နိုင်ငံရေးဆူပူမှုများနှင့် စပ်လျဉ်း၍…(နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၂)


ခေတ်သစ်အရင်းရှင်များ၏ ပါးနပ်စွာလက်ဝါးကြီးအုပ်ချယ်လှယ်မှု၏ ပယောဂကြောင့်ပေလောမပြောတတ်၊ လက်ရှိခေတ်တွင် အရှင်မွေးနေ့ချင်းကြီးသော ခါတော်မှီနိုင်ငံရေးသိပ္ပံပညာရှင်များအချို့နှင့် စီးပွားရေးပညာရှင်အချို့တို့က ဒီမိုကရေစီစနစ်ကောင်းနှင့် အသေအချာအုပ်ချုပ်လာနိုင်သည့် နိုင်ငံတိုင်းတွင် ”လွတ်” “လပ်”သည့်စီးပွားရေးကျင့်သုံးလိုက်ရုံမျှဖြင့် ထိုနိုင်ငံမှာ နတ်ပြည်တမျှချောင်လည်အဆင်ပြေလာမည့်သဖွယ်ပြောဆိုပြီး နိုင်ငံရေးဆူပူမှု၊အကြမ်းဖက်မှုများလည်း ဖြစ်စရာမလိုတော့သည့်သဖွယ် ပြောဆိုခဲ့ကြဖူးသည်။ သို့သော်လည်း နိုင်ငံရေးနှင့် စီးပွားရေးတိုးတက်ရေးအတွက် အခြေခံခိုင်အောင်အစပျိုးခွင့်ရသော ကြိုးစားဆဲနိုင်ငံများကိုမဆိုထားဘိ၊ တိုးတက်ပြီးနိုင်ငံများတွင်ပင် စီးပွားရေးအလွန်ကျဆင်းမှုများနှင့် နိုင်ငံသားများ၏ မကျေမနပ်ဆန္ဒပြမှုများတိုးပွားလာသည့်အခြေအနေများဖြစ်လာခဲ့သည်။ ထိုအခါတွင် နိုင်ငံတနိုင်ငံ၏ နိုင်ငံသားများအားလုံးလိုလို လူတလုံးသူတလုံးဖြစ်လာရေးမှာ ယခုလက်ရှိအကောင်းဆုံးစနစ်ဟု ဟစ်ကြွေးနေကြသော ဒီမိုကရေစီစနစ်နှင့် ၄င်းနှင့်အတူ ကျွဲကူးရေပါတပါတည်းဖြစ်တည်နေသော လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလိုက်ရုံမျှဖြင့် အဆင်ပြေလာမည်ဆိုသည်များမှာ ထင်သလောက်မလွယ်ကူကြောင်းကို ကမ္ဘာတဝှမ်းလုံး၏ စီးပွားရေးတိုးတက်မှုနှုန်းများကို လေ့လာကြည့်လျှင်သိနိုင်ပါသည်။ အစိုးရစွက်ဖက်မှုအနည်းဆုံးထားရသော လွတ်လပ်သောဈေးကွက်စီးပွားရေး၏ ကြီးထွားရှင်သန်မှုသည် အစဦးတွင် အားလုံးကိုအဆင်ပြေသွားကြစေသယောင်ရှိသော်လည်း ထိုစနစ်အတွင်းမှ ထွက်ပေါ်လာသော အားကောင်းလာသည့် စီးပွားရေးသမားများအချို့၏ အရင်းကလည်း ကြီးထွားလာခဲ့သည်။ ထိုအခါတွင် အစိုးရ၏ စီးပွားရေးအပေါ်တွင် လွတ်လပ်ခွင့်ပေးထားသည့် အတိုင်းအတာကြီးသည်နှင့်အမျှ ထိုစီးပွားရေးသမားများ၏ ဓနအင်အား အားသာချက်ကို အသုံးချကာ ဈေးကွက်အား လက်ဝါးကြီးအုပ်အမြတ်ထုတ် ချယ်လှယ်လာခဲ့မှုများကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရသည်။ အဒမ်စမစ်ပြောခဲ့သော အစိုးရစွက်ဖက်မှုအနည်းဆုံးဖြစ်ရမည့် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကို ဦးစွာပထမ ဦးထိပ်တင်ပြီး အသေအချာကျင့်သုံးခဲ့သည်ဟုဆိုနိုင်သော အမေရိကန်ပြည်ထောင်စုသည် ထို “လွတ်” “လပ်”သောစီးပွားရေးစနစ်၏ ဟာကွက်များကြောင့် ၁၉၃၀ပြည့်နှစ်လွန်များတွင် စီးပွားရေးပျက်ကပ်ဆိုက်ခဲ့ကာ ထိုအချိန်ကပင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအင်အားကြီးသည်နှင့်အမျှ ကမ္ဘာတဝှမ်းလုံး၏ စီးပွားရေးကိုပါ ရိုက်ခတ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်အသွင်ပင်ဆောင်ခဲ့သည်။ ဝယ်လိုအားအဓိကထားပြီး လွတ်လပ်စွာ“လွှတ်”ထားသော စီးပွားရေးမူဝါဒကျင့်သုံးပုံမျိုးသည် ထိုစီးပွားပျက်ကပ်ဆိုက်ခဲ့ရခြင်း၏ အဓိကထားပြီးဝေဖန်ခံရသောအကြောင်းရင်းတရပ်ဖြစ်ခဲ့သည်။ ထိုအချိန်ကတည်းပင် စီးပွားရေးလွတ်လပ်ခွင့်ကို အစိုးရ၏ ထိန်းချုပ်မှုမထားသလောက်ဖြစ်အောင် မူဝါဒမချမှတ်ရဲတော့ပဲ စီးပွားရေးလွတ်လပ်ခွင့်အားစီမံပိုင်ခွင့်ဆိုသည်ကို အစိုးရလက်ထဲသို့ အတိုင်းအတာတခုအထိ အပ်ထားရေးကို လိုအပ်ချက်တခုသဖွယ်ထားလာခဲ့ကြသည်။

အရှင်းရှင်စနစ်တဖြစ်လဲ လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်နှင့်အတူ အုပ်ချုပ်သူထိန်းချုပ်မှုအနည်းဆုံးဖြစ်အောင်ထားသည့် စီးပွားရေးစနစ်မှတဆင့်ချဲ့ကားထားသော အယူအဆဟုဆိုနိုင်သည့် လူတဦးချင်း၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်တွင် သူတပါး၏လွတ်လပ်ခွင့်အားမထိခိုက်သေးသရွေ့ တဦးချင်းလွတ်လပ်ခွင့်အပြည့်အဝရရှိရေးမှာလည်း အစိုးရ၏ ချယ်လှယ်အုပ်ချုပ်မှုနည်းမှဖြစ်မည်ဟူသော အယူအဆလည်း စတင်ကြီးထွားလာခဲ့လေသည်။အဆိုပါ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့်အတူ ယှဉ်တွဲပြီးအားကောင်းလာသော တဦးချင်းလွတ်လပ်ခွင့်ရှိရေးအယူအဆသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတန်ဖိုးများအပေါ် ပိုပြီးတည်မှီလာသည့်အချိန်တွင် လူတဦးချင်း၏ လွတ်လပ်စွာပြောဆိုခွင့်၊လုပ်ကိုင်ခွင့် စသည်များသည် စီးပွားရေးကောင်းမှု၊မကောင်းမှုများအပေါ်တွင် တိုက်ရိုက်အချိုးကျလာခဲ့သည်။ ထိုအခြေအနေတွင် လွတ်လပ်ခွင့်(အထူးသဖြင့် စီးပွားရေးလွတ်လပ်ခွင့်)ကိုအသုံးချပြီး ရလာသောအကျိုးအမြတ်၏ အစွမ်းဖြင့် လူလူချင်းအမြတ်ထုတ်လိုသော စီးပွားရေးလုပ်ငန်းရှင်များသည် ထိုလွတ်လပ်ခွင့်ကို လက်တလုံးခြားလုပ်လှည့်ဖျားအသုံးပြုပြီး လူတဦးချင်းလွတ်လပ်ခွင့်ကို လက်တလုံးခြားထိပါးလာသည့်အခါတွင် တဦးချင်းလွတ်လပ်ခွင့်ရှိရေးအယူအဆကို သည်းခြေကြိုက်နှစ်သက်ခဲ့ကြသူများသည် သူတို့ ဦးစွာတရားခံရှာခဲ့ကြသော အစိုးရကိုပင် မိမိတို့လွတ်လပ်ခွင့်အရေး အကာအကွယ်ရရန်အတွက် ပြန်လည်အားကိုးလာကြရတော့သည်။ထိုအခါတွင် တဦးချင်းက သူတပါး၏လွတ်လပ်ခွင့်ကိုမထိပါးသရွေ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိရေးဟူသောအယူအဆ၏ အခြေခံအုတ်မြစ်မှာလည်း ကိုင်လှုပ်ခြင်းခံလာခဲ့ရသည်။ အစိုးရထိန်းချုပ်မှုနည်းနိုင်သမျှနည်းအောင်ထားရသော စီးပွားရေးနှင့် လူမှုရေးလွတ်လပ်ခွင့်အယူအဆတို့မှာ လူတဦးချင်းစီ၏ လိုအင်ဆန္ဒနှင့် အတ္တကိုဖြည့်ဆည်းပေးမှုတို့တွင် အကောင်းဆုံးဆွယ်ခြင်းဖြစ်သော်လည်း လက်တွေ့လောကတွင် ကျင်လည်နေကြသော အုပ်ချုပ်သူနှင့် စီးပွားရေးလုပ်ကိုင်သူများမှာ လူသူတော်ကောင်းများချည်းမဟုတ်ကြသည့်အခါတွင် ပြဿနာရှိလာတော့သည်။ လူ့အဖွဲ့အစည်းတွင် အလွှမ်းမိုးနိုင်ဆုံးနှင့် လူနည်းစုလည်းဖြစ်သည်ဟုပြောနိုင်သော ထိုလူတန်းစားနှစ်ရပ်က အကျင့်ပျက်လာသည့်အခါတွင် သာမန်လူအများစုသည် မည်သည့်နိုင်ငံရေးစနစ်အတွင်း နေထိုင်သည်ဖြစ်စေ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံများဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။ အထက်တွင်ဖော်ပြခဲ့သလိုပင် ရုပ်ဝတ္ထုပိုင်းတန်ဖိုးများအခြေပြုသည့် စီးပွားရေးက အဓိကကျလာသောခေတ်တွင် စီးပွားရေးအင်အားကြီးသောသူများ၏လွှမ်းမိုးမှုသည် အုပ်ချုပ်သူလူတန်းစားထက်ပင် ပိုမိုကျော်လွန်လာခဲ့သည်။တချိန်တည်းလိုပင် ဒီမိုကရေစီစနစ်အရ အမြဲတမ်းအုပ်ချုပ်ခွင့်မရပဲ သက်တမ်းကန့်သတ်ချက်ဖြင့်သာ အုပ်ချုပ်ခွင့်ရသော၊ ထို့အတွက်ကိုပင် ရွေးကောက်ပွဲများမှတဆင့် လူထုအား စီးပွားရေးကောင်းစေရေးမက်လုံးများဖြင့် အဓိကထားဆွယ်နေရသော အုပ်ချုပ်သူလူတန်းစားအလောင်းအလျာ နိုင်ငံရေးသမားများသည် သူတို့၏အများဆုံးအုပ်ချုပ်ခွင့်ရသော သက်တမ်းကာလကို အပြည့်အဝရရှိရေးအတွက် စီးပွားရေးသမားများကိုလည်း ပိုမိုအားကိုးလာခဲ့ကြသည်။.ထိုအခါတွင် မြေစာပင်အဖြစ် ဘုမသိဘမသိ အမြတ်ထုတ်ခံရသောသူများမှာ အထက်တွင်ဖော်ပြခဲ့သော လောဘနည်း “လူသူတော်ကောင်းများ” ရှိရေးအပေါ်တွင်မူတည်နေသော တဦးချင်းလွတ်လပ်ခွင့်အယူအဆကို နိုင်ငံရေးသမားများမှတဆင့် မှိုင်းတိုက်ခြင်းခံထားရသည့် သာမန်လူတန်းစားတို့ပင်ဖြစ်သည်။ တဦးချင်းလွတ်လပ်ခွင့်အယူအဆ၏ သူတပါးအားမထိခိုက်စေသင့်သော လုပ်ပိုင်ခွင့်အတိုင်းအတာစည်းမျဉ်းသည် နေရာတိုင်းတွင် ကံသေကံမပြော၍မဖြစ်နိုင်လောက်အောင် ပါးလျလွန်းသည့်အခါတွင် ၄င်းအပေါ်အမြတ်ထုတ်လိုသောသူများလည်း အလျှိုအလျှိုပေါ်ထွက်လာရခြင်းဖြစ်ချေတော့သည်။အုပ်ချုပ်သူနှင့် စီးပွားရေးအင်အားကောင်းသောလူတန်းစားတို့မှအပဖြစ်သော သာမန်လူတန်းစားမှာ လွတ်လပ်သောစီးပွားရေးကို လက်တလုံးခြားလှည့်လည်အသုံးပြုကာ လက်ဝါးကြီးအုပ်ချင်သောအရင်းရှင်များ၏စနက်ကြောင့် မိမိတို့လူမှုဘဝနှင့် လွတ်လပ်ခွင့်များ မသိလိုက်မသိဘာသာ ချိုးဖောက်ခံနေရချိန်တွင် လေးနှစ် သို့မဟုတ် ငါးနှစ်တကြိမ် မစားရဝခမန်း ကတိများပေးပြီး နိုင်ငံစီးပွားရေးမကောင်းသည့်အခါတွင် နိုင်ငံသားအားလုံးကို “အညီအမျှ” ခံစားခွင့်များဖြတ်တောက်ပြီးဒုက္ခခံစေကာ စီးပွားရေးကောင်းသည့်အချိန်တွင်လည်း ကောင်းရခြင်း၏အကျိုးအမြတ်ကို ဓနအရင်းအများဆုံးရှိနေသော လူနည်းစုကိုသာလျှင် ခြင်္သေ့ဝေစုရသွားစေသော နိုင်ငံရေးသမားများ၏ နှပ်ချခြင်းကိုလည်း ခါးစည်းခံကြရသောအခါတွင် မိအေးနှစ်ခါနာကြရတော့သည်။ ထိုအခါတွင် ဤအခန်း၏ အဓိကဖော်ပြလိုသော ကိစ္စရပ်များဖြစ်သော နိုင်ငံရေးဆန္ဒပြမှုများမှသည် နိုင်ငံရေးဆူပူမှုနှင့် အကြမ်းဖက်မှုများပေါ်လာစေရေးအတွက် လမ်းစများပေါ်လာစေတော့သည်။

အထက်တွင်ဖော်ပြခဲ့သော အခြေအနေများမှာ လက်ရှိအကောင်းဆုံးစနစ်ဟုဆိုနိုင်သော ဒီမိုကရေစီစနစ်၏ ထိန်းညှိမှုများကြားမှပင် နိုင်ငံရေးမတည်မငြိမ် အုံကြွမှုများဖြစ်နိုင်သည်ကို ပြောလိုရင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကိုပင် ပီပီပြင်ပြင်မရသေးသော၊ မကျင့်သုံးနိုင်သေးသော နိုင်ငံများတွင်မူ နိုင်ငံရေးဆူပူမှုများ၊အကြမ်းဖက်မှုများအတွက် ဖြစ်နိုင်ချေမှာ ပိုမိုမြင့်မားနေမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို စနစ်တကျနှင့် အံဝင်ဂွင်ကျဖြစ်အောင် မသုံးနိုင်သေးသော နိုင်ငံရေးစနစ်တခုခုရှိနေသေးသည့် နိုင်ငံများတွင် နိုင်ငံရေးအုံကြွမှုများမှသည် အကြမ်းဖက်မှုများအထိဖြစ်လာသည့်အထိဖြစ်လာရခြင်းဟု အဓိထားအကြောင်းအရင်းတရပ်မှာ အစိုးရအားနာခံလိုစိတ်ရှိသော သဘောထားများ နိုင်ငံသားများ၏စိတ်အတွင်းတွင် လျော့သထက်လျော့လာခြင်းကြောင့်ပင်ဖြစ်သည်(decreasing legitamacy)။

(မည်သည့်နိုင်ငံရေးစနစ်ပင်ဖြစ်စေ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံအတွင်း နိုင်ငံသားများ၏အစိုးရအပေါ်နာခံလိုသောစိတ်ရှိခြင်း-legitamacy၊ အစိုးရ၏ နိုင်ငံနယ်နမိတ်အတွင်း အချုပ်အချာအာဏာပိုင်စိုးမှုရှိစေရေး-sovereigntyနှင့် အစိုးရခေါင်းဆောင်ပိုင်း၏ နိုင်ငံအပေါ်အမှန်တကယ်လွှမ်းမိုးအုပ်ချုပ်နိုင်သော အာဏာရှိရေး(authority)တို့လိုအပ်ကြောင်းကို တခန်းခွဲပြီး ဖော်ပြခဲ့ပြီးဖြစ်သည်။)

တရားဥပဒေစိုးမိုးရေးရှိခြင်းဟုလည်း တိုက်ရိုက်အဓိပ္ပာယ်ရသော အစိုးရအဥပဒေများအပေါ်လိုက်နာလိုသောစိတ်ထားမှာ ဗြိတိန်ကဲ့သို့သော တိုးတက်ပြီးဒီမိုကရေစီနိုင်ငံမျိုးတွင် အားမကောင်းစရာအကြောင်းမရှိဟု အပေါ်ယံအားဖြင့်ထင်စရာရှိသော်လည်း အင်္ဂလန်၊စကော့တလန်နှင့် ဝေလနယ်တို့တွင်တာဝန်ထမ်းဆောင်ရသော ရဲဝန်ထမ်းများသည် အများအားဖြင့် သေနတ်ကိုကိုင်ဆောင်စရာမလိုသည့်အချိန်တွင် မြောက်အိုင်ယာလန်နယ်တွင်မူ ခွဲထွက်ရေးသမားများ၏ အန္တရာယ်ကြောင့် ရဲဝန်ထမ်းများက အချိန်တိုင်းလိုလိုပင် အသင့်အနေအထား လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေရသည်ကိုကြည့်၍ ဗြိတိန်သည် နိုင်ငံတဝှမ်းလုံးလွှမ်းခြုံသော အစိုးရတရားဝင်မှုအခြေအနေကို ရယူထားနိုင်ခြင်းမရှိသေးသည်ကိုတွေ့နေရသည်။ လတ်တလော နိုင်ငံရေးပြဿနာနှင့် သဘောထားကွဲလွဲမှုများ ကြီးကြီးမားမားမရှိလှပါလျက်နှင့် စကော့တလန်နယ်အမျိုးသားပါတီခေါင်းဆောင်က စကော့တလန်နိုင်ငံအဖြစ်သီးခြားလွတ်လပ်ရေးရရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပကာအဆုံးအဖြတ်ခံရေးကို ပြောဆိုလာသည့်အခါတွင် ဗြိတိန်နိုင်ငံ၏ နယ်အသီးသီးတွင် အစိုးရအပေါ်တရားဝင်အဖြစ်အသိအမှတ်ပြုမှုနှင့် ဥပဒေလက်ခံလိုက်နာလိုမှုတို့မှာ ထင်သလိုခိုင်မြဲနေခြင်းမရှိသည်ကို တွေ့ခဲ့ကြရသည်။ ဗြိတိန်နိုင်ငံနှင့်တကွ အခြားအခြားသော အစိုးရတရားဝင်ဖြစ်မှုအခြေအနေလျော့ကျနေရသော အခြေခံအကြောင်းအရင်းများမှာ နိုင်ငံစီးပွားရေးမကောင်းခြင်း၊အလုပ်လက်မဲ့များခြင်းနှင့် တိုးတက်ပြီးဒီမိုကရေစီနိုင်ငံများတွင်ပင် မဲဆွယ်ရန်ပုံငွေစသော အသွင်တမျိုးမျိုးဖြင့်တွေ့ရလေ့ရှိသော အကျင့်ပျက်ခြစားမှုစသည်များ များပြားလာရခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုနိုင်သည်။ ၄င်းတို့ကို အဆင်ပြေပြေဖြစ်အောင်မထိန်းနိုင်သော အစိုးရသည် နိုင်ငံရေးအုံကြွမှုများကို သေချာပေါက်ရင်ဆိုင်လာရမည်ဖြစ်သည်။

နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်သော နိုင်ငံအတွင်းဆူပူလုယက်မှုများ၊ အကြီးအကျယ်သပိတ်မှောက်ပွဲများဖြစ်ပေါ်ခြင်းများ၊ အသေခံဗုံးခွဲမှုများ၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုများသက်သက်သည် တော်လှန်ရေးအသွင်ဆောင်လာနိုင်မည့်အရိပ်လက္ခဏာများဖြစ်သည်ထက် လူအများစုကြီး၏ အထွေထွေမကျေနပ်မှုများ များပြားနေသော သင်္ကေတတခုအဖြစ်အသွင်ပိုဆောင်ပြီး နိုင်ငံရေးစနစ်တခုလုံး သို့မဟုတ် အစိုးရအဖွဲ့တခုလုံးကို ပြောင်းပြန်လှန်ပြောင်းလဲရေးဦးတည်သော တော်လှန်ရေးတရပ်ဖြစ်စေရန်အတွက်မူ ထိုထက်ပိုသော အကြောင်းအချက်များရှိနေသည်။ မည်သို့ပင်ဆိုစေ နိုင်ငံရေးအုံကြွမှုသည် အမြင့်ဆုံးအဆင့်ရောက်လာပြီး တော်လှန်ရေးအသွင်ဆောင်လာသည်နှင့်အမျှ အများဆုံးတွေ့ရသော တုန့်ပြန်ချက်မှာ စစ်အာဏာသိမ်းမှုပင်ဖြစ်တော့သည်။ နိုင်ငံရေးအကြမ်းဖက်မှုသည် အစိုးရ၏ နိုင်ငံအပေါ်အထွေထွေကိုင်တွယ်မှုညံ့ဖျင်းခြင်းတို့ကို ပြနေသော သင်္ကေတတခုဖြစ်သည်နှင့်အညီ နိုင်ငံကောင်းကျိုးကိုရှေ့ရှုသောအစိုးရဖြစ်သည်ဆိုလျှင် ထိုအုံကြွမှုများကို တည်တည်ငြိမ်ငြိမ်ပြန်လည်တုန့်ပြန်ဖြေရှင်းနိုင်ရေးသည်လည်း နိုင်ငံအတွက်အရေးကြီးပြီး အကြောက်အကန်တုန့်ပြန်မိပါက အစိုးရ၊ပြည်သူနှစ်ဖက်လုံး အထိနာမည်ဖြစ်သည်။ အစိုးရဖက်မှ အကြမ်းပတမ်းဖြေရှင်းခြင်းဖြင့် အစိုးရဂုဏ်သိက္ခာကျဆင်းခြင်းသာဖြစ်နိုင်သော်လည်း နှိမ်နင်းခံရသော ပြည်သူများမှာတော့ အသက်သွေးချွေးများပေးဆပ်ရသည်အထိ များစွာအထိနာမည်ဖြစ်ပေသည်။ အစိုးရအား ပြည်သူများက မခံနိုင်လွန်း၍ကန့်ကွက်ပုံသည် တရားမျှတမှုမရှိသော တည်ဆဲဥပဒေတခုခုအား ချိုးဖောက်ဆန္ဒပြခြင်းဖြင့်စတင်လေ့ရှိပြီး ဖြိုခွင်းသူများဘက်မှလည်းအစဦးတွင် အမှန်တကယ်ပြဿနာဖြစ်နေခြင်းကို ဝန်ခံလိုစိတ်မရှိကြပဲ အစွန်းရောက်သွေးကြွသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဟုဆိုကာ အပြစ်ပုံချလေ့ရှိပြီး အကြမ်းဖက်ဖြေရှင်းခြင်းကို တရားမျှတသည့်သဖွယ်ဖြစ်အောင် တတ်နိုင်သမျှအကြောင်းပြလေ့ရှိကြသည်။

အထက်တွင်ဖော်ပြခဲ့သလိုပင် လွှမ်းမိုးချုပ်ကိုင်လိုသောအာသီသရှိတတ်သည့် လူနည်းစုလူတန်းစားနှစ်ရပ်(အုပ်ချုပ်သူနှင့် စီးပွားရေးသမား)၏ လွှမ်းမိုးချယ်လှယ်အနိုင်ယူခြင်းတို့ကို ခံရပါများလာသော အဖိနှိပ်ခံသာမန်လူတန်းစားသည် ပုံမှန်နိုင်ငံရေးလမ်းကြောင်းဖြစ်သော သူတို့၏ဆိုင်ရာမဲဆန္ဒနယ်အမတ်မင်းများမှတဆင့်သွားသော လွှတ်တော်နိုင်ငံရေးတွင် အမှန်တကယ်ကိုယ်စားပြုခြင်းမခံရပဲ ရွေးစရာလမ်းလည်းမရှိတော့ကာ ချောင်ပိတ်ခံရသည့်အခါတွင် အဓိကအားဖြင့် အုပ်ချုပ်သူလူတန်းစား၏ အာရုံပြန်စိုက်မှုခံရရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြမှုများမှသည် နိုင်ငံရေးအရအကြမ်းဖက်အုံကြွမှုများအထိ ပြုလုပ်လာရတော့သည်။ သာဓကအားဖြင့် လတ်တလောဖြစ်ပွားခဲ့သော အင်္ဂလန်မြို့ကြီးအချို့တွင်ဖြစ်ခဲ့သည့် အလုပ်လက်မဲ့လူငယ်များ အကြမ်းဖက်ဖောက်ထွင်းမှုနှင့်ဖျက်ဆီးမှုများသည် ဒီမိုကရေစီအစိုးရတရပ်၏ ကိုယ်စားပြုကိုယ်စားလှယ်စနစ်အရ နယ်ခံကိုယ်စားလှယ်က အောက်ခြေလူတန်းစားကို အဆင်ပြေပြေဖြစ်လာရေး ကြိုးပမ်းပေးမှုများမလုံလောက်ခြင်း သို့မဟုတ် လျှစ်လျူရှုခံထားရခြင်းများ၏ နောက်ဆက်တွဲအကျိုးဆက်တခုပင်ဖြစ်သည်။ ၁၉၈၀တဝိုက်တွင်လည်း အမေရိကန်ပြည်ထောင်စု ကုန်တွင်းပိုင်းရှိ ဝင်ငွေချို့လူတန်းစားအရေအတွက်တွင် အများစုဖြစ်နေသော အာဖရိအနွယ်ဝင်များသည်လည်း ထိုသို့လျှစ်လျူရှုခြင်းခံခဲ့ရသောကြောင့် ဆူပူလုယက်ပစ်ခတ်မှုများပြုလုပ်ခြင်းဖြင့် အစိုးရပိုင်း၏ အာရုံစိုက်မှုရအောင်ပြုလုပ်ခဲ့သောကြောင့် အမေရိကန်အစိုးရပိုင်းမှ အောက်ခြေလူတန်းစားများကို အခွင့်အရေးမချို့တဲ့စေရေးနှင့် အလုပ်လက်မဲ့လျော့ပါးရေးတို့အတွက် အစီအမံများပြုလုပ်လာခဲ့ရသည်။ ၂၀၁၁သြဂတ်စ်လအတွင်း အင်္ဂလန်မြို့ကြီးအများစုတွင်ဖြစ်ပွားခဲ့သော ဆူပူလုယက်မှုပုံစံမျိုးသည် ဗြိတိန်နိုင်ငံအတွက် အဆန်းတကျယ်မဟုတ်ပဲ ၁၉၈၅ခုနှစ်လောက်အတွင်းကလည်း ထိုသို့ဆူပူပုံမျိုးဖြစ်ပွားခဲ့ဖူးပြီးဖြစ်သည်။ သို့သော်လည်း လက်ရှိဒေးဗစ်ကင်မရွန်အစိုးရသည် ၄င်း၏နိုင်ငံစီးပွားရေးကိုင်တွယ်ပုံဟာကွက်ရှိနေခြင်းကြောင့်ထိုသို့ဖြစ်ရသည်ကို ဝန်မခံလိုပဲ ထိုအောက်ခြေလူတန်းစားဝင်ငွေချို့တဲ့သူတို့သည် ဥာဏ်နည်းပြီး အသိစိတ်ကင်းမဲ့သော အပြုအမူများပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်ဟုပင်ဆိုကာ အထက်တွင်ဖော်ပြခဲ့သော ဖြိုခွင်းသူများ ပြုလုပ်လေ့ရှိသည့်စွပ်စွဲမှုမျိုးကိုသာ အစွန်းရောက်အကြမ်းဖက်သူလူနည်းစုကိုအကြောင်းပြပြီး စွပ်စွဲခဲ့ကြသည်။ ထိုသို့ ဆူပူသူများကို ရော်ဘာကျည်ဆံဖြင့်သာမက လိုအပ်လျှင် စစ်တပ်အကူအညီသုံးပြီး ကျည်အစစ်များသုံး၍ပင် နှိမ်နင်းရမည်ဟု အစိုးရပိုင်းမှ ပြောဆိုခဲ့မှုကြောင့် ဂါးဒီးယန်းသတင်းစာကဲ့သို့သော သတင်းစာကြီးများ၏ အပြင်းအထန်ဝေဖန်ခြင်းကိုခံခဲ့ရသည်။ အခြားလူပြိန်းကြိုက်၊ အုပ်ချုပ်သူနှင့် စီးပွားရေးသမားများအကြိုက် သတင်းစဉ်များကမူ ထုံးစံအတိုင်း ဖျက်ဆီးလုယက်ခြင်းခံရသောသူများဘက်မှ အမြင်များကိုသာ တဖက်သတ်တင်ပြပြီး ကျည်အစစ်သုံးပြီးပစ်ခတ်နှိမ်နင်းခြင်းကို အစိုးရပိုင်းများကပြုလုပ်လာအောင်ကိုပင် ဘေးတီးပေးခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဝန်ခံခြင်းမပြုပဲ တဖက်သတ်အပြစ်ပုံချခြင်းကိုသာပြုခဲ့သော လက်ရှိဗြိတိန်အစိုးရသည် နောက်ထပ်ထိုသို့ဆူပူအုံကြွမှုများကို ထပ်မံရင်ဆိုင်လာရနိုင်သည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ (အကြမ်းဖက်မှုများဖြင့် လက်ရှိအစိုးရကအာရုံစိုက်ပြီးပြုပြင်ပြောင်းလဲပေးလာအောင်ပြုလုပ်ခြင်းဆိုသည်မှာ တိုက်ရိုက်အဓိပ္ပာယ်ယူရန်မဟုတ်ပဲ ဤအခန်းတနေရာတွင်ဖော်ပြခဲ့ပြီးဖြစ်သော အဖိနှိပ်ခံလူတန်းစား၏ ချောင်ပိတ်ခံရမှုများမှတဆင့် လုပ်မိလုပ်ရာလုပ်ခြင်းမှသာလျှင် အုပ်ချုပ်သူလူတန်းစားကို လှုပ်နှိုးသလိုဖြစ်ပြီး တိုင်းပြည်အရေးကို ဦးစားပေးလုပ်ရန်သတိရသေးသည့်အစိုးရဆိုလျှင်လည်း အချိန်မတိုင်မီ ပြုပြင်ပြောင်းလဲရေးတခုခုပြုလုပ်ရန် အခွင့်အရေးရလာသော အခြေအနေတခုဖြစ်လာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။)

တောင်အာဖရိက၏ ဒီကလပ်အစိုးရသည် ဒေသခံအာဖရိကနွယ်ဝင်များကို လူမျိုးရေးအရခွဲခြားဆက်ဆံပြီး နိုင်ငံရေးအခွင့်အရေးများကိုလည်း ပိတ်ပင်မှုကြောင့် ထိုလူမည်းများနှင့် ပြဿနာတက်ပြီး ပဋိပက္ခများကြီးထွားလာသည့်အခါတွင် လူချင်းတွေ့ဆုံဆွေးနွေးခြင်းမပြုပဲ ထစ်ခနဲရှိလျှင် ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်မှုများပြုလုပ်ကာ နှိမ်နင်းခဲ့သည့်အတွက် ချောင်ပိတ်ခံရသော လူမည်းများသည် အကြမ်းဖက်မှုများဖြင့်လည်း တုန့်ပြန်ခဲ့ကြသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရသော နယ်လ်ဆင်မန်ဒဲလားသည်လည်း ထိုသို့ အကြမ်းဖက်ဗုံးခွဲမှုများတွင် ရှေးဦးမဆွတည်းကပင်ပါဝင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုသို့ ကြံရာမရ အစိုးရကိုလှုပ်နှိုးစေသောလုပ်ရပ်များကြောင့်ပင်လျှင် နယ်လ်ဆင်မန်ဒဲလားအတွက် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးလမ်းကြောင်းအမှန်တကန်ပွင့်လာခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြပြီး ဖိနှိပ်လိုသောအစိုးရ၏ လိုက်လျောလာမှုဆိုသည်မှာ ထိုအစိုးရအားတန်ပြန်ခြိမ်းခြောက်နိုင်သောအရာတခုခုမရှိသေးသ၍ ထိုအစိုးရပိုင်းမှ အသားလွတ် အသာတကြည်လိုက်လျောလာရေးသည် ဖြစ်နိုင်ခဲသည်ဟုလည်း ပြောဆိုလာကြသည်။

လက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် လူများစုဖြစ်သော အောက်ခြေကျေးရွာများနှင့် လယ်သမားလူတန်းစားအဆင့်အတွင်း ထိုလူတန်းစားကိုအုပ်ချုပ်ရသော ပါတီအုပ်ချုပ်ရေးအရာရှိများ၏ လာဘ်စားမှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများ၊ လယ်ယာမြေမတရားသိမ်းဆည်းမှုများရှိနေရာ ထုံးစံအတိုင်းပင် ဖိနှိပ်ခံလူတန်းစား၏ ချောင်ပိတ်အခြေအနေကိုတုန့်ပြန်မှုအပျော့စားအနေဖြင့် သပိတ်မှောက်ခြင်းနှင့် ဆန္ဒပြခြင်းတို့ကိုလည်းရှိလာခဲ့သည်။ ထိုအခြေအနေကို ကျေနပ်အောင်ဖြေရှင်းပေးလိုသော ဆန္ဒရှိပုံမရသည့် တရုတ်အထက်ပိုင်းအာဏာပိုင်များသည် ထိုဆန္ဒပြမှုများမှသည် နိုင်ငံရေးဆူပူအုံကြွမှုများနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်လာနိုင်သည်ဟူသော အကြောင်းပြချက်များဖြင့် သူတို့အကြောင်းပြသောအကြမ်းဖက်လာနိုင်မှုကို အကြမ်းဖက်နှိမ်နင်းခြင်းဖြင့်ပင် ဖြေရှင်းခြင်းဖြင့် နိုင်ငံရေးအုံကြွမှုများ ပပျောက်အောင်ပြုလုပ်နေသည်။ သို့သော်လည်း ရေရှည်တွင် ကြာကြာထိန်းထားနိုင်မည်လောဆိုသော မေးခွန်းမှာ နိုင်ငံရေးသိပ္ပံပညာရှင်အများကစောင့်ကြည့်နေသော အခြေအနေတရပ်လည်းဖြစ်နေသည်။ တရုတ်ပြည်မကြီးသည် သူ၏အာဏာလက်အောက်သို့ရောက်လာသော ဟောင်ကောင်နှင့် လက်အောက်ခံမဟုတ်သေးသော်လည်း ခေါင်းဆောင်ပိုင်းအပေါ်တွင် လွှမ်းမိုးမှုရှိနေပြီဖြစ်သော ထိုင်ဝမ်တို့ကဲ့သို့ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကောင်း နှစ်ခုယှဉ်တွဲပြီး နယ်နမိတ်အတွင်း နေထိုင်သူများထံမှ အစိုးရအဖြစ်အသိအမှတ်ပြုခံမှုကို ရရှိထားခြင်းမဟုတ်ပေ။ ကွန်မြူနစ်နိုင်ငံရေးစနစ်အရဖြစ်တည်နေသော တပါတီအာဏာရှင်စနစ်ကိုလုံးဝမဖျက်သိမ်းသေးပဲ အရင်းရှင်စီးပွားရေးစနစ်ကိုသာလျှင် (ဘက်မညီစွာ)ကျင့်သုံးပြီး လူနေမှုအဆင့်အတန်းကောင်းအောင်ပြုခြင်းဖြင့်သာ နိုင်ငံသားများအပေါ်နှစ်သိမ့်ထားရခြင်းဖြစ်လေရာ အရင်းရှင်စနစ်၏သဘောတရားအရ လောဘကြီးလွန်းသူများလေ စနစ်အတွင်းလက်ဝါးကြီးအုပ်ပြီး အမြတ်များကိုသိမ်းကြုံးယူလိုသူများလေဖြစ်သဖြင့် နိုင်ငံသားများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြင့်မားလာသည်နှင့်အတူ သာမန်လူတန်းစားနှင့် ချမ်းသာသောလူတန်းစားတို့၏ ဝင်ငွေကွာဟမှုများမှာလည်း ကြီးသထက်ကြီးလာခဲ့သည်။ ထိုအခြေအနေမှာ အနောက်အရင်းရှင်နိုင်ငံများတွင်လည်း တွေ့မြင်နေကျပုံစံဖြစ်သောကြောင့် တရားမျှတမှုမရှိစေကာမူ အဆိုးရွားဆုံးမဟုတ်သေးပါ။ ဆိုးသည်မှာ ပြည်တွင်းနှင့်ပြည်ပနှစ်မျိုးစလုံ၏ သတင်းလောက၏မျက်ကွယ်တွင်ရှိနေသော တရုတ်ပြည်မကြီး၏ လူအများစုကြီးဖြစ်သည့် အလုပ်သမားလယ်သမားလူတန်းစား၏ နင်းပြားဘဝ၊ နယ်မြေခံအရာရှိတို့၏ မတရားသောဥပဒေနှင့် လာဘ်စားမှုများနှင့်အတူ ရှိစုမဲ့စုပိုင်ဆိုင်သော လယ်ကလေးများပါ မတရားအသိမ်းခံရပြီး အုံကြွမှုများဖြစ်လာသည့်အခါတွင်မှ နိုင်ငံစီးပွားရေးအလွန်အမင်းတိုးတက်လာခြင်း၏ အကျိုးဆက်ဖြစ်သော လူနေမှုအဆင့်အတန်းမြင့်မားခြင်းတည်းဟူသော ခံစားခွင့်ကိုရရှိထားသူများသည် အမှန်တကယ်အားဖြင့်လူနည်းစုသာဖြစ်သော မြို့နယ်လူတန်းစားတို့သာဖြစ်နေခြင်းပင် ဖြစ်ချေတော့သည်။ အခြားတဖက်တွင်လည်း တိဘက်နှင့် အခြားတရုတ်လူမျိုးစုကွဲအချို့ရှိနေသောနယ်အချို့ –  အထူးသဖြင့် တိဘက်တွင် အစိုးရ၏ နယ်မြေခံစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လျှစ်လျူရှုထားသော နိုင်ငံ၏အရင်းရှင်များအမြတ်ထွက်ရေးကိုသာဦးတည်သည့် ဒေသတွင်းစီမံကိန်းများကို လုပ်ဆောင်လာသည့်အခါတွင် ပိုဆိုးတော့သည်။ ထိုအခြေအနေကို မကျေနပ်၍ ဆန္ဒထုတ်ဖော်လိုသော သူများကိုလည်း အစိုးရိမ်လွန်ကဲပြီး ရက်စက်စွာနှိမ်နင်းခဲ့သေးရာ တန်ပြန်မှုပိုဆိုးလာပြီး အချိန်ပြည့်လိုလိုပင် လာဆာနယ်အတွင်း လုံခြုံရေးနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများကိုထားပြီး စောင့်နေရသည့်အခြေအနေရောက်နေသည်။ တရုတ်ပြည်မကြီး၏ ကြီးမားသော ဈေးကွက်ကိုမျက်စိကျကာ စီးပွားရေးလုပ်လိုဇောနှင့် လက်ရှိအနောက်ဥရောပနှင့် အခြားတိုးတက်ပြီးနိုင်ငံများ၏ စီးပွားပျက်ကပ်အရေးတွင် တရုတ်၏ဓနအင်အားကို ချေးငှားလိုသောစိတ်များနေသောကြောင့် ထိုသို့ တရားမမျှတ ရက်စက်မှုများကို ဝေဖန်သည့်အသံသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုတန်ဖိုးထားသည်ဆိုသော အနောက်ကမ္ဘာမှ ခပ်ကျယ်ကျယ်ထွက်မလာခဲ့ပေ။   အခြားစိတ်ဝင်စားဖွယ်ကောင်းသောအချက်တခုမှာ တရုတ်ပြည်မကြီးမှနိုင်ငံသားတို့၏ သူတို့၏နိုင်ငံကူးလက်မှတ်ဖြင့် ဥရောပစသော တိုးတက်ပြီးနိုင်ငံများသို့ သွားလာခြင်းထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်နယ်အတွင်းတွင်မွေးဖွားပြီး ဟောင်ကောင်နယ်၏နိုင်ငံကူးလက်မှတ်ရှိသူသည် ထိုတိုးတက်ပြီးနိုင်ငံများသို့ သွားလာရေးအတွက် ပိုမိုလွယ်ကူစွာ ပြည်ဝင်ခွင့်ရနိုင်သောကြောင့် တရုတ်ပြည်မကြီးမှ ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ရင့်မာလာသည့်အခါတွင်မှ ဟောင်ကောင်သို့ကူးကာ ရင်သွေးမွေးဖွားခြင်းအားဖြင့် မွေးလာသောကလေးအား ဟောင်ကောင်နိုင်ငံကူးလက်မှတ်ရရှိစေသည်နှင့်အတူ ဟောင်ကောင်နယ်အတွင်းကျင့်သုံးသော ကျန်းမာရေးစနစ်ကိုလည်း ထိုက်သင့်သလိုခံစားခွင့်ရနေသောကြောင့် နယ်ကျော်ကလေးမွေးသူ ကိုယ်ဝန်ဆောင်အရေအတွက်လည်း အတော်ပင်များပြားလာခဲ့လေသည်။ မူလရင်းမြစ်အားဖြင့် ဟောင်ကောင်သားဖြစ်သောသူများသည် ထိုအခြေအနေကို အလွန်စက်ဆုတ်ရွံရှာလာကြပြီး အချို့က ပြည်မမှကူးလာသူများကို ကပ်ပါးကောင်များဟုပင် နှိမ့်ချခေါ်ဆိုလာခဲ့ကြသည်။ မည်သို့ပင်ဆိုစေ တရုတ်ပြည်မကြီးကိုယ်နှိုက်၏ အဓိကစီးပွားရေးသည် အင်အားကြီးမားလွန်းသောနိုင်ငံပိုင်လုပ်ငန်းများကို အမှီပြုပြီး တိုးတက်ရေးကြိုးစားဆဲဖြစ်သော ကမ္ဘာအနှံ့ရှိဖွံ့ဖြိုးဆဲနိုင်ငံများကို ဈေးကွက်ခြေတံကို ရှည်နိုင်သမျှရှည်အောင်ဆန့်ကာ အရင်းအမြစ်နှင့် ကုန်ကြမ်းများကိုရှာဖွေနေရသည်။ ထိုသို့ရှာဖွေစုဆောင်းရာတွင်လည်း နိုင်ငံငယ်လျှင်ငယ်သလို လွှမ်းမိုးနိုင်လျှင် လွှမ်းမိုးနိုင်သလောက်နည်းမျိုးစုံဖြင့် အရင်းအမြစ်လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းနေခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကိုအားကောင်းစေကာ သူတို့ကိုတော်လှန်လာနိုင်သည့် အောက်ခြေလူတန်းစားကို ဦးဆောင်လာနိုင်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများဘက်သို့စိတ်သန်လိုသော ပညာတတ်လူတန်းစားကိုလည်း ထိုစီးပွားရေးတိုးတက်မှု၏ရလဒ်မှလာသော အရိုးအရင်းများဖြင့် ထမင်းခွံ့နှစ်သိမ့်ထားခြင်းအားဖြင့် သူ၏သက်တမ်းကိုဆွဲဆန့်နေခြင်းပင်ဖြစ်ရာ ခေတ်သစ်နိုင်ငံရေးနှင့်အတွေးအခေါ်ပညာရှင်တဦးဖြစ်သော ဒေးဗစ်ဟာဗေးပြောခဲ့သလို အနောက်အရင်းရှင်စနစ်၏ သက်တမ်းဆွဲစန့်ထားပုံတမျိုးဖြစ်သော ထုတ်လုပ်ရေးရော ရောင်းချရေးကိုပါ လုပ်အားခသက်သာသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ဈေးကွက်ပြောင်းရွေ့ခြင်းနည်းဗျူဟာနှင့်ပင် ခပ်ဆင်ဆင် တူနေသေးတော့သည်။ ယခု နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ထိုမှဖြစ်ပေါ်လာသော အုံကြွမှုများအကြောင်းကို ဆက်လက်တင်ပြပါမည်။

အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်ဖရက်ဗွန်ဒါမယ်ဒန်(Fred R. von der Mehden)၏ နိုင်ငံရေးဆူပူအုံကြွမှုပုံစံငါးမျိုး

(၁)ဒေသတွင်း ပဋိပက္ခအဆင့်

ဒေသတွင်းပဋိပက္ခအဆင့်သာရှိသေးသော နိုင်ငံရေးအုံကြွပုံမျိုးမှာ တနိုင်ငံလုံးအတိုင်းအတာထက် နယ်မြေဒေသတခု သို့မဟုတ် တခုထက်ပိုသော်လည်း တနိုင်ငံလုံးအတိုင်းအတာအထိ မပျံ့နှံ့သေးသော လူမျိုးရေးနှင့် ဘာသာရေးအခြေခံမှုအများဆုံးအခြေခံသော မတူညီသည့်အုပ်စုငယ်များအတွင်း အချင်းများကြခြင်းမျိုးဖြစ်သည်။ အီရတ်ရှိ ဆွန်နီနှင့်ရှအာ မူဆလင်တို့၏ပဋိပက္ခ၊ ဆူဒန်ရှိ ဒါဖာဒေသခံများနှင့် အာရပ်များ၏ရန်ပွဲ၊ တိဘက်နှင့် တရုတ်ပြည်မအာဏာပိုင်တို့အကြား အင်အားမမျှတလှသော ဒေသစွဲပဋိပက္ခ၊ လူပေါင်းသိန်းနှင့်ချီပြီး အချင်းချင်းလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စေခဲ့သည့် ဟူတူနှင့် တွတ်ဆီတို့၏ ရဝမ်ဒါအရေးအခင်း စသည်တို့မှာ ထင်ရှားသောဥပမာများဖြစ်ကြသည်။ ထိုသို့ပဋိပက္ခမျိုးများမှာ တိုးတက်ပြီးဒီမိုကရေစီရပြီး နိုင်ငံများတွင်လည်း ဖြစ်ပွားတတ်ပြီး ယခုတလောတွင်သာ ငြိမ်သွားသည့် ကနေဒါကေးဘတ်နယ်မှ ပြင်သစ်စကားပြော ကနေဒီယန်များ၏ခွဲထွက်ရေးလှုပ်ရှားမှု၊ စပိန်နိုင်ငံအတွင်းက ဘာ့စ်က်ခွဲထွက်ရေးလှုပ်ရှားမှု၊ ဗြိတိန် မြောက်အိုင်ယာလန်ရှိ ပရိုတက်စတင့်နှင့် ကက်သလစ်တို့၏ ဘာသာရေးပဋိပက္ခ စသည်တို့ဖြစ်ကြသည်။ နိုင်ငံလုံးဆိုင်ရာအဆင့်စီသို့ဦးတည်နေသော ဒေသတွင်းပဋိပက္ခမျိုးများသည် စီးပွားရေးပြဿနာအပေါ်တွင်လည်း အခြေခံနိုင်ပြီး အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်အတွင်း မြို့ကြီးများတွင်ဖြစ်ပွားခဲ့သော အလုပ်လက်မဲ့လူငယ်များ၏ လုယက်သောင်းကျန်းမှုများသည်လည်း ဒေသတွင်း နိုင်ငံရေးအုံကြွမှုပုံစံအတွင်း တနည်းတဖုံ အကျုံးဝင်လေသည်။

(၂)ခွဲထွက်ရေးလှုပ်ရှားမှု

ခွဲထွက်ရေးလှုပ်ရှားမှုဟူသည် အထက်တွင်ဖော်ပြခဲ့သော ဒေသတွင်းပဋိပက္ခအဆင့်အတွင်း လူမျိုးရေးနှင့် ဘာသာရေးကွဲလွဲမှုကို အခြေခံလွန်းရာမှနေပြီး ဗဟိုအစိုးရအား လက်မခံလိုမှုအမြင့်ဆုံးဖြစ်လာကာ ခွဲထွက်ရေးလှုပ်ရှားမှုအသွင်ပြောင်းလာခြင်းပင်ဖြစ်သည်။ ထိုသို့ ဗဟိုအစိုးရအား မနှစ်လိုမှုဖြစ်လာသည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရုံမျှနှင့်ပင် မကျေနပ်နိုင်သေးပဲ လုံးဝလွတ်လပ်ရေးကိုသာ တောင်းဆိုလာကြသည်ချည်းသာ ဖြစ်လေ့ရှိသည်။ သီရိလင်္ကာနိုင်ငံတွင် တမီးလ်ကျားသူပုန်များသည် အင်အားတောင့်တင်းသည်နှင့်အတူ လက်နက်အင်အားလည်းအထိုက်အလျောက်ရှိသောကြောင့် ဗဟိုအစိုးရအား ခံတိုက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ကြရာတွင် လူပေါင်းခြောက်သောင်းမျှအသေခံတိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အစိုးရတပ်များက နှိမ်နင်းနိုင်ခဲ့ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံရှိ အီဘိုလူမျိုးစုများသည် နိုင်ဂျီးရီးယားနယ် ဗြိတိသျှတို့လက်အောက်မှ လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် သူတို့အတွက်သီးသန့် ဘိုင်ရာဖရာ(Biafra)နိုင်ငံတော်ထူထောင်ရေးကြိုးပမ်းခဲ့ကြသော်လည်း ပြည်တွင်းစစ်တွင်ရှုံးနိမ့်ကာ ခွဲထွက်ရေးမအောင်မြင်ခဲ့ပေ။ ဗြိတိသျှအင်ဒိယနယ်သည်လည်း ဗြိတိန်တို့လက်အောက်မှ လွတ်လပ်ရေးရပြီးသိပ်မကြာမီပင် ဘာသာရေးအခြေခံ၍ကွဲသော အိန္ဒိယ၊ပါကစ်စတန်အကွဲနှင့် ဘာသာရေးတူသော်လည်း အရှေ့နှင့် အနောက်ပါကစ်စတန်ဟူ၍ လူမျိုးရေးအခြေခံသော ကွဲနည်းမျိုးတို့ဖြင့်ကွဲကာ အရှေ့ပါကစ်စတန်သည် ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်လာခဲ့လေသည်။ ဒေသတွင်း လူမျိုးစုငယ်များ များပြားသောနယ်အများစုရှိနေသော ဆိုဗီယက်ပြည်ထောင်စုမကွဲခင်အထိတည်မြဲနေခဲ့သည့် မာရှယ်တီးတိုး၏ ယူဂိုဆလပ်ပြည်ထောင်စုသည် တီးတိုးကွယ်လွန်သည်နှင့် အချင်းချင်းနိုင်ရာစားခြင်းနှင့် လူမျိုးတုန်းသတ်ရန်ကြိုးစားကြမှုများ အလွန်များခဲ့သောကြောင့် တဖြည်းဖြည်းနှင့် တနိုင်ငံထဲအဖြစ်စုစည်းတည်ရှိနေကြရန်မဖြစ်နိုင်တော့ပဲ နိုင်ငံငယ်လေးများအဖြစ် တဖြည်းဖြည်းကွဲလာလိုက်သည်မှာ ဆိုဗီယက်ပြည်ထောင်စုကြီးကွဲရာမှ ပေါ်ထွက်လာသော နိုင်ငံသစ်များအရေအတွက်နှင့်ပင် သူမသာကိုယ်မသာရှိနေတော့သည်။ နောက်ဆုံးကွဲထွက်မှုအဖြစ် ကိုဆိုဗိုဒေသငယ်၏ လွတ်လပ်ရေးကြေငြာမှုအပြီးတွင် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့တို့အတွင်း အသိအမှတ်ပြုရေး၊မပြုရေး အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး အဖွဲ့များ၏ ထက်ဝက်မျှသော နိုင်ငံများက ကိုဆိုဗိုအား နိုင်ငံအသစ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ဆက်ဒမ်ဟူစိန်၏လက်ထက်တွင် ဖိနှိပ်ခံရလွန်းမှုများကြောင့် ဆက်ဒမ်အလွန် ဒီမိုကရေစီအခွင့်အရေးအပြည့်အဝလိုချင်လာသော မူဆလင်ဖြစ်သော်လည်း အာရပ်မျိုးနွယ်မဟုတ်သည့် ကာ့ဒ်လူမျိုးများသည် လွတ်လပ်ရေးရရန်အထိမှန်းခဲ့ကြသည်။ သို့သော်လည်း ကာ့ဒ်လူမျိုးတို့၏ နယ်မြေဖြန့်ကျက်နေမှုမှာ အီရတ်နှင့်ထိစပ်နေသော တူရကီ၊ဆီးရီးယားနှင့် အီရန်နယ်စပ်တို့တွင်လည်း ခပ်ကျဲကျဲရှိနေရာ ထိုကာ့ဒ်လူမျိုးများ၏ လွတ်လပ်ရေးတောင်းဆိုရေးအယူအဆကြောင့် ဒေသတွင်း အီရတ်အိမ်နီးချင်းနိုင်ငံများ၏နယ်စပ်တွင်နေထိုင်ကြသော အခြားကာ့ဒ်လူမျိုးကိုလည်း လှုပ်လှုပ်ရွရွဖြစ်စေမည်ဟုဆိုကာ တူရကီနိုင်ငံက ဦးစွာသတိပေးပြီး အီရတ်နိုင်ငံအတွင်းမှ ကာ့ဒ်များကို ခြိမ်းခြောက်ထားခဲ့သောကြောင့် လက်ရှိတွင် အီရတ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသောကာ့ဒ်တို့ ခေတ္တငြိမ်နေပြီး တချိန်ချိန်တွင် ကာ့ဒ်နိုင်ငံတော်ထူထောင်ရေးအယူအဆများ ပြန်လည်ထွက်ပေါ်လာနိုင်ချေရှိနေသည်။

(၃)လက်ရှိအစိုးရဖြုတ်ချရေးဦးတည်သော နိုင်ငံရေးအုံကြွမှု

ထိုသို့တည်ဆဲအစိုးရနှင့်စနစ်အားလုံးဝပြောင်းပြန်လှန်ဖြိုဖျက်ပြီးတော်လှန်ခြင်းဖြင့် နိုင်ငံရေးအုံကြွမှုဖြစ်စေခြင်းကို အစောဆုံးတွေ့ရသည်မှာ ပြင်သစ်တော်လှန်ရေးပင်ဖြစ်သည်ဟုဆိုကြသည်။ ပြင်သစ်တော်လှန်ရေးသည် နိုင်ငံအတွင်းရှိ အဖိနှိပ်ခံများက သူတို့အားအဓိကဖိထောင်းနေသော ဘုရင်စနစ်ကိုတော်လှန်ပြီး လူအမျာစုဆန္ဒဖြင့်တရားမျှတသောစနစ်(ဒီမိုကရေစီ)ဖြစ်ပေါ်ရေးလုပ်ကြခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အနောက်ကမ္ဘာနှင့် အမေရိကန်တို့ အလွန်မုန်းတီးကြောက်ရွံ့သော လီနင်၏ ကွန်မြူနစ်ဝါဒ၏ အစဦးဖြစ်စဉ်ဖြစ်သော အောက်တိုဘာတော်လှန်ရေးပေါ်လာပုံကို အကြောင်းပြုပြီး တော်လှန်ရေးဆိုသည်နှင့် ကွန်မြူနစ်အယူအဆနှင့်သာ သက်ဆိုင်နေသည့်သဖွယ် ယနေ့ခေတ်တွင်ပြောဆိုလာကြခြင်းအချို့လည်းရှိနေသည်။ လက်ရှိခေတ်တွင်မူ လတ်တလောဖြစ်ပွားခဲ့သော အာရပ်ကမ္ဘာမှ အာဏာရှင်အစိုးရများအားတော်လှန်သော အာရပ်လူထု၏ နွေဦးတော်လှန်ရေးများကို အကြောင်းပြုပြီး ဒီမိုကရေစီတောင်းဆိုသော တော်လှန်ရေးမျိုးအဖြစ် ပြောဆိုလာကြခြင်းဖြစ်သည်။ ထိုသို့လက်ရှိတော်လှန်ရေးဟူသောစကားလုံး၏ အများဆုံးရည်ညွှန်းသောဖြစ်စဉ်ဖြစ်လာသည့် အာဏာရှင်များနှင့် သူတို့၏မတရားသောစနစ်များကို တော်လှန်ရေးဟူသော အဓိပ္ပာယ်သတ်မှတ်မှု ဖြစ်ပေါ်လာပုံကို တတ်နိုင်သမျှ ဆင်ခြင်ကြည့်ပါမည်။

အနောက်ကမ္ဘာရှိ တိုးတက်ပြီးဒီမိုကရေစီနိုင်ငံများတွင် အစိုးရအား အာဏာအလုံးစုံပေးထားသော သက်ဦးဆံပိုင်ဘုရင်စနစ်မှ ပါလီမန်နှင့် လွှတ်တော် စသည်များနှင့် ပြည်လည်ထိန်းချုပ်ပြီး လူအများလက်ခံနိုင်သော ဒီမိုကရေစီပုံစံအဖြစ်ပီပြင်လာခဲ့သည်မှာ သမိုင်းကြောင်းနှင့် အာဏာအယူအဆတို့ကို ကိုင်စွဲပုံတို့အရ ဖြည်းဖြည်းချင်းပြောင်းလဲယူရသော အခြေအနေများကိုဖြစ်စေခဲ့သော လူနေမှုဘဝနှင့် သယံဇာတ၊ဘာသာရေးစသော အကြောင်းအချက်များကြောင့်ဖြစ်သည်ဟုယူဆရပါသည်။ အဆိုပါအစိုးရများ ဒီမိုကရေစီပုံစံပြောင်းလဲလာမှုသည် ရုတ်ခြည်းပြောင်းလဲစေမှုကို ရည်ညွှန်းသော ပြည်သူများက အစိုးရကိုတော်လှန်သည့်အသွင်ထက် အုပ်ချုပ်သူလူတန်စားပုံစံအမျိုးမျိုးအကြားက ပဋိပက္ခအသွင်လည်း ပိုဆောင်လေသည်။ အင်္ဂလိပ်ပြည်တွင်းစစ်ဆိုလျှင် တော်လှန်ရေးပုံစံဖြစ်သော အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့တိုက်ကြသောစစ်ပွဲမဟုတ်ပဲ ဘုရင်ထောက်ခံသူလူတန်းစားနှင့် ပါလီမန်ထောက်ခံသူလူတန်းစားတို့တိုက်ကြသောစစ်ပွဲသာဖြစ်လေသည်။ ထို့ကြောင့် ထိုသို့သောလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအနှစ်သာရဖြစ်သော အာဏာခွဲဝေမှု၏ အစဦးပုံပေါ်မှုဖြစ်စဉ်သည် တော်လှန်ရေးအသွင်မဆောင်ဟုဆိုနိုင်လေသည်။ ဘုရင့်အာဏာ၏ အကန့်အသတ်ကို ကန့်သတ်လာနိုင်သည့် အခြေအနေမှန်သမျှကို ရသမျှနည်းလမ်းဖြင့်တားဆီးကာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို တတ်နိုင်သမျှဆွဲဆန့်ထားလိုခဲ့သော အခြေအနေရှိခဲ့သော ချွင်းချက်တခုဖြစ်သည့် ပြင်သစ်နိုင်ငံတွင်မူ ပြင်သစ်တော်လှန်ရေးဖြစ်ပွားချိန်တွင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံနင်းပြားတို့၏ တိုက်ရိုက်ပဋိပက္ခအသွင်ဆောင်သွားကာ အခြေအနေများအလွန်ရှုပ်ထွေးကုန်ပြီး နောက်ဆုံး ဘုရင်အာဏာကို ကန့်သတ်မည့်ပါလီမန်ပုံစံမျိုးပင်မရတော့ပဲ စစ်ဘုရင်ဖြစ်လာမည့် နပိုလီယံ၏အာဏာသိမ်းခြင်းကိုခံခဲ့ရသည်။ ယခုလက်ရှိအားလုံးအတွက် အကောင်းဆုံးနိုင်ငံရေးစနစ်စံတခုအဖြစ်ထားသော ဒီမိုကရေစီစနစ်၏ စနစ်တကျဖြစ်တည်မှု၏ အစဦးနယ်မြေသည် ကမ္ဘာတလွှားရှိ နေရာဒေသများအနက် ရုပ်ဝတ္ထုပိုင်းနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာတွင်ပါ အတိုးတက်ဆုံးဖြစ်လာခဲ့သည့် ဥရောပတွင် စတင်ခဲ့သောကြောင့် ပြင်သစ်တော်လှန်ရေးကဲ့သို့သော ချွင်းချက်မျိုးမှလွဲပြီး သူ့သမိုင်းကြောင်းနှင့်သူ အဆင့်ဆင့်အေးဆေးစွာ တိုးတက်ပြောင်းလဲခွင့်ရလာခဲ့သည်ဟုဆိုနိုင်ပါသည်။(ရှရှားသည်လည်း ထိုသို့ချွင်းချက်ထဲတွင်ပါဝင်ပြီး ရုရှားတွင် ပြင်သစ်ထက်နောက်ကျသော ဘုရင်စနစ်အားပုန်ကန်မှုပေါ်ခဲ့ကာ ထိုအချိန်တွင်မူ ဥရောပတွင်းအတွေးအခေါ်အဆင့်အတန်းသည် ပြင်သစ်တော်လှန်ရေးဖြစ်စဉ်အချိန်ကထက် မြင့်မားနေသောကြောင့် လက်ဝဲအယူအဆ၏ဖခင်ဖြစ်သော ကားလ်မာ့က်စ်၏ ဆိုရှယ်လစ်လူ့ဘောင်အယူအဆကို ရှရှားခေါင်းဆောင် လီနင်က နိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် အနည်းငယ်ပြုပြင်ပြီး ကွန်မြူနစ်အယူအဆဖြင့် အမေရိကန်ပြည်ထောင်စုနှင့်တကွ အခြားအရင်းရှင်စနစ်ရှိသောအနောက်အုပ်စုအားလုံးကို ယှဉ်နိုင်သော ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖြစ်တည်စေရန်အုပ်မြစ်ချပေးခဲ့သည်။)

အခြားတဖက်တွင် ဥရောပမှအပဖြစ်သော ကမ္ဘာတလွှားရှိအခြားနေရာဒေသများရှိနိုင်ငံများတွင်မူ သက်ဦးဆံပိုင်ဘုရင်စနစ်အရှိန်ကောင်းတုန်းဖြစ်နေစဉ်မှာပင် ဥရောပရှိအင်အားကြီးနိုင်ငံများ၏ ကိုလိုနီပြုကျင့်ခြင်းခံရမှုကြောင့် ဘုရင့်နိုင်ငံတော်အဆင့်များမှ လျော့ကျကာ ဥရောပ၏ လက်အောက်ခံနယ်မြေအဆင့်များသာ ဖြစ်သွားတော့သည်။

(အမေရိကန်ပြည်ထောင်စုသည် စောစီးစွာပင် အင်္ဂလိပ်လက်အောက်မှလွတ်လပ်ရေးရပြီး လျင်မြန်စွာပင် အင်အားကြီးနိုင်ငံဖြစ်လာခဲ့သည်ဆိုသော်လည်း အုပ်စိုးသူနှင့် အုပ်စိုးခံ လူတန်းစားနှစ်ရပ်တို့သည် ဗြိတိသျှကျွန်းစုနှင့် ဥရောပတလွှားမှလာရောက်နေထိုင်သူများသာဖြစ်ပြီး အမှန်တကယ်ဒေသခံဖြစ်သော လူနီများမှာ နိုင်ငံသားအဆင့်ပင် သတ်မှတ်ခြင်းမခံရခဲ့ပေ။)

ထို့နောက် သမိုင်းကြောင်းရွေ့လျောပြောင်းလဲလာပြီး ဥရောပရှိတချိန်က အင်အားကြီးနိုင်ငံအများစုကလည်း ဒုတိယကမ္ဘာစစ်အပြီးတွင် လက်အောက်ခံနယ်မြေအားလုံးလိုလိုကို ထိန်းမထားနိုင်တော့လောက်အောက် မွဲတေသွားကြသည့်အတွက် ကမ္ဘာတလွှားရှိ ဥရောပကိုလိုနီ ဒေသများမှာ လွတ်လပ်သော နိုင်ငံများဖြစ်လာခဲ့သည်။ ထိုအခြေအနေတွင် နိုင်ငံအားလုံးလိုလိုသည် တရားအမျှတဆုံးသောနိုင်ငံရေးစနစ်အဖြစ် ထိုအချိန်တွင် အားလုံးလိုလိုအသိအမှတ်ပြုပြီးဖြစ်သော ဒီမိုကရေစီစနစ်ကိုလည်း ထိုနိုင်ငံသစ်များက စတင်ကျင့်သုံးကြည့်ရန်ကြိုးစားလာကြသည်။ ထိုအခါတွင် အနောက်ကမ္ဘာရှိ မူလဘူတဒီမိုကရေစီနိုင်ငံများကဲ့သို့ ဒီမိုကရေစီနိုင်ငံအဖြစ် ရေရှည်ခိုင်မြဲစေမည့် ရေခံမြေခံအခြေအနေများ အခြေမတည်ရသေးသည့်အပြင် ယခင် တဦးတယောက်တည်းသော ခေါင်းဆောင်(ဘုရင်)၏ဦးဆောင်မှုကိုသာ မျှော်လင့်သော ပဒေသရာဇ်ဥာဉ်ကလည်း အကင်းမသေသေးသောအခါ အာဏာရှင်စရိုက်ရှိသူတဦးဦး၏ ရှေးကဘုရင်သဖွယ် ပြန်လည်ချယ်လှယ်အုပ်ချုပ်မှုကိုခံကြရတော့သည်။ ဒီမိုကရေစီဆိုသည်နှင့် အရင်းရှင်စနစ်နှင့်သာ တွဲမမြင်ကြစေလိုပဲ ဆိုဗီယက်ခေါင်းဆောင်များကလည်း သူတို့၏ကွန်မြူနစ်ပါတီနှင့်စနစ်ကို လူအများအတွက် အကောင်းဆုံးဒီမိုကရေစီဟုဟစ်ကြွေးခဲ့သေးသည်။ဆိုဗီယက်နှင့်တကွ အခြားလက်ဝဲစနစ်ကိုအားပေးခဲ့သော အခြားနိုင်ငံသစ်များသည်လည်း လက်ယာအရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့ကို အခြေတည်နိုင်အောင်ကြိုးစားခဲ့ကြသည့် အခြားနိုင်ငံသစ်များ၏ ဖြစ်ပုံကဲ့သို့ပင် အာဏာရှင်ဆန်လာသော ကွန်မြူနစ်ပါတီများ၏ အုပ်ချုပ်မှုအောက်သို့ရောက်လာခဲ့ခြင်းသည် အာဏာခွဲဝေမှအဆင်ပြေမည့်အယူအဆဖြင့် တရားမျှတမှုနည်းနိုင်သမျှနည်းအောင်လုပ်ရသော ဒီမိုကရေစီကို အားကောင်းစေသော ရေခံမြေခံနှင့် သမိုင်းကြောင်းဖွံ့ဖြိုးမှုမရှိသေးပဲ “၏” “သည်”မရွေး ပုံစံမကျစွာကျင့်သုံးမည်ဆိုလျှင် အာဏာရှင်ဆန်သောသူများ၏ လက်ရောက်သို့သာလျှင် ရောက်ခြင်းလမ်းဆုံးရှိသည်ကများကြောင်းကို ပြသနေသည်။ အနောက်ကမ္ဘာရှိ နိုင်ငံများ၏ ကူညီမှုနှင့် စွက်ဖက်မှုနှစ်ခုစလုံးကို မဖြစ်မနေ(ဂျပန်နိုင်ငံ) သို့မဟုတ် လိုလိုချင်ချင်(ထိုင်းနိုင်ငံ)ခံယူသော နိုင်ငံအချို့ကမူ အတိုင်းအတာတခုအထိ တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ရရှိထားသော်လည်း ထိုနိုင်ငံတို့၏ အမှီအခိုကင်းမှုမှာ သံသယဖြစ်စရာနှင့် ဂုဏ်သိက္ခာကျစရာများပါရှိနေနိုင်သည်။

အစဦးအပိုဒ်တွင်ဖော်ပြခဲ့သော တော်လှန်ရေး၏ လက်ရှိရည်ညွှန်းနေသော အဓိပ္ပာယ်ဖွင့်ဆိုမှုဖြစ်သည့် အာဏာရှင်စနစ်နှင့် အစိုးရကိုတော်လှန်သည့် အယူအဆအကြောင်းကို ပြန်ကောက်ပါမည်။ အမှန်တကယ်အားဖြင့် သမိုင်းကြောင်းကို အသေအချာပြန်ကောက်မည်ဆိုလျှင် လူအများ၏ အာဏာရှင်နှင့် အာဏာရှင်ဆန်သော အာဏာရှင်စနစ်တို့ကို ပြန်လည်တွန်းလှန်လိုသော စိတ်ဆန္ဒမှာ လီနင်၏ ကွန်မြူနစ်ဝါဒအားအကောင်းဆုံးအချိန်ဖြစ်ပြီး အာဏာရှင်ဆန်သောစနစ်သဖွယ်လည်းဖြစ်လာသောအချိန်ကတည်းကပင် ရှိခဲ့လေသည်။ ဟန်ဂေရီတွင် စောစီးစွာပင်ပေါ်ခဲ့သော အာဏာကို အမှန်တကယ်နှင့် အလှည့်ကျပါခွဲဝေယူလိုသော အယူအဆကိုပိုပြီးအခြေခံသည့် အနောက်အရှင်းရှင်စနစ်၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်မျိုးရရေးအတွက်ဖြစ်ပွားသော လက်ယာဆန်သောတော်လှန်ရေးမျိုးသည် ၁၉၅၆တွင်ပင် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအယူအဆအားသန်သော ကွန်မြူနစ်တို့ကလည်း အဆိုပါတော်လှန်ရေးများကို တန်ပြန်တော်လှန်ရေးဟု အမည်တပ်ထားသော ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းခြင်းဖြင့်ပင် တုန့်ပြန်ခဲ့ပြီးဖြစ်သည်။ လက်ရှိခေတ် အာဏာရှင်စနစ်ကိုတော်လှန်သော တော်လှန်ရေးအများစုသည် အားနည်းလျှင် အားနည်းသလောက် အာဏာရှင်အစိုးရ၏ ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းမှုဖြင့် ချုပ်ငြိမ်းသွားခြင်းလည်းရှိသည်နှင့်အတူ အားအကောင်းဆုံးဖြစ်လာလျှင်လည်း စစ်တပ်၏အကူအညီအထိရယူလာနိုင်ကာ တခါတရံတွင် စစ်တပ်မှအာဏာသိမ်းပြီး ဆက်လက်အုပ်ချုပ်သွားကြသည်များကိုလည်း အာရှတလွှားတွင်သာမက အခြားကမ္ဘာ့ဒေသများရှိ နိုင်ငံများတွင်ပါတွေ့ရသည်(ဥပမာ-တောင်အမေရိကတိုက်ရှိ ချီလီ)။ အဆိုပါစစ်အာဏာသိမ်းမှုများသည်လည်း ပညာရှင်ဗွန်ဒါမယ်ဒန်၏အလိုအရ နိုင်ငံရေးအရ အကြမ်းဖက်ဆူပူအုံကြွမှုမျိုးတခုတွင် အကျုံးဝင်လေသည်။

(၄) စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံရေးအကြမ်းဖက်မှု

စစ်အာဏာသိမ်းမှုများဖြစ်ပေါ်ခြင်းသည် အထက်တွင်ဖော်ပြခဲ့သော နိုင်ငံရေးစနစ်အမြစ်လှန်ရေးဦးတည်သည့် တော်လှန်ရေးကို ဦးတည်ဖြေရှင်းသော ဖြေရှင်းချက်တခုဖြစ်လေ့ရှိပြီး နိုင်ငံရေးမတည်ငြိမ်ဖြစ်လွန်းမှုများ၊ ခြစားလာဘ်စားသူ အုပ်ချုပ်သူလူတန်းစားအလွန်များပြားနေရခြင်းများကြောင့်လည်း ဖြစ်ပေါ်လေ့ရှိသည်။ စစ်တပ်၏အာဏာသိမ်းမှုသည် အရပ်ဘက်အစိုးပိုင်းမှ နိုင်ငံရေးသမားများ၏ အတည်ပြုပေးမှုဖြင့်လည်း ဖြစ်ပေါ်လေ့ရှိပြီး အများအားဖြင့် စစ်တပ်က တိုင်းပြည်အာဏာသိမ်းကာ ရှုပ်ထွေးနေသောအခြေအနေများကို ထိန်းသိမ်းပြီးသည်နှင့် အရပ်သားအစိုးရဘက်သို့ အာဏာလွှဲရသောထုံးစံလည်းရှိလေသည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုဟူသည် စစ်တပ်အပိုင်းမှအကြီးအကဲများ၏ နိုင်ငံရေးအာဏာရလိုမှုသက်သက်ဖြင့် ကြံစည်ပြုမူသည်ဆိုပါက အာဏာသိမ်းပြီးသောစစ်တပ်သည် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးပြပြီး အရပ်သားအစိုးရအား အာဏာလွှဲမပေးတော့ပဲ ဆက်ယူထားလေ့ရှိကာ အချို့ကလည်း စစ်တပ်အပိုင်းကို နုတ်ထွက်ယောင်ပြပြီး အရပ်သားအစိုးရအသွင် မျက်နှာဖုံးစွပ်ပြီးဆက်ယူထားလေ့ရှိသည်။ စစ်တပ်အာဏာသိမ်းမှု အကြိမ်အတော်များများဖြစ်ခဲ့ဖူးသော ထိုင်းနိုင်ငံကိုကြည့်မည်ဆိုလျှင် စစ်တပ်အပိုင်းက နိုင်ငံ၏အခြေအနေကိုထိန်းသိမ်းရန် မြို့တွင်းတွင် တင့်ကားများဖြင့် လှည့်လည်အင်အားပြပြီး ရှိရင်းစွဲနိုင်ငံရေးခေါင်းဆောင်များကိုလည်း ထိန်းသိမ်းထားသင့်သူကို ထိန်းသိမ်းလိုက်ကာ အခြေအနေငြိမ်သွားသည်နှင့် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရအသစ်အား အာဏာလွှဲလိုက်သည်ကများသည်ကို တွေ့ကြရသည်။ နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်းရသော စစ်တပ်၏ခေါင်းဆောင်ပိုင်းက အာဏာအပေါ်တွင် ယစ်မူးသွားလျှင်မူ အာဏာကို အကြောင်းအမျိုးမျိုးပြပြီး အရပ်သားထံလွှဲမပေးသေးပဲထားနိုင်သည်။ အီဂျစ်တို့၏ အာဏာရှင်မူဘာရက်နှင့် အစိုးရအား တော်လှန်သည့် တော်လှန်ရေးအစဦးတွင် စစ်တပ်သည် အစိုးရခိုင်းသည့်အတိုင်းမလုပ်ပဲ အရပ်သားများကိုပင် အစိုးရ အဓိကရုဏ်းနှိမ်နင်းရေးရဲများ၏ရန်မှ ကာကွယ်ပေးခဲ့သောကြောင့် အီဂျစ်စစ်တပ် နာမည်ကောင်းရခဲ့သော်လည်း မူဘာရက်အစိုးရဖြုတ်ကျပြီး စစ်တပ်ကအခြေအနေထိမ်းထားရန် အာဏာသိမ်းထားချိန်တွင်မူ အရပ်သားများထံသို့ အာဏာပြန်လွှဲပေးရေးအတွက် ရွေးကောက်ပွဲကျင်းပပေးရေးနှောင့်နှေးနေသည်ဟု ဝေဖန်ခံခဲ့ရသည်။ အရပ်သားများက ထိုအတွက်ဆန္ဒပြန်ပြသောအခါတွင်မူ မူဘာရက်လက်ထက်တုန်းကကဲ့သို့မဟုတ်တော့ပဲ ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းခဲ့မှုကြောင့် ထပ်ဆင့် စွပ်စွဲမှုများခံခဲ့ရသေးသည်။ လတ်တလောရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရသူများလည်း ထွက်ပေါ်လာသည့်အခါတွင်မှ အီဂျစ်နိုင်ငံရေးအနည်းငယ်ပြန်လည် တည်ငြိမ်မှုရလာခဲ့ခြင်းဖြစ်လေသည်။

စစ်တပ်၏အာဏာသိမ်းမှုသည် နိုင်ငံတည်ငြိမ်မှုရှိရန် ခေတ္တဝင်ပြီးတာဝန်ယူပေးခြင်းမျိုးထက် အာဏာသိမ်းပြီးသွားလျှင်လည်း ဆက်လက်ဆွဲကိုင်ထားလိုသော ဆန္ဒရင်းစွဲများပါဝင်လာသည့်အခါတွင်မူ စစ်တပ်၏ နိုင်ငံရေးမတည်ငြိမ်မှုများထိန်သိမ်းခြင်းဖြစ်စဉ်သည် အလျင်အမြန်ပြီးရန်နှင့် အာဏာအမြန်ရရန်တို့အတွက် အကြမ်းဖက်သတ်ဖြတ်မှုများအထိပါဝင်လာကြသည်။ ထိုအချိန်အနေတွင် စစ်တပ်သည် နိုင်ငံရေးအတိုက်အခံများကို နိုင်ငံတော်မတည်ငြိမ်မှုနှင့် လုံခြုံရေးတို့ကိုအကြောင်းပြကာ လူသတ်ခွင့်လိုင်စင်ရသလိုပင်ပြုမူလေ့ရှိသည်။ ၁၉၇၆တောင်အမေရိကမှ အာဂျင်တီးနားနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုတွင် လူသောင်းသုံးသောင်းခန့်မျှအထိ သေကြေခဲ့ကာ လူများကို ငမန်းစာကျွေးခြင်းဖြင့် သတ်ဖြတ်ခြင်းကဲ့သို့သော လူမဆန်သည့်အပြုအမူများကိုလည်း ပြုမူခဲ့ကြသည်။ ချီလီ၏ ၁၉၇၃စစ်တပ်အာဏာသိမ်းမှုတွင်လည်း ထို့အတူပင်ဖြစ်ကာ လူပေါင်းသုံးထောင်ခန့်မျှကို စစ်တပ်ကသတ်ဖြတ်ခဲ့လေသည်။ အမေရိကန်ပြည်ထောင်စု၏ လက်ဝဲမုန်းတီးမှုပယောဂနှင့် ဘေးတီးပေးမှုမကင်းသော ၁၉၅၄ ဂွာတီမာလာစစ်တပ်အာဏာသိမ်းမှုမှစပြီး ဂွာတီမာလာစစ်တပ်၏ လက်ဝဲဟု သံသယဝင်သူများကို သတ်ဖြတ်မှုမှာ တဖြည်းဖြည်းနှင့် လူပေါင်းနှစ်သိန်းခန့်မျှ အရေအတွက်အထိရှိလာခဲ့ဖူးလေသည်။ အင်ဒိုနီးရှား၏ စစ်အာဏာရှင်ဆူဟာတိုလက်ထက်အတွင်း အာဏာတည်မြဲရေးအတွက် သတ်ဖြတ်ခဲ့သောလူဦးရေမှာ တသန်းခန့်ပင်ရှိမည်ဟု ခန့်မှန်းကြသည်။ ဤသည်တို့ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတခုလုံးနှင့်ချီပြီး သာမန်(လက်နက်မဲ့)ပြည်သူများက အစိုးရကိုလုံးဝဖြုတ်ချရေးတော်လှန်ကြသည့်အခါတွင် အစွန်းရောက်သူများကြောင့် ရက်စက်စွာဥပဒေမဲ့သတ်ဖြတ်မှုများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများမှ အသေအပျောက်များလည်းရှိနိုင်သည်ဆိုစေကာမူ ဤသည်တို့ကိုဖြိုခွင်းရေးအတွက် လက်နက်ဖြင့်ရမ်းကားနှိမ်နင်းသော စစ်တပ်၏ ရက်စက်မှုနှင့် ထိုမှဖြစ်သော အသေအပျောက်နှုန်းကိုမူ လုံးဝမမှီနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ တော်လှန်ရေးကြောင့်လူအသေအပျောက်များရခြင်းတွင် ချောင်ပိတ်ခံရလွန်းသဖြင့် တော်လှန်ရေးကိုစတင်ရသော သာမန်ပြည်သူလူထုနှင့် ဦးဆောင်သူများကိုသာ အပြစ်တင်ခြင်းသည် မည်သို့မျှတရားမျှတမည်မဟုတ်သလို လူအများအပြားသွေးမြေကျရခြင်းသည် တော်လှန်ရေးကို တန်ပြန်ထိန်းသိမ်းရန်ကြိုးစားသည့် အဓိကရုဏ်းနှိမ်နင်းရေးရဲ သို့မဟုတ် စစ်တပ်၏ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်မှုအပေါ်တွင်သာ အခရာကျကြောင်း သတိချပ်ရမည်ဖြစ်ပေသည်။ စစ်အာဏာသိမ်းမှုများသည် နိုင်ငံတနိုင်ငံတွင် တခါဖြစ်ပြီးလျှင် နောက်တခါထပ်ဖြစ်ရန်လည်း လွယ်ကူသွားလေ့ရှိသလိုဖြစ်နေတတ်သည်။ ထိုင်းအစိုးရဆိုလျှင် ၁၉၃၂အာဏာသိမ်းမှုမှသည် နောက်ဆုံး၂၀၀၆ခုနှစ် ဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုင်ငံတကာအစည်းအဝေးတခုသွားနေစဉ် စစ်တပ်အာဏာသိမ်းမှုအထိ အထမြောက်သောအာဏာသိမ်းမှုပေါင်း ၁၁ခုရှိခဲ့ပြီး ပါကစ်စတန်တွင်ဆိုလျှင်လည်း ၁၉၄၇စစ်အာဏာသိမ်းမှုမှသည် နောက်ဆုံး၁၉၉၉ မူရှာရက်ဖ်၏ စစ်အာဏာသိမ်းမှုအထိ လေးကြိမ်ဖြစ်ပွားခဲ့လေသည်။ စစ်တပ်အာဏာသိမ်းမှုများဖြစ်ပွားရခြင်းသည် စစ်တပ်မှတမင်သက်သက်ပင် အာဏာလိုချင်သဖြင့် ကြံစည်လုပ်ကိုင်ခြင်းဖြစ်စေကာမူ နိုင်ငံ၏နိုင်ငံရေးတည်ငြိမ်မှုရှိမရှိဆိုသည့်အပေါ်တွင်လည်းမူတည်နေသည်။ နိုင်ငံရေးသမားများက နိုင်ငံရေး တည်ငြိမ်အောင်ထိန်းထားနိုင်သည်ဆိုလျှင် စစ်တပ်ဘက်မှ အာဏာသိမ်းလိုသော်လည်း အလွယ်တကူမဖြစ်နိုင်ချေ။ နိုင်ငံရေးပါတီများ၊ပါလီမန်နှင့် အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံရေးစနစ်အခြေအနေတည်ငြိမ်အောင်ထိန်းထားနိုင်မှု၊ မဲဆန္ဒရှင်ပြည်သူများ၏လိုအပ်ချက်အတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် ရေတိုသက်သက်မဲရရေးမဟုတ်ပဲ ရေရှည်ကြည့်ပြီးစီမံနိုင်မှု၊ အကျင့်ပျက်ခြစားလာဘ်စားမှုတတ်နိုင်သမျှကင်းအောင်နေပြီး အုပ်ချုပ်ခံများ၏ လေးစားမှုကိုခံယူထားနိုင်မှုတို့ရှိမည်ဆိုလျှင် စစ်တပ်မှ အာဏာသိမ်းဖို့အခွင့်သာရန်လွယ်ကူမည်မဟုတ်ပေ။

(၅)တသီးတသန့်နယ်ပယ်တခုနှင့်ဆက်စပ်သော နိုင်ငံရေးအုံကြွမှု

အထက်ပါ နိုင်ငံရေးအုံကြွမှုမှုလေးမျိုးစလုံးနှင့် အံဝင်ခြင်းမရှိသော နိုင်ငံရေးအုံကြွမှုပုံစံများလည်းရှိနေပြီး အထွေထွေမကျေနပ်မှုမှ ပေါက်ဖွားလာသောအုံကြွမှုမျိုးမဟုတ်ပဲ သီးခြားနယ်ပယ်တခုခုတွင် မကျေနပ်မှုများမှ ပေါက်ဖွားလာသော နိုင်ငံရေးနှင့်ဆက်စပ်လာသည့် အုံကြွမှုမျိုးပင်ဖြစ်ကြသည်။ ကမ္ဘာတဝှမ်းလွှမ်းခြုံဖြစ်စဉ်(ဂလိုဘယ်လိုက်ဇေးရှင်း)ကြောင့်ဖြစ်ပေါ်လာသော တရားမမျှတ၊မညီမျှမှုများကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ၊ သာယာစီးအရင်းရှင်စီးပွားရေးစနစ်နှင့် ၄င်းတို့ကိုအမှီပြုပြီး ကြီးပွားနေသော စီးပွားရေးသမား၊နိုင်ငံရေးသမားများကို ဆန့်ကျင်ဆန္ဒပြကာ ထိုင်သပိတ်များဆင်နွဲသည့် နံရံလမ်းသိမ်းပိုက်မှုဆန္ဒပြပွဲမှ အခြေတည်ခဲ့သော ကမ္ဘာတလွှားမှ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ထိုင်သပိတ်များ၊ တိုးတက်ပြီးနိုင်ငံများမှ ကျောင်းသားများ၏ အစိုးရမူဝါဒချမှတ်မှုတခုခုနှင့်ပတ်သက်ပြီး မကျေနပ်ရာမှ ဆန္ဒပြဆန့်ကျင်မှုများ၊ အထက်တွင်ဖော်ပြခဲ့သော အစိုးရများ၏ နိုင်ငံစီးပွားရေးကိုင်တွယ်ပုံညံ့ဖျင်းမှုကြောင့် အလုပ်လက်မဲ့လူငယ်များ၏ ဆူပူလုယက်ရမ်းကားမှုများ၊ စီးပွားပျက်ကပ်ကာလအတွင်း စီးပွားရေးအလွန်အမင်းကျဆင်းမှုကို ထိန်းမထားနိုင်သော ဥရောပသမဂ္ဂဝင်နိုင်ငံအချို့ရှိ အလုပ်လက်မဲ့များ၏ ဆန္ဒပြမှုများ၊ အခွန်ငွေများဖန်တီးကောက်ခံကာ မိမိအိတ်ကပ်ထဲကိုသာလျှင် ထည့်သွင်းနေသော ကျေးရွာအာဏာပိုင်များအပေါ်တွင် ဒေါသတကြီးပြန်လည်တုန့်ပြန်ဆန္ဒပြကြသော တရုတ်ရွာသားများ၏အုံကြွမှုများ၊ ဗြိတိန်တွင် အလုပ်သမားများ၏ ခံစားခွင့်များနှင့် လုပ်အားခများ၊အငြိမ်းစားခံစားခွင့်များလျော့ကျစေသည့်ဥပဒေပြဋ္ဌာန်းမှုများကြောင့် ဗြိတိန်ပြည်သူ့ဝန်ထမ်းများ အလုပ်မဆင်းသပိတ်ဆန္ဒပြမှုများ စသည်တို့ဖြစ်ကြသည်။ ထိုသို့ တော်လှန်ရေးအသွင်တခုခုတွင်ဘောင်မဝင်သော ဆန္ဒပြမှုများသည် အထွေထွေမကျေနပ်မှုများမှသည် အစိုးရတရပ်လုံးကို ဖြုတ်ချရေးတောင်းဆိုလာစေသည့် တော်လှန်ရေးသဖွယ်လည်းဖြစ်ပေါ်လာနိုင်ပြီး ထိုသို့ဖြစ်လာနိုင်ချေသည် အစိုးရ၏ ကိုင်တွယ်မှုအပေါ်တွင်လည်းမူတည်နေသည်။ ဆူပူအုံကြွမှုများအား မြန်မြန်ပြီးစေရန် အကြမ်းပတမ်းနှိမ်နင်းမှုမျိုးမှာ ရေတိုတွင်ငြိမ်သွားနိုင်သော်လည်း ရေရှည်တွင် ပြဿနာ၏ရင်းမြစ်ကို ပိုမိုကြီးထွားလာစေလိမ့်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ဒေသတွင်းနှင့် ပြည်နယ်အာဏာပိုင်များသည် လတ်တလောကမ္ဘာ့မြို့ကြီးများ အားလုံးလိုလိုဖြစ်ပွားစေသည်အထိပျံ့နှံ့ခဲ့သော အဓိကရမြို့နေရာများအတွင်းဖြစ်ပွားခဲ့သည့် ထိုင်သပိတ်များကို အကြမ်းပတမ်းနှိမ်နင်းခဲ့ရာတွင် လတ်တလောတွင် ပပျောက်သွားသယောင်ရှိသော်လည်း ဆန္ဒပြမှုများဖြစ်ပေါ်စေခဲ့သည့်အကြောင်းအရင်းများကို အသေအချာကိုင်တွယ်ဖြေရှင်းရန်ကြိုးစားခြင်းမရှိသောကြောင့် နောက်တကြိမ်ထပ်ဖြစ်လာလျှင် ပိုမိုဆိုးရွားလာလိမ့်မည်ဟု လတ်တလောထိုင်သပိတ်ဆန္ဒပြပွဲများကို လေ့လာနေသည့် နိုင်ငံရေးသိပ္ပံပညာရှင်များနှင့် ဂုဏ်သိက္ခာရှိသတင်းစာကြီးများက ဝေဖန်ပြောဆိုနေကြသည်။

မည်သို့ပင်ဆိုစေ လက်တွေ့ဖြစ်ပေါ်နေသောနှင့် ဖြစ်ပေါ်ခဲ့ပြီးဖြစ်သော နိုင်ငံအသီးသီးရှိနိုင်ငံရေးအုံကြွမှုများသည် အထက်ပါငါးမျိုးအနက်မှ တမျိုးမျိုးနှင့်သာ အတိအကျအံဝင်သည်ဟူ၍ မရှိပဲ အချို့မှာ သဘောနှစ်မျိုး သို့မဟုတ် ထို့ထက်ပိုသော အမျိုးအစားခွဲခြားမှုအတွင်း အကျုံးဝင်နေနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ အချို့အခြေအနေများတွင် အုံကြွမှုအမျိုးအစားတမျိုးမှစတင်ခဲ့ရာမှ တခြားအုံကြွမှုအမျိုးအစားများပုံသဏ္ဍန်သို့လည်း ပုံစံပြောင်းလာသည်ကို တွေ့ရနိုင်သည်။ နိုင်ငံရေးအုံကြွမှုဟူသည် တိုးတက်ပြီးနှင့် တိုးတက်ဆဲနိုင်ငံဟူ၍ ခွဲခြားပြီးဖြစ်ပွားခြင်းမရှိပဲ လွှမ်းမိုးချယ်လှယ်တတ်သော အုပ်ချုပ်သူလူတန်းစားနှင့် သူတပါးအပေါ်အမြတ်ထုတ်ရန်အားသန်နေသော ဓနရှင်လူတန်းစားများရှိသည့်နေရာတိုင်းတွင် ထိုသူတို့ကို ရိုးရိုးကန့်ကွက်ရန်အခွင့်မသာပါက လမ်းပေါ်သို့ထွက်ကာ ဆန္ဒပြခြင်း၊ ထိုင်သပိတ်ဆင်နွှဲခြင်း၊ အလုပ်မဆင်းသပိတ်ဆင်နွှဲခြင်းစသည်တို့ရှိနေဦးမည်ဖြစ်သည်ကို တင်ပြလိုက်ရပါသည်။

(နောက်ဆက်တွဲအခန်းတွင် “တော်လှန်ရေး၏ အကြောင်းတရားတခု။    ။နိုင်ငံရေးအပြောင်းအလဲ” ဆိုသောအခန်းကို ဆက်လက်ရေးသားပါမည်။)

Advertisements

One thought on “နိုင်ငံရေးဆူပူမှုများနှင့် စပ်လျဉ်း၍…(နိုင်ငံရေးသိပ္ပံအခန်းဆက်မှ – အပိုင်း ၃၂)

Leaving a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s