြားနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်တခုက သူတို့၏ အကျိုးစီးပွားနှင့် နိုင်ငံရေးအခြေအနေကို ရေရေရာရာပြန်လည်ခြိမ်းခြောက်နိုင်ခြင်းမပြုနိုင်လျှင် အမေရိကန်၏တွန်းအားပေးချက်တခုခုကို အရေးတယူပြုနေမည်မဟုတ်ပေ။

နိုင်ငံတကာဆက်ဆံရေးတွင် တခြားနိုင်ငံများအား လွှမ်းမိုးနိုင်ပုံအာဏာများ၏ အခန်းကဏ္ဍ

လက်ရှိနိုင်ငံတကာဆက်ဆံရေးတွင် လွှမ်မိုးနိုင်သောအာဏာတခုခုရှိရေးမှာ အချုပ်အချာအာဏာပိုင်မှုသဘောသဘာဝများ၏ ကန့်သတ်ထားနိုင်များပြိုကျလာသည့်အချိန်(အထူးသဖြင့်နိုင်ငံငယ်များအတွက်) တွင် ပိုမိုအရေးပါလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အကြောင်းတရားတခုအနေဖြင့်ပင်ပြောဆိုလာကြသည်။ အရပ်စကားဖြင့်ပြောရမည်ဆိုလျှင် နိုင်ငံတကာဆက်ဆံရေးတွင် “လူရှိန်”စေသော နောက်ခံတခုခုရှိရန်လိုအပ်လာပြီး သမရိုးကျအမြင်ဖြစ်သော စစ်ရေးနောက်ခံသက်သက်သာမဟုတ်တော့ပဲ၊ စီးပွားရေးနှင့် နိုင်ငံရေးကျောထောက်နောက်ခံနှင့်တကွ ခေါင်းဆောင်ပိုင်း၏ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးနိုင်စွမ်းတို့ပါ အရေးပါလာကြသည်။ အမေရိကန်ပြည်ထောင်စု၏ ဗဟိုထောက်လှမ်းရေးဋ္ဌာန(စီအိုင်အေ)၏ ကမ္ဘာ့နိုင်ငံအများအားလေ့လာမှုများမှာ စင်စစ်အားဖြင့် နိုင်ငံတနိုင်ငံစီ၏ လွှမ်းမိုးနိုင်မှုပမာဏကို ခန့်မှန်းတိုင်းတာလိုသဖြင့် လေ့လာနေခြင်းဖြစ်ပြီး ငွေမြောက်များစွာသုံးကာ နိုင်ငံတိုင်းလိုလို၏ ပထဝီရေမြေအနေအထား၊ သဘာဝအရင်းအမြစ်၊ လူဦးရေ၊ စီးပွားရေးအင်အား၊ စစ်အင်အားနှင့် နိုင်ငံရေးစနစ်တို့ကိုအဓိကထားပြီး လေ့လာစမ်းစစ်ချက်များ အစဉ်အမြဲပြုလုပ်နေကြသည်။ နိုင်ငံတကာနိုင်ငံရေးကို လေ့လာလိုသူသည် နိုင်ငံအများ၏ ကိုယ်စီအဓိကထားကြသော အကျိုးစီးပွားနယ်ပယ်ကို သိမြင်နိုင်ရန်အရေးကြီးပြီး အရင်းစစ်ကြည့်လျှင်တော့ နိုင်ငံ၏ အကျိုးစီးပွားနယ်ပယ်ဆိုသည်မှာ အဆိုပါ နိုင်ငံအသီးသီး၏ အစိုးရများ၏ အစိုးရတည်မြဲမှုနှင့် နိုင်ငံ၏ရှိမြဲစွမ်းနိုင်မှုအာဏာအခြေအနေယုတ်လျော့မှုမရှိစေရန် ထိန်းသိမ်းရေးနှင့် တိုးတက်ရေးတို့အတွက် အစိုးရကိုယ်စီက ဆုံးဖြတ်သောဆုံးဖြတ်ချက်များပင်ဖြစ်သည်။ ရုရှားသည် ကော့ကေးဆပ်ဒေသကို နိုင်ငံလုံခြုံရေးအတွက် ခြားခံနယ်တခုအဖြစ် နှစ်ပေါင်းနှစ်ရာမျှထိန်းထားရာမှ ၁၉၉၁တွင် အခြေအနေအရ ထိုဒေသက ခွဲထွက်ရန်ကြိုးစားရာတွင် နည်းမျိုးစုံသုံးပြီး အသည်းအသန်တားဆီးခဲ့သည်ကိုတွေ့ရသည်။ ချေချင်းညာနှင့် ဂျော်ဂျီယာဒေသတွင်း ပဋိပက္ခများတွင်လည်း ထို့အတူပင် ဖြစ်နိုင်သမျှနည်းလမ်းသုံးခဲ့သည်ကိုတွေ့ရသည်။ နိုင်ငံတိုင်းသည် ဒီမိုကရေစီကျပြီး ဖွံ့ဖြိုးပြီးနိုင်ငံပင်ဖြစ်စေကာမူ အချုပ်အချာအာဏာနှင့် အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်လာလျှင် သူတော်စင်သဖွယ်ပြုမူမနေသည်ကို ဗြိတိန်နှင့် အာဂျင်တီးနားတို့၏ ဖောက်ကလန်စစ်ပွဲအတွင်းတွင်လည်း တွေ့မြင်ခဲ့ကြရသည်။ တိုက်ပွဲအတွင်းတွင် ဗြိတိန်တပ်များ၏ ခပ်ကြမ်းကြမ်းတိုက်ပွဲဝင်ခဲ့ပြီး ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ်မာဂရက်သက်ချာ၏အမိန့်ဖြင့် တပ်သားပေါင်းသုံးရာကျော်ရှိသော စစ်သင်္ဘောတစင်းကို တော်ပီဒိုဖြင့်နှစ်မြုတ်ပြီး လူအားလုံးကို သေကြေစေခဲ့ခြင်းအတွက် နိုင်ငံတကာတွင် ဝေဖန်ခံခဲ့ရသည်။ ယခုတလောတွင်လည်း အာဂျင်တီးနားအစိုးရက ဖောက်ကလန်အရေးနှင့်ပတ်သက်၍ တစခန်းထလာရာတွင် လက်ရှိဗြိတိန်အစိုးရကလည်း နျူးကလီးယားစွမ်းအင်သုံးသင်္ဘောများကို ဖောက်ကလန်ကျွန်းအနီးတွင် ပြန်လည်ကင်းလှည့်ထားမည် ဟူသောကောလဟာလများလည်း ထွက်ပေါ်နေသည်။ မာဂရက်သက်ချာလက်ထက်တွင် အလုံးစုံပုဂ္ဂလိကလုပ်ငန်းများပြုရေးအရင်းရှင်စနစ်ပုံစံကို ပြောင်းလဲခဲ့သောကြောင့် အလုပ်သမားလူတန်းစားနှင့်တကွ အစည်းအရုံးသမဂ္ဂပေါင်းစုံ၏ ကန့်ကွက်ဆန့်ကျင်ဆန္ဒပြမှုကိုခံရပြီး အစိုးရအားမကျေနပ်သူများနေချိန်တွင် အစိုးရက ထိုစစ်ပွဲဖြင့် အမျိုးသားရေးဝါဒနောက်ခံပြုကာ ပြည်လည်စည်းရုံးခဲ့သောကြောင့် မာဂရက်သက်ချာက နောက်ထပ်ရွေးကောက်ပွဲတွင်အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသူများလည်းရှိသောကြောင့် ယခုတဖန်ဖြစ်ပေါ်လာဖွယ်ရှိသော ဖောက်ကလန်ကျွန်းအရေးတွင်လည်း လက်ရှိ ဗြိတိန်အစိုးရက သက်ချာလက်ထက်တုန်းကကဲ့သို့ နိုင်ချေများသောစစ်ပွဲအသစ်တခုတိုက်ပြခြင်းဖြင့် အမျိုးသားရေးဝါဒနောက်ခံဖြင့် လူကြိုက်နည်းဝေဖန်ခံနေရမှုများကို ဖုံးကွယ်ရန်ကြိုးစားလိမ့်မည်ဟု ဆိုသူများလည်းရှိနေသည်။ ၉/၁၁ အကြမ်းဖက်မှုဖြစ်ခဲ့သောအခါတွင် အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ်စတန်ကို ဝင်ရောက်တိုက်ခိုက်မည်ဆိုသောအခါ အထိတ်တလန့်ဖြစ်သွားကြသော နေတိုးနှင့်တကွ ဥရောပတလွှားနိုင်ငံများက အားတက်သရောထောက်ခံခဲ့ကြသော်လည်း အီရတ်နိုင်ငံကို ခိုင်လုံသောအကြောင်းပြချက်မပါပဲ ရေနံရလိုသည့်ရည်ရွယ်ချက်ဖြင့် ဝင်တိုက်သည့်အခါတွင်တော့ ဥရောပသမဂ္ဂဝင်နိုင်ငံများသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် သိပ်အကျိုးရှိလှမြင်မထင်သောကြောင့် ယခင်အကြိမ်လောက် အမေရိကန်ပြည်ထောင်စုကို အားတက်သရောမထောက်ခံတော့ပေ။

သံတမန်များ၏ အလုပ်သည် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက်ကိုသာလျှင် ကိုယ်စားပြုပြီး လှုပ်ရှားမှုပြုလာရသည့်နည်းတူ မိမိတို့နှင့် အကျိုးစီးပွားတူသူများနှင့်လည်း မဟာမိတ်ပြုကာ လိုချင်သောအကျိုးစီးပွားကို ရရှိအောင်ပူးပေါင်းဆောင်ရွက်လာကြရသည်။ အမျိုးသားအကျိုးစီးပွားရှာကြသည်ဆိုရာတွင်လည်း အပေါ်ယံလက်ခံချင်စရာကောင်းအောင် အမည်တမျိုးတပ်ထားပြီး အမှန်တကယ်ရှာဖွေသော ဖုံးကွယ်ထားသည့် အမျိုးသားအကျိုးစီးပွားမျိုးလည်းရှိလေသည်။ သိမ်းငှက်များ(Hawks)ဟု အမည်ပေးခြင်းခံရသော ကွန်မြူနစ်မုန်းတီးသည့် အမေရိကန်နိုင်ငံရေးသမားနှင့် ပညာရှင်အချို့က အရှေ့တောင်အာရှရှိ ကွန်မြူနစ်တို့၏ အောင်ပွဲမှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာလိမ့်မည်ဟူ၍ ကွန်မြူနစ်တို့အားကြောက်ရွံ့မုန်းတီးမှုနောက်ခံကို အခြေခံ၍ မရိုးသားသော အမျိုးသားအကျိုးစီးပွားပုံစံတခုဖန်တီးပြီး ဗီယက်နမ်အား ကျူးကျော်ခဲ့ရာတွင် အချို့ပညာရှင်များက ဗီယက်နမ်ဒေသတွင်းအရေးသည် အမေရိကန်ပြည်ထောင်စုအကျိုးစီးပွားကို မည်သို့မျှထိခိုက်မှုမရှိစေပဲ ဝါဒရေးရာနှိပ်ကွက်ရေးလုပ်ခဲ့ခြင်းသာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကိုလည်း တန်ပြန်အထိနာစေခဲ့ကြောင်းထောက်ပြခဲ့ကြသည်။ လက်ရှိခေတ်တွင်လည်း အရေခြုံအမျိုးသားအကျိုးစီးပွားနှင့် အခြားကမ္ဘာ့နိုင်ငံများငြိမ်းချမ်းရေးအကျိုးစီးပွားပုံစံဖမ်းထားသော အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အစုလိုက်အပြုံသေကြေစေသောလက်နက်များရှိသည်ဟူသော အကြောင်းပြချက်ဖြင့် အီရတ်အား အမေရိကန်က ကျူးကျော်ခဲ့ရာတွင် အဆုံးသတ်၌ အလိမ်အညာများသာဖြစ်သည်ကို အားလုံးတွေ့ခဲ့ကြရပြီး ရေနံရလိုသော ရည်ရွယ်ချက်ဖြင့် ကျူးကျော်ခဲ့ကြသောအကြောင်းရင်းအမှန်ကိုလည်း အမေရိကန်ရေနံကုမ္မဏီကြီးများက ကန်ထရိုက်ဝေစုများ အများစုရရှိသွားသည်ကို ကြည့်ခြင်းဖြင့် တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်။

နိုင်ငံတနိုင်ငံချင်းစီ၏ နိုင်ငံရေးအတွင်းတွင် နိုင်ငံခြားရေးမူဝါဒချမှတ်ကြပုံကို လေ့လာကြည့်မည်ဆိုလျှင်လည်း ဒီမိုကရေစီအတော်အတန်ရရှိပြီးနိုင်ငံပင်ဖြစ်စေကာမူ နိုင်ငံအတွင်းတွင် ပြည်တွင်းရေးရာများလောက် အာရုံစိုက်ခံရခြင်းမရှိသည့်အတွက် အုပ်ချုပ်ရေးထိပ်ပိုင်းမှလူများနှင့် လူမလိုင်များကသာလျှင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံခြားရေးမူဝါဒတို့မှာ မည်သို့မည်ပုံဆိုသည်ကို အနှောက်အယှက်သိပ်မရှိလှပဲ စိတ်ကြိုက်ပြဋ္ဌာန်းနိုင်နေသလိုဖြစ်နေပြီး နိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးတို့အဆင်ချောစဉ်အချိန်ဆိုလျှင် ထိုအခြေအနေမှာ ပိုမိုသိသာလှပြီး စစ်ပွဲအရေးနှင့် စီးပွားရေးကျဆင်းမှု စသည်တို့ဖြစ်လာမှ အလန့်တကြားဖြစ်ပြီး ကန့်ကွက်ရန်သတိရလာကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ထိုအခြေအနေမှာအသိသာဆုံးဖြစ်ပြီး နောက်ပိုင်းဝေဖန်ခံရသော နိုင်ငံခြားရေးမူဝါဒကျင့်သုံးပုံများမှာ အစဦးတွင် ကွန်ဂရက်၌ အထူးတလည်ကန့်ကွက်ခြင်းမခံရပဲ သဘောတူခဲ့သော မူဝါဒများဖြစ်ခဲ့သည်ဆိုသော အချက်ကိုတွေ့ရသည်။ ဖြစ်ပုံမှာ ဒီမိုကရေစီစနစ်အရ အစိုးရ၏ မူဝါဒချမှတ်ပုံများကို ပြည်သူများက လွှမ်းမိုးနိုင်ခွင့်သည် သဘောတရားအရရှိသည်ဆိုသော်လည်း လက်တွေ့တွင်မူ မူဝါဒများချမှတ်ပြီး ဆိုးဝါးသောအကျိုးသက်ရောက်မှုများပေါ်လာသည့်အခါတွင်မှ လူထုဘက်မှ မကျေနပ်ကြောင်းပြခွင့်ရသလိုဖြစ်နေသော ကန့်လန့်ကာနောက်ကွယ်မှ မူဝါဒချမှတ်မှု၊ ဥပဒေပြဋ္ဌာန်းမှုများကို ကမ္ဘာ့နိုင်ငံရေးဇတ်ခုံနေရာအတော်များများတွင် ဖြစ်ပျက်နေကြောင်းကို ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးနှင့် စီးပွားရေးလျှို့ဝှက်ချက်များကို ဖွင့်ချနေသော ဝီကီလိခ် အင်တာနက်စာမျက်နှာနှင့် ထူထောင်သူ ဂျူလီယန်အဆန့်ဂ်ျ တို့၏ ကျေးဇူးဖြင့် သိရှိလာကြရပြီဖြစ်သည်။ ထို့အပြင် ထိုအဖွဲ့၏ ဖွင့်ချမှုများကို ကြောက်ရွံ့၍ တရားမျှတမှုမရှိသော နည်းလမ်းများဖြင့် ပိတ်ပင်ထားဆီးနေသော အမေရိကန်ဦးဆောင်သော ကမ္ဘာ့ပုလိပ်လူတသိုက်နှင့် ခေါင်းပုံဖြတ်လက်ဝါးကြီးအုပ် နိုင်ငံတကာအရင်းရှင်များ၏ လုပ်ရပ်များကလည်း သူတို့၏ မရိုးသားမှုနှင့် မမှန်မကန်လုပ်ဆောင်ခဲ့မှုများကိုပင် ပိုမိုပုံပေါ်လာစေနေ၏။

ငြိမ်းချမ်းရေးထူထောင်ခြင်း

စစ်ပွဲများတားဆီးရေးနှင့် ငြိမ်းချမ်းရေးထူထောင်သည်ဆိုရာဝယ် နိုင်ငံအများစုပေါင်းကြံစည်စဉ်းစားကြပြီး ဖော်ဆောင်လုပ်ကိုင်ခဲ့သော နည်းလမ်းများစွာရှိခဲ့သော်လည်း မည်သည့်နည်းလမ်းမျှ အသေအချာအလုပ်ဖြစ်အောင်မြင်သွားသည်ဟူ၍ မရှိသေးပါ။ ၄င်းတို့မှာ ကမ္ဘာ့အစိုးရသဖွယ်ဖြစ်လာရေး၊ တဖက်သက်လုပ်လာသောနိုင်ငံအား အားလုံးဆန့်ကျင်ကြရေးအယူအဆ၊ သီးခြားဘုံသဘောဆောင်သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခြားနယ်ပယ်များအားလုံးတို့တွင် ယုံကြည်မှုတိုးလာပြီး အားလုံးပူးပေါင်းဆောင်ရွက်လာကြရေးအယူအဆ၊ နိုင်ငံများအကြား ပဋိပက္ခများတွင် နှစ်ဘက်စလုံးအားဘက်မလိုက်သော ကြားနေနိုင်ငံထား၍ဖြေရှင်းခြင်း၊ သမရိုးကျ သံတမန်မှတဆင့်ဆက်ဆံခြင်းနည်းလမ်းဖြင့် ငြိမ်းချမ်းရေးအဖြေရှာခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအတွက် နိုင်ငံတကာတပ်ဖွဲ့များထားရှိရေး စသည်တို့ဖြစ်ကြသည်။

ကမ္ဘာ့အစိုးရသဖွယ်ဖြစ်စေရေးအကြံအစည်မှာ မဖြစ်နိုင်ဆုံးနည်းလမ်းအဖြစ်ယူဆထားကြပြီဖြစ်ပြီး အဓိကအခက်အခဲမှာ ဤအခန်းအစတွင်ဖော်ပြခဲ့ပြီးဖြစ်သော အချုပ်အချာအာဏာပိုင်စိုးမှု(sovereignty)ကိစ္စပင်ဖြစ်သည်။ နိုင်ငံငယ်လျှင်ငယ်သလို တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ နိုင်ငံကြီးများ၏လွှမ်းမိုးမှုကိုခံနေရသော နိုင်ငံများ၏ မိမိနိုင်ငံတွင်းတွင်တော့ တတ်စွမ်းသမျှသြဇာအာဏာရှိနေစေရေးကြိုးစားနေရသော အခြေအနေကိုမဆိုထားဘိ ကုလသမဂ္ဂအား အလွှမ်းမိုးနိုင်ဆုံးဖြစ်နေသေးသော အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က သူ့ပြည်ထောင်စု၏ အချုပ်အချာအာဏာကို ဖဲ့ပေးလိုသော ဆန္ဒမရှိပါ။ ထို့ကြောင့် ကုလသမဂ္ဂအား ကမ္ဘာ့အစိုးရအသွင်ဖြစ်လာရေးမျှော်လင့်နေမည်ဆိုလျှင် အမှားကြီးမှားမည်ဖြစ်ပြီး နိုင်ငံငယ်များ၏ တရားမမျှတစွာ အခြားနိုင်ငံများ၏ အနိုင်ကျင့်ခံရမှုများ၊ ဒီမိုကရေစီနည်းကျနိုင်ငံရေးစနစ်ကို မကျင့်သုံးနိုင်သေးသော နိုင်ငံများမှ အစိုးရများ၏ဖိနှိပ်မှုကိုခံရသော ပြည်သူလူထုများ တို့သည် ကုလသမဂ္ဂအတွင်း အရေးဆိုကြရာတွင်  နိုင်ငံကြီးများအကြား အင်အားချိန်ခွင်လျှာထိန်းညှိမှုဖြစ်စဉ်၏ ရံခါဖိတ်စင်လာသော ဘေးထွက်ဖြစ်စဉ်များအရထည့်သွင်းစဉ်းစားခံရခြင်း သို့မဟုတ် မိမိတို့နိုင်ငံတွင် နိုင်ငံကြီးများမျက်စိကျစရာ သယံဇာတတခုခု စသည်တို့ မရှိပါပဲနှင့် ကမ္ဘာ့ နိုင်ငံရေးဇတ်ခုံတွင် တရားမျှတပြီးအမှန်အတိုင်းဖြစ်စေရေးအတွက် မမျှော်လင့်နိုင်ပဲ များသောအားဖြင့် တင်ပြလာမှုအတော်များများကို ပယ်ချလေ့ရှိသော တရုတ်နှင့် ရုရှားတို့၏ဗီတိုမဲများကိုသာလျှင် ရင်ဆိုင်ရကိန်းရှိသည်။ ကုလသမဂ္ဂသည်ပင် အချိန်တော်တော်များများတွင် သံတမန်များထိတွေ့ဆက်ဆံရာ ဆုံရပ်တခုအသွင်သာသာ သာဖြစ်နေသည်ကို တွေ့ကြရသည်။ နိုင်ငံကြီးများ၏ မျက်နှာပန်းလှစေရန် ထောက်ပံ့ပေးထားသော အခြားနိုင်ငံတကာစီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၏ လည်ပတ်မှုဖြင့်သာ အဓိက ဂုဏ်သိက္ခာရှိနေသေးသလိုဖြစ်နေပြီး ယဉ်ကျေးမှုဆိုင်ရာ ကုလအဖွဲ့အစည်းတခုသာလျှင်ဖြစ်သော ယူနက်စကိုက ပါလက်စတိုင်းအား နိုင်ငံတခုသဖွယ်အသိအမှတ်ပြုခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စု၏ အမျက်တော်ရှခံရကာ ကူငွေဖြတ်တောက်ခြင်းခံခဲ့ရသေးသည်။

နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ခေါ်ကြသော ပထမကမ္ဘာစစ်အပြီးတွင် တည်ထောင်ခဲ့သော အမေရိကန်ပြည်ထောင်စုမပါဝင်သည့် အကြီးဆုံးနိုင်ငံတကာအဖွဲ့အစည်းမှာ တဖက်သတ်လုပ်လာသော နိုင်ငံအား အားလုံးဆန့်ကျင်တိုက်ခိုက်ကြရေး(collective security)အယူအဆဖြင့် ဖွဲ့စည်းခဲ့သော်လည်း စာရွက်ပေါ်တွင်သာ အလုပ်ဖြစ်မည့်ပုံပြခဲ့ပြီး ဆယ်စုနှစ်နှစ်ခုပတ်ဝန်းကျင်သာခံလိုက်ပြီး ဒုတိယကမ္ဘာစစ်နှင့်အတူ ပျောက်ပျက်သွားခဲ့သည်။ သဘောတရားအားဖြင့် ဂျပန်သည် တရုတ်အားကျူးကျော်လာပါက အခြားနိုင်ငံများက တရုတ်ထံသို့ တပ်များစေလွှတ်ပြီး တရုတ်အားကာကွယ်ရန်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဂျပန်က ၁၉၃၁တွင် မန်ချူးရီးယားကို ကျူးကျော်ခဲ့ရာ၌ တရုတ်ဘက်ကစတင်ခဲ့သည်ဟု လိမ်ညာခဲ့ပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးကိုယ်တိုင်ကလည်း အဖြစ်အပျက်အား သေချာစွာစီစစ်သုံးသပ်ရန် အားနည်းခဲ့ပြီး တခြားအင်အားကြီးနိုင်ငံများမှာလည်း သူတို့နှင့်ဝေးကွာလှသောနေရာတခုမှာ ရေမြေအားတပ်လွှတ်ပြီးကာကွယ်ရာတွင် မည်သို့သောအမျိုးသားအကျိုးစီးပွားမျိုးမျှ အမြတ်ထွက်နိုင်မည်မဟုတ်ဟုလည်း ယူဆခဲ့ကြသောကြောင့် အခြေအနေမှာ မည်သို့မျှမထူးခြားခဲ့ပဲ အီတလီက အီသီယိုးပီးယားကိုကျုးကျော်သောအခါတွင်လည်း ထို့အတူပင်ဖြစ်ခဲ့ကာ ဂျပန်၊အီတလီနှင့် ဂျာမဏီတို့ကလည်း ထိုအချိန်မှစပြီး အသင်းကြီးမှနုတ်ထွက်ကာ ဒုတိယကမ္ဘာစစ်ကြီးလည်းစတင်ဖြစ်ပွားသည်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ စုန်းစုန်းမြုတ်ကာပျောက်ကွယ်သွားတော့သည်။

တနေရာရာတွင် အလုပ်ဖြစ်ရေးဦးတည်ဆောင်ရွက်ကြခြင်း(Functionalism) ကိုလည်း ကမ္ဘာ့နိုင်ငံများအသီးသီး သွေးကွဲမှုမရှိပဲ ညီညွတ်မှုရှိလာစေရေးအတွက် အသုံးပြုလာသည့်ပုံစံတမျိုးလည်းရှိသည်။ အဓိကဖြစ်ပွားတတ်သော ရောဂါများပူးပေါင်းတိုက်ဖျက်ရေး၊ အစားအစာထုတ်လုပ်ထောက်ပံ့ရေး၊ ရာသီဥတုရေးရာ စံနှုန်းများနှင့် ခန့်မှန်းချက်များ အတူတကွပြုကြခြင်း၊ နိုင်ငံတကာလေကြောင်းစနစ်များအတည်ပြုခြင်း စသည်တို့ဖြင့် သီးခြားနယ်ပယ်တခုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမှနေပြီး အခြားကဏ္ဍပေါင်းစုံတွင် စုပေါင်းလုပ်ကိုင်ရန် ယုံကြည်မှုရှိလာစေခြင်းဖြစ်လာစေရန် အချိန်ယူပူးပေါင်းကြသော ဖြစ်စဉ်ကို ဆိုလိုပါသည်။ ထိုမှနေပြီး နိုင်ငံတကာဆက်ဆံရေးတွင် ပြေပြစ်သောဆက်ဆံရေးအခြေအနေမရသေးသည့်နိုင်ငံများမှ ခေါင်းဆောင်များကို အထိခိုက်မခံနိုင်သော နိုင်ငံရေးစနစ်နှင့်စပ်ဆက်ဆွေးနွေးရမှုမပါသည့် အဆိုပါသီးခြားနယ်ပယ်များဆွေးနွေးမှုများ ဆန့်ကျင်ဘက်လိုဖြစ်နေသောနိုင်ငံများအတွင်း ကြုံနေရသော ဘုံပြဿနာများ ပူးပေါင်းဖြေရှင်းကြရန်အတွက် နိုင်ငံတကာစားပွဲဝိုင်းသို့ ခေါ်ယူနိုင်လိမ့်မည်ဟုလည်း မျှော်လင့်သူက မျှော်လင့်ကြသည်။ သို့သော်လည်း ထိုသီးခြားနယ်ပယ်အတွက်သာ ဆွေးနွေးမှုကပင် ပြဿနာ၏ရင်းမြစ်အကြောင်းအရာဖြစ်သွားနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုက အစ္စရေးနှင့် တောင်အာဖရိကနိုင်ငံတို့အား ၄င်းတို့ပြုလုပ်နေသော ပြည်တွင်းပြည်ပတရားမမျှတမှုများကို အကြောင်းပြကာ ယူနက်စကိုအဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်းရှိခဲ့ဖူးသလို၊ အမေရိကန်ပြည်ထောင်စုကြီးကိုယ်နှိုက်က ယူနက်စကိုအဖွဲ့တွင် ဆိုဗီယက်သြဇာကြီးလွန်းသည်ဟု ပြောဆိုကာ အဖွဲ့မှနုတ်ထွက်ခဲ့ခြင်းများ ရှိခဲ့ဖူးလေသည်။ ထို့အတူပင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးစားကြရာတွင် ခံရသော မတရားမှုပုံစံများအနက်မှတမျိုးဖြစ်သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေများရယူကြရာတွင် နိုင်ငံများ၏ အချုပ်အချာအာဏာထိပါးရသည်ဟူသော ကန့်ကွက်ချက်များသည် အစဉ်အဆက်ရှိနေပြီး ချေးငွေယူမိသော နိုင်ငံငယ်တို့မှာ ထိုငွေကြေးရန်ပုံငွေအဖွဲ့အား အဓိကထောက်ပံ့ပေးထားသော နိုင်ငံကြီးများနှင့် အဆိုပါနိုင်ငံများမှ အရင်းရှင်များအား မျက်နှာသာပေးသော စီးပွားရေးမူဝါဒများ မဖြစ်မနေချမှတ်ပေးရခြင်းအားဖြင့် နိုင်ငံမှာတိုးတက်မလာပဲ ပို၍ပင် ဆင်းရဲချမ်းသာကွာဟမှုကြီးလာသည်ကို တွေ့ခဲ့ကြရသည်။ ထိုအခြေအနေကို အစောဆုံးအနေဖြင့် ဆိုဗီယက်မှခွဲထွက်လာသော အရှေ့ဥရောပနိုင်ငံများက ဦးစွာခံခဲ့ရပြီး ထိုနိုင်ငံများက ပါးနပ်လာသောအခါတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ မျှားဦးသည် အာဖရိကနှင့် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများဘက်သို့ ဦးလှည့်လာခဲ့ပြန်သည်။

တတိယကြားနေနိုင်ငံတနိုင်ငံကို နိုင်ငံများ၏ပဋိပက္ခများအတွင်း ဖြေရှင်းပေးသော ကြားလူအဖြစ်ထားခြင်းမှာလည်း ငြိမ်းချမ်းရေးပြုခြင်းနည်းလမ်းတမျိုးအဖြစ် လက်ခံထားကြသည်။ ကမ္ဘာတလွှားတွင်ဖြစ်ပွားခဲ့သော နိုင်ငံအချင်းချင်းပြဿနာများအကြားတွင် ထိုနည်းလမ်ဖြင့် ဖြေရှင်းပြီး ပြေလည်သွားသောအခြေအနေများရှိသော်လည်း အဓိကအားဖြင့် ပဋိပက္ခအတွင်းတိုက်ရိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ ပြဿနာအား အမှန်တကယ်ပြီးပြတ်အောင်ဖြေရှင်းလိုသော ဆန္ဒရှိရန်လိုအပ်ပြီး အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများဆိုလျှင် ကြားလူနိုင်ငံများ၏ အပြန်အလှန်သတင်းစကားပါးခြင်း၊ ပြဿနာ၏အတိမ်အနက်ကို ရှင်းလင်းပြခြင်းနှင့် အလျော့အတင်းလုပ်ရေးအကြံဉာဏ်များပေးခြင်းတို့ကို မည်မျှပင်ပြုခဲ့ကြသော်လည်း ယာယီပြေလည်သလိုနှင့် ရေရှည်တွင် လိပ်ခဲတည်းလည်းဖြစ်နေသေးသော ပဋိပက္ခများဆက်ရှိနေသေးသည်။

သံတမန်များအပြန်အလှန်ထားရှိပြီး နိုင်ငံတကာဆက်ဆံရေးအဆင်ပြေစေရန်အတွက် အဖြေရှာကြခြင်းမှာ ရှေးအကျဆုံးနည်းလမ်းတခုဖြစ်ပြီး ထိုသို့အရိုးရှင်းဆုံးနည်းလမ်းမျိုးအတွက် အမှန်တကယ်ကျေနပ်လောက်သောအဖြေရရန်မှာမူ နိုင်ငံနှစ်နိုင်ငံစလုံးသည် နိုင်ငံတကာစင်မြင့်တွင် သူမသာကိုယ်မသာ သြဇာရှိသူများရှိရန်လိုအပ်ပြီး အင်အားကြီးသူက သူနှင့်မကြည်သော အစိုးရရှိသောနိုင်ငံများတွင် သံရုံးများပင်ထားရှိရန် ဆန္ဒရှိမည်မဟုတ်သလို ထားလျှင်လည်း သံတမန်ကြီးအဆင့်အတန်းရှိသူကိုထားခြင်းထက် သံရုံးကိုယ်စားလှယ်အဖြစ်သာထားလေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ လစ်ဗျားကဲ့သို့ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားရှိနေသောနိုင်ငံမျိုးတွင် လက်ဝဲဆန်သောအာဏာရှင်ကဒါဖီရှိနေခဲ့သော်လည်း အမေရိကန်သံရုံးလည်းရှိနေခဲ့ပြီး မြောက်ကိုရီးယားတွင်မူ အမေရိကန်သံရုံးလုံးဝမရှိပေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စီးပွားရေးအင်အားကောင်းလာကာစတွင် အမေရိကန်ပြည်ထောင်စုနှင့် ဝေဟင်တွင် လေယဉ်များအချင်ချင်းတိုးတိုက်မှုတို့ဖြင့် သံတမန်ဆက်ဆံရေးတင်းမာခဲ့သော်လည်း နောက်ပိုင်းတွင် သံရုံးများမှတဆင့်သွားသောဆက်ဆံရေးနှင့် ထိုမှစပြီး နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်အလည်အပတ်ပြုခြင်း၊ စီးပွားရေးဆိုင်ရာစာချုပ်များချုပ်ဆိုကြခြင်းဖြင့် တဖြည်းဖြည်းပြန်လည်သင့်မြတ်မှုရခဲ့သည်။

ငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်ခြင်းဖြင့် ငြိမ်းချမ်းရေးရှာခြင်း

နိုင်ငံနှစ်နိုင်ငံအကြား စစ်ဖြစ်လာစေနိုင်သည့်အထိ ပဋိပက္ခများဖြစ်လာသည့်အခါတွင် နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်ခြင်းမရှိသော နိုင်ငံများမှတပ်ဖွဲ့များကို ကုလသမဂ္ဂက စေလွှတ်ပြီးနှစ်နိုင်ငံပဋိပက္ခများကို အပြန်အလှန်မဖြစ်တော့အောင် ထိန်းထားသည့်နည်းလမ်းသုံးသည်ကို အာရပ်တို့နှင့် အစ္စရေးနိုင်ငံ၏ ပဋိပက္ခများအကြား၊ ဂရိနှင့်တူရကီတို့၏ ဆိုက်ပရက်အရေးအခင်းများ စသည်တို့တွင် ကုလတပ်များကို ပို့လွှတ်ပြီး နှစ်ဖက်ရန်စောင်နေခြင်းနည်းစေရန် တားဆီးခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖော်ဆောင်ရန်မဖြစ်နိုင်ပဲ ဖော်ဆောင်မည်ဆိုလျှင်လည်း စစ်၏သဘောအတိုင်းတဖက်ဖက်သို့လိုက်ပြီး တိုက်ပေးရတော့မည်ဖြစ်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းလည်းမမည်နိုင်တော့ချေ။ ကနဦးအစ ကုလတပ်ဖွဲ့စည်းပုံဖြစ်သော ကုလသမဂ္ဂကာကွယ်ရေးအင်အားစု(the UN Protective Force)သည် မည်သို့အခြေအနေရောက်လျှင် မည်သည့်ဘက်သို့ပစ်ခတ်ခွင့်ရှိသည်ဆိုသော စည်းမျဉ်းများရေရာမှုမရှိသည့်အတွက် ဘော့စနီးယားအရေးအတွက် ထိုတပ်ဖွဲ့များဘော့စနီးယားအရေးသို့စေလွှတ်ရာတွင် ဒေသတွင်း အပြန်အလှန်ပစ်ခတ်ကြမှုများအား ထိထိရောက်ရောက်မတားဆီးနိုင်ခဲ့သောကြောင့် အရှက်ရခဲ့ရပြီး နောက်ပိုင်းတွင် နေတိုးအဖွဲ့နောက်ခံထားသော ငြိမ်းချမ်းရေးထူထောင်ရေးတပ်(Implementation Force)ကုလတပ်ဖွဲ့အဖြစ် အမည်ပြောင်းပြီး မည်သည့်အခြေအနေတွင် ပဋိပက္ခဖြစ်သည့်နှစ်ဘက်စလုံးအားပြန်လည်ပစ်ခတ်နိုင်သော စည်းမျဉ်းကိုလည်း တိကျအောင်ပြင်ဆင်ခဲ့သောကြောင့် အောင်မြင်မှုအတော်အတန်ပြန်ရခဲ့သည်။ ကမ္ဗောဗီးယားရှိ ခမာနီများဆိုလျှင် ကုလတပ်ဖွဲ့ဝင်များက လာရောက်တပ်စွဲကြသော်လည်း မည်သို့မျှအခွင့်အာဏာမရှိသည်ကိုသိသောကြောင့် တပ်သားများအားပြန်ပေးဆွဲခြင်းများပင် ပြုခဲ့ဖူးသည်။္ဗ

အဓိကထည့်သွင်းစဉ်းစားရသောအချက်မှာ မည်သို့ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မျိုးပို့လွှတ်ရသည်ဖြစ်စေ ပို့လွှတ်မည့်ဒေသတွင်း အချင်းချင်းယာယီငြိမ်းချမ်းရေးသဘောတူညီမှုတခုယူပြီးဖြစ်ရန်လိုအပ်ပြီး တိုက်ပွဲများအပြန်အလှန်ပြင်းထန်နေချိန်တွင်တော့ ကုလတပ်များချက်ချင်းဝင်ရောက်နိုင်ရန် စည်းမျဉ်းနှင့် ဥပဒေများမရှိပဲ ထိုအခြေအနေမျိုးတွင် နေတိုး သို့မဟုတ် အမေရိကန်တပ်များဦးဆောင်သည့်မဟာမိတ်အဖွဲ့၏ စစ်ပွဲဝင်ရောက်ဆင်နွှဲခြင်းပုံစံဖြင့်သာ ဝင်ရောက်လေ့ရှိသည်။ ထိုသို့ဝင်ရောက်ရန်မှာမူ ပြဿနာဖြစ်ပွားနေသည့်နေရာတိုင်းတွင် နေတိုးနှင့် မဟာမိတ်တပ်များက ဝင်ရောက်ရန်စဉ်းစားလိမ့်မည်မဟုတ်ပဲ အထက်တွင် အကြိမ်ကြိမ်ဖော်ပြခဲ့သလို အဆိုပါ တပ်ပေါင်းစုအဖွဲ့ဝင် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားမည်မျှရှိမည်ဆိုသောအချက်မှာ ပြဿနာ၏ တရားမမျှတမှုအတိမ်အနက်ထက်ပို၍အရေးပါနေသည်။ ထိုသဘောကို လတ်တလောအတွင်း အထင်ရှားဆုံးတွေ့ခဲ့ရသည်မှာ လစ်ဗျားအရေးအခင်းနှင့် ဆီးရီးယားအရေးအခင်းတို့တွင် နေတိုးအဖွဲ့မှ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ပါဝင်ပတ်သက်မှုအတိုင်းအတာ ကွာခြားမှုကိုကြည့်၍သိနိုင်သည်။ အရင်ဦးဆုံးဖြစ်ပွားခဲ့သော လစ်ဗျားအရေးတွင် လစ်ဗျားရှိ ရေနံတွင်းများကို အမျိုးသားအကျိုးစီးပွားအဖြစ်မြင်ကြသည့် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုကြောင့် တပ်ဖွဲ့များမဝင်ရောက်စဉ်ကပင် အတွင်းမှ လက်နက်ကိုင်တော်လှန်သူများကို လက်နက်များထောက်ပံ့ခြင်းများရှိခဲ့ပြီး လစ်ဗျားထက်ပိုပြီး သွေးထွက်သံယိုဖြစ်မှုနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများခဲ့သည့် ဆီးရီးယားတွင်မူ သူတို့အတွက် လစ်ဗျားလောက် မက်စရာ အမျိုးသားအကျိုးစီးပွားမရှိဟု နေတိုးအဖွဲ့ဝင်နိုင်ငံအများစုက ယူဆသောကြောင့် နေတိုးအဖွဲ့က စစ်ရေးအကူအညီဝင်ရောက်မည်မဟုတ်ကြောင်းပွင့်ပွင့်လင်းလင်းကြေငြာခဲ့သလို ပုန်ကန်သူများအား လက်နက်အကူအညီပေးရေးကိုပင် အင်တင်တင်ရှိကြကာ ထိုအတွက်ကိုပင်ဆွေးနွေးပွဲများအကြိတ်အနယ်လုပ်နေရသေးသည်။

အချုပ်အချာအာဏာပိုင်စိုးမှု၏ ဘောင်များမှ လွန်မြောက်လာမှုများ

နိုင်ငံတကာဆက်ဆံရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက ဖွံ့ဖြိုးတိုးတက်လာရန်ကြိုးပမ်းကြရာတွင် နိုင်ငံကြီးများ၏ နောက်ခံရှိသော နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများက အကူအညီပေးသည်ဆိုသော်လည်း အကူအညီယူသော နိုင်ငံ၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာများတွင် ကန့်သတ်စွက်ဖက်ချက်ပြုလုပ်ခြင်းဖြင့် နိုင်ငံ၏ အချုပ်အချာအာဏာကို တနည်းတဖုံထိပါးနေသည်ဆိုသော ကိစ္စမှာ စောစီးစွာပင် နိုင်ငံတကာတွင် အသံထွက်နေခဲ့သောကိစ္စဖြစ်သည်။ သို့သော်လည်း တဖက်တွင်မူ နိုင်ငံတနိုင်ငံစီ၏ အချုပ်အချာအာဏာကို အနည်းငယ်ဈေးလျှော့ပေးမှ အားကောင်းနိုင်မည်ဖြစ်သော နိုင်ငံတကာဥပဒေ၏ အားကောင်းလာပုံကို ဒုတိယကမ္ဘာစစ်အပြီး ဂျာမန်စစ်ရာဇဝတ်ကောင်များကို နုရင်ဘတ်ခုံရုံးတွင် ရုံးတင်အပြစ်ပေးနိုင်ခဲ့သည်မှစတင်ပြီး နောက်ပိုင်း ဘော့စနီးယားနှင့် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုကို ကျုးလွန်ခဲ့ကြသော ရာဇဝတ်ကောင်များကိုလည်း နိုင်ငံတကာတရားရုံးများတွင် စီရင်အပြစ်ချမှတ်နိုင်သည်တို့ကိုကြည့်၍(ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွက်ဖက်ခံရမှုများကို လျစ်လျှူရှုကာ) နိုင်ငံတကာငြိမ်းချမ်းရေးအတွက်လိုအပ်သော နိုင်ငံတကာဥပဒေအားကောင်းလာသည်ဟူ၍ အပေါ်ယံကောက်ချက်စွဲပြီး အကောင်းမြင်လိုကြသူများလည်းရှိပေသည်။ သို့သော်လည်း လက်တွေ့တွင် ထိုသို့ နိုင်ငံသားများအား မတရားသဖြင့် ပြုမူကြသည့်သူတိုင်း တရားစီရင်ခံရသည်မဟုတ်မူပဲ အမေရိကန်နှင့်တကွ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားသည်သာလျှင် ပထမဦးစားပေးဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏နောက်ခံစေတနာသည် အမှန်တကယ် ကမ္ဘာ့ငြိမ်းချမ်းရေးရလာရေးနှင့် တရားမျှတမှုရှိရေး တိုက်ရိုက်ရည်ရွယ်ရင်းမရှိပဲ သူတို့၏ နိုင်ငံရေးကစားကွက်များအတွင်းမှ ကံကောင်းထောက်မစွာဖြင့် ကယ်မခြင်းခံရမည်ကိုသာ စောင့်နေရမလိုဖြစ်နေ၏။

ဒီမိုကရေစီအနှစ်သာရအတော်အတန်ရှိသော ထိုနိုင်ငံများတွင်ပင် ထိုသို့ အမျိုးသားအကျိုးစီးပွားကိုသာလျှင် အမှန်တကယ်အဓိကထားသည်ကိုကြည့်လျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားတို့ကဲ့သို့ နိုင်ငံမျိုးများဆိုလျှင် သူတို့နှင့် အမျိုးသားအကျိုးစီးပွားအရဆက်ဆံရသော နိုင်ငံငယ်များအတွင်း နိုင်ငံရေးစနစ်တရားမမျှတမှုကို ပို၍ပင်လျှစ်လျူရှုတော့မည်ဖြစ်ပြီး ကုလသမဂ္ဂစင်မြင့်တွင်လည်း မတရားခံနေရသောနိုင်ငံသားများအရေးကိုတင်ပြကြတိုင်း ပြည်တွင်းရေးမစွက်ဖက်သင့်ဟူသော အကြောင်းပြချက်များဖြင့် တားဆီးနေသော ဗီတိုမဲများက ထိုအခြေအနေကိုသက်သေပြနေကြ၏။ ထိုသို့ပြော၍ အနောက်နိုင်ငံများ၏ နိုင်ငံရေးနှင့်စီးပွားရေးအကူအညီများကို ပိုမိုမျှော်လင့်သင့်သည်ဟုလည်းမဆိုလိုပါ။ အနောက်နိုင်ငံတို့သည် ဒီမိုကရေစီအတော်အတန်ကျင့်သုံးနိုင်နေသေးသော နိုင်ငံများဖြစ်သည်နှင့်အတူ အခြားနိုင်ငံငယ်များကို ကူညီရာတွင်လည်း စီးပွားရေး၊ပညာရေးစသည်တို့ တိုးတက်အောင်ကူညီသည်ထက် နိုင်ငံရေးစနစ်ကို ဒီမိုကရေစီနည်းကျဖြစ်အောင် ကူညီမှသာလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ အမှန်တကယ်တိုးတက်လာနိုင်သည်ကို သိလာကြသော်လည်း အထက်တွင်ပြောခဲ့သလို အမျိုးသားအကျိုးစီးပွားထက် မည်သည့်ဝါဒရေးရာမျှ တကယ်တမ်းအရေးကြီးသည်မဟုတ်သောကြောင့် မတရားသော စနစ်အားတရားသယောင်ဖြင့်လည်းကောင်း၊ ဗြောင်ကျကျပင် မတရားသောနိုင်ငံရေးစနစ်အတွင်းမှ ခေါင်းဆောင်များနှင့် ပလဲနံပသင့်အောင် ဆက်ဆံခြင်းများကိုလည်း ရှိခဲ့ပြီး ရှိနေဆဲလည်းဖြစ်သည်။ ကဒါဖီနှင့် မူဘာရတ်တို့မှာ အထက်တွင်ကိုးကားခဲ့ပြီးသော အထင်ရှားဆုံးဥပမာများဖြစ်ပြီး ထိုခေါင်းဆောင်များမပြုတ်ကျမီ လပိုင်းအလိုလောက်အထိပင် အမေရိကန်နှင့်တကွ အနောက်နိုင်ငံများနှင့် ဖက်လဲတကင်းဆက်ဆံရေးရှိနေခဲ့ပြီး ယခုမတတ်သာသော အခါမှသာလျှင် ယခင်ခေါင်းဆောင်ဟောင်းများမှာ မတရားသောအာဏာရှင်များဖြစ်ခဲ့သည့်သဖွယ် အရှက်ပြေ(သို့မဟုတ်) အရှက်မရှိ ပြောင်းလဲ ပြောဆိုလာကြခြင်းဖြစ်သည်။ အာရှတွင်ဆိုလျှင်လည်း အင်ဒိုနီးရှားအာဏာရှင်ဆူဟာတိုကို အနောက်အုပ်စုက ထောက်ခံခဲ့ပြီး အမြတ်ထုတ်လိုသော စီးပွားရေးများလာရောက်လုပ်ကိုင်ခဲ့သောကြောင့် နိုင်ငံချွတ်ခြုံချပြီး ကျန်ခဲ့ရသည်။ အာဖရိကတွင်ကြည့်မည်ဆိုလျှင်လည်း တရားမျှတသော ရွေးကောက်ပွဲများဖြင့် တက်လာသောအစိုးရဟုတ်မဟုတ်သံသယဖြစ်ခံခဲ့ရသော်လည်း အနောက်နိုင်ငံများ၏ အကူအညီများကို အတော်များများရခဲ့ပြီး နိုင်ငံအခြေအနေလည်း သိသိသာသာတိုးတက်ထူခြားမလာခဲ့သော နိုင်ဂျီးရီးယားနိုင်ငံ၏ အဖြစ်ကို ဖွံ့ဖြိုးရန်နှင့် နိုင်ငံရေးစနစ်ကောင်းရန်ကြိုစားဆဲနိုင်ငံများရှိနိုင်ငံသားများက သင်ခန်းစာယူကာ ဒီမိုကရေစီအရဖြစ်စေလိုသော နိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းကို တည့်မတ်ပေးရမည်ဖြစ်သည်။ နိုင်ဂျီးရီးယားကဲ့သို့ သယံဇာတကျိန်စာတိုက်ခံရမယ့်အရေးကို တွေးခေါ်မြှော်မြင်နိုင်ရပါမည်။ လိုရင်းမှာတော့ ဒီမိုကရေစီဟူသော အရောင်းမြှင့်တင်ရေးစကားလုံးဖြင့် ဟန်ပြကောင်းသော အနောက်နိုင်ငံတို့ဖြစ်စေ၊ ခပ်ရှင်းရှင်းပင် အစိုးရကိုသာ တည့်အောင်ပေါင်းကာ လိုချင်သောအကျိုးစီးပွားများရယူသွားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကဲ့သို့နိုင်ငံမျိုးပင်ဖြစ်စေ၊ ထိုနှစ်မျိုးနှစ်စားသော နိုင်ငံများတို့သည် အမျိုးသားအကျိုးစီးပွားသာလျှင် နောက်ခံအကြောင်းရှိကြပြီး အတူတူနှင့် အနူနူသာဖြစ်သည်ဟု ပြောလိုရင်းဖြစ်သည်။

ထိုသို့သော အခြေအနေအရပ်ရပ်ကို သုံးသပ်အပြီးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများဘက်မှစဉ်းစားရာ၌ အဆိုပါနိုင်ငံကြီးပုံစံနှစ်မျိုးအနက်မှ တမျိုးမျိုးသော အမျိုးအစားနှင့် ဘောင်ဝင်သောနိုင်ငံများက မတရားခံနေရသော နိုင်ငံသားများ၏ခေါင်းဆောင်ကို ကူညီဖယ်ရှားပေးလျှင်သော်မှ လွတ်လပ်သွားသောအခြေအနေတွင် တည်ငြိမ်သော နိုင်ငံရေးစနစ်တခုတည်ဆောက်ပေးရန်ထက် အမျိုးသားအကျိုးစီးပွားအတွက် အရင်အမြတ်ထုတ်နေရန်သာ စိတ်စောနေကြသော နိုင်ငံကြီးများ၏အရေအတွက်မှာ အားလုံးလိုလိုပင်ဖြစ်ရာ မတရားသောနိုင်ငံရေးစနစ်တခုရှိနေသေးသော နိုင်ငံတနိုင်ငံတွင် ပြင်ပတွန်းအားဖြင့် စနစ်ပြိုကျသွားလျှင်ပြီးရောပုံစံမျိုးဖြင့် ပြင်ပကို အစဉ်အမြဲအားကိုးနေရင်မသင့်ပေ။ အာရပ်တော်လှန်ရေးများအတွင်းတွင် မိမိတို့တိုက်ဖျက်လိုသူသောနိုင်ငံရေးစနစ်ကို အောင်မြင်စွာတိုက်ဖျက်နိုင်ခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံရှိသော အီဂျစ်အာဏာရှင် မူဘာရတ်ကိုပင် ဖြုတ်ချနိုင်ခဲ့သော အီဂျစ်လူငယ်များနှင့် တူနီးရှားလူငယ်များကို အတုယူရမည်ဖြစ်ပြီး ထိုနိုင်ငံများမှာကဲ့သို့ အစွန်းရောက်သူများသာ ထပ်မံ အုပ်ချုပ်သူလူတန်းစားအသိုင်းအဝိုင်းသို့ ရောက်မလာစေရေးကိုလည်း သင်ခန်းစာယူကာ အမှီအခိုနှင့် လွှမ်းမိုးမှုတတ်နိုင်သမျှကင်းသော တရားမျှတပြီး ဒီမိုကရေစီစံနှုန်းများကို ကျင့်သုံးသည့် နိုင်ငံရေးစနစ်တရပ်ပေါ်ပေါက်လာရေးကို အာဏာရှင်နိုင်ငံများအတွင်းရှိ မတရားသောနိုင်ငံရေးစနစ်ကို ပြောင်းလဲလိုသူ နိုင်ငံသားတိုင်းက ဦးတည်ဆောင်ရွက်သင့်လှပေသည်။

Advertisements

One thought on “နိုင်ငံတကာသံတမန်ရေးနှင့် ဆက်ဆံရေး(နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၄)

Leaving a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s