တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးများ၏အခန်းကဏ္ဍ( နိုင်ငံရေးသိပ္ပံအခန်းဆက်မှ… အပိုင်း-၃၁)


တိုင်းပြည်တိုင်းတွင် လူတဦးတယောက်သည် တရားဥပဒေကိုချိုးဖောက်ပြီး ပြစ်မှုတခုခုကျူးလွန်ပါက တရားရေးရာရုံးတော်မှတဆင့် လုပ်ထုံးလုပ်နည်းများဖြင့် စီရင်ချက်ချပြီး အပြစ်ပေးခံရလေ့ရှိသည်ဟု ယေဘုယျပြောနိုင်မည်ထင်ပါသည်။ အနိမ့်ဆုံးပြစ်မှုအပိုင်းတွင်အကျုံးဝင်သော ဒဏ်ငွေချမှုများတွင်ပင် တရားခံသည် တရားရုံးသို့လာရောက်ဖြေရှင်းရန်အထိအများအားဖြင့်မလိုသော်လည်း “ရုံး၏စီရင်ချက်အရဒဏ်ငွေပေးဆောင်စေ” ဟူသောပုံစံမျိုးဖြင့် ဥပဒေချိုးဖောက်မှုမှန်သမျှကို ရုံးစီရင်ချက်ဖြင့်သာ အပြစ်ပေးလေ့ရှိသည်ကိုတွေ့ရသည်။ တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံရေးအခြေအနေရှိသည့်နိုင်ငံများတွင်ပင် နိုင်ငံသားအချင်းချင်းဖြစ်ပွားသောအမှုတွင် လာဘ်ပေးနိုင်သူကပေး၍ လွတ်မြောက်နိုင်စေကာမူ တရားရုံးတော်ဆိုင်ရာလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ထုံးစံအရကျော်ဖြတ်ရသည်။ အာဏာပိုင်များက နိုင်ငံရေးအရမကျေနပ်မှုဖြင့် ထောင်ချခံရသောသူများသည်ပင် ဖမ်းစဉ်က မျှတသောဥပဒေလမ်းကြောင်းဖြင့် အဖမ်းခံရခြင်းမဟုတ်ပဲ မတရားအဖမ်းခံရခြင်းဖြစ်စေကာမူ ထုံးစံအရ ရုံးတင်စစ်ဆေးအပြစ်ဒဏ်ချမှတ်သည့်ပုံစံပြုပြီးမှသာလျှင် ထောင်သွင်းအကျဉ်းချလိုက်သည့်အစဉ်အလာပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာ ရုံးတင်စစ်ဆေးမှုတွင်(မတရားမှုရှိစေကာမူ) တရားခံရှေ့နေထားခွင့်ပြုပြီးစီရင်ခြင်းနှင့် မည်သူမှမသိလိုက်အောင် ထောင်တွင်းတရားရုံးတွင် စတိသဘောမျိုးစီရင်ချက်ချပြီးမှသာလျှင် ထောင်ချသည့်သဘောမျိုးဟူ၍ နှစ်မျိုးတွေ့ရသည်။ မည်သည်တရားရုံးစီရင်ချက်မျှမပါပဲ ထောင်တွင်းသို့တိုက်ရိုက်ပို့သည်မျိုးမှာ ဥပဒေစိုးမိုးမှုမရှိသည့်နိုင်ငံများတွင်ပင် ရှားသည်ကိုတွေ့ရသည်။(စစ်ဆေးမေးမြန်းရေးစခန်းများတွင် ထိန်းသိမ်းစစ်ဆေးခြင်းမျိုးမှာ ပြစ်မှုအတိအကျဖြင့် ထောင်ကျခြင်းနှင့် ကွဲပြားပါသည်။)

သို့သော်လည်း အမေရိကန်ပြည်ထောင်စု စက်တင်ဘာ၊၁၁ တိုက်ခိုက်ခံရမှုအပြီးတွင်မှ ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့သော အစွန်းရောက်အစ္စလမ်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် အမေရိကန်ပြည်ထောင်စုသည် သင်္ကာမကင်းဖြစ်သူများကို ဥပဒေထုံးစံများကိုကျင့်သုံးခြင်းမပြုပဲဖမ်းဆီးခြင်းနှင့် တရားရင်ဆိုင်ခွင့်များမပေးပဲ ထောင်သွင်းအကျဉ်းချကာ နှိပ်စက်ညှင်းပန်းသည့်နည်းမျိုးစုံသုံးကာ စစ်မေးခြင်းတို့ကိုပြုလုပ်လာခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကို တရားဝင်ပြုလုပ်သည့်ပုံစံဖြစ်လာစေရန် လက်တလုံးခြားပြုလုပ်နိုင်သော နိုင်ငံတော်ကာကွယ်ရေးဥပဒေများကို သမ္မတ ဂျော့ဒဘလျူဘုရှ်လက်ထက်မှစ၍ စတင်ပြဋ္ဌာန်းလာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ထိုသို့တရားမျှတမှုမရှိသော အကြမ်းဖက်ဝါဒဖြေရှင်းပုံနှင့် ထိုသို့ပြုလုပ်ခြင်းများကို တရားဝင်ပုံစံဖြစ်အောင်ဥပဒေပြဋ္ဌာန်းခြင်းများကိုပြုလုပ်လာရာတွင် ၄င်း၏နိုင်ငံအတွင်းသာမက ကမ္ဘာတလွှားရှိ၎င်း၏သြဇာလွှမ်းမိုးမှုရှိသောနိုင်ငံများတွင်ပါ နိုင်ငံများ၏လျှိ့ဝှက်ထောက်လှမ်းရေးများမှတဆင့်ပြုလုပ်ခြင်း၊ ကိုယ်တိုင်ထောက်လှမ်းရေးများစေလွှတ်ကာ သွားရောက်ဖမ်းဆီးစေခြင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်ဖြိုခွင်းရေးလျှို့ဝှက်သင်တန်းများပေးခြင်းတို့ကိုပြုလုပ်နေသည်။ အချို့နိုင်ငံများတွင်ဆိုလျှင် နိုင်ငံအာဏာပိုင်များကိုပင်အသိမပေးပဲ ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေပြီး ထိုနိုင်ငံတို့၏အချုပ်အချာအာဏာပိုင်မှုကိုပင် ထိပါးမှုများပြုလုပ်နေသည်။ လတ်တလော အိုစမာဘင်လာဒင်အား အမေရိကန်တပ်ဖွဲ့များက လုပ်ကြံသတ်ဖြတ်မှုတွင် ပါကစ်စတန်အာဏာပိုင်များကို ခွင့်တောင်းခြင်းမပြုပဲ ပိုင်နက်အတွင်းဝင်ရောက်ခြင်းပြုလုပ်ခဲ့သောကြောင့် ပါကစ်စတန်အာဏာပိုင်များ ဒေါသထွက်ခဲ့ကြသေးသည်။ ဗြိတိန်နိုင်ငံသည်လည်း ပုလင်းတူဗူးဆို့ပင်ဖြစ်သည်။ လတ်တလော ဝီကီလီခ် လျှို့ဝှက်ချက်များပေါက်ကြားမှုသတင်းစဉ်များတွင် မတရားဖမ်းဆီးမှုများနှင့် ကလေးသူငယ်များအားပင် ရိုက်နှက်ဖြိုခွင်းမှုများပြုနေပြီး နာမည်ဆိုးထွက်နေသော ဘင်္ဂလားဒက်ရှ် ထောက်လှမ်းရေးအဖွဲ့ခွဲတခုကို ဗြိတိန်က အကြမ်းဖက်ဝါဒနှိမ်နှင်းရေးအတွက် လျှို့ဝှက်သင်တန်းပေးလေ့ကျင့်ပေးနေသည်ဟူသော သတင်းထွက်လာသောအခါတွင် ဗြိတိသျှအစိုးရသည် ပြည်တွင်းပြည်ပ ဝေဖန်မှုများကိုခံခဲ့ရသည်။ ဆိုလိုရင်းမှာ သဘောတရားအားဖြင့်ရော၊ လက်တွေ့တွင်ပါ တရားရေးရာလုပ်ထုံးလုပ်နည်းအစဉ်အလာများကို အနည်းဆုံးစတိသဘောဖြင့်ဖြစ်စေ ပြုလုပ်ကြစမြဲဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဒီမိုကရေစီနိုင်ငံကြီးများကိုယ်တိုင်က ထိုအစဉ်အလာကိုချိုးဖောက်ချင်လာသည်ကို တင်ပြလိုရင်းဖြစ်ပြီး ယခုဤအခန်း၏လိုရင်းဖြစ်သော တရားရုံးတော်ဆိုင်ရာဥပဒေကျင့်သုံးပုံအမျိုးမျိုးနှင့် နိုင်ငံများရှိ တရားရေးရာမဏ္ဍိုင်များ၏ အရေးပါမှုအတိုင်းအတာများကို ဆက်လက်တင်ပြသွားပါမည်။

အခြေခံကျသော ဥပဒေအမျိုးအစားများ

နိုင်ငံတိုင်းတွင်ရှိတတ်သော ထုတ်ပြန်သတ်မှတ်ထားသောဥပဒေအမျိုးမျိုးရှိကြရာတွင် အခြေခံအကျဆုံးဥပဒေငါးမျိုးခွဲခြားနိုင်သည်။ ၄င်းတို့မှာ ရာဇတ်ဝတ်မှုဥပဒေ၊ တရားမမှုဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ဖြစ်ကြသည်။

ရာဇဝတ်မှုဥပဒေ

ထိုဥပဒေအမျိုးအစားကို အရင်ဆုံးထင်ရှားသိသာအောင် ဥပမာပြရမည်ဆိုလျှင် လူသတ်မှု၊လုယက်မှု၊မုဒိန်းမှုများမှာ ရာဇဝတ်မှုများဖြစ်ကြသည်။ သဘောတရားရေးရာအရသတ်မှတ်ထားပုံမှာ လူမှုရေးစံနှင့် လူလုပ်စည်းကမ်းများမှသွေဖီခြင်းနှင့် ထိုမှတဆင့် လူမှုအဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်မှုပြုနိုင်သော အပြုအမူမှန်သမျှကို ရာဇဝတ်မှုဟူသော ခေါင်းစဉ်အောက်တွင်ထည့်သွင်းနိုင်မည်ဟုလည်းဆိုကြသည်။ တရားခံအား နိုင်ငံတော်ဥပဒေအရ နိုင်ငံတော်မှ တရားစွဲဆိုပြစ်ဒဏ်ချခြင်းမျိုးဖြစ်ပြီး ခံရသူအပေါ်တွင်မူတည်ခြင်းမရှိပေ။ ဥပမာအားဖြင့် လူသတ်မှုတွင် အသတ်ခံရသူဘက်မှ တိုင်ကြားသူ၊တရားစွဲဆိုသူမရှိစေကာမူ ဥပဒေကြောင်းအရ နိုင်ငံတော်မှ တရားခံကိုရှာဖွေပြီး တရားစွဲဆိုကာ ပြစ်ဒဏ်ချမှုပြုခြင်းကို ဆိုလိုပါသည်။ ရာဇဝတ်မှုကျူးလွန်ပုံကို အဆင့်သုံးဆင့်ဖြင့် ယေဘုယျခွဲခြားထားပြီး အသေးဆုံးရာဇဝတ်မှုအဖြစ်အကြုံးဝင်သောအမှုများမှာ အများအားဖြင့် ဒဏ်ငွေဖြင့်ပြီးလေ့ရှိသော ယဉ်စည်းကမ်း၊လမ်းစည်းကမ်းဥပဒေချိုးဖောက်မှုများဖြစ်သည်။ အလတ်စားရာဇဝတ်မှုကျူးလွန်ခြင်းအနေဖြင့် လောင်းကစားမှု၊ ပြည့်တန်ဆာမှုတို့ကို ဥပမာပြနိုင်ပြီး ထောင်ဒဏ်ရော၊ငွေဒဏ်ပါချမှတ်လေ့ရှိသော အမှုများဖြစ်သည်။ အကြီးစား ရာဇဝတ်မှုများတွင် အကျုံးဝင်သည်များမှာ လူသတ်မှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု စသည်တို့ဖြစ်ကြသည်။ ၄င်းတို့မှာ နှစ်ရှည်ထောင်ဒဏ်များဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရလေ့ရှိသော ပြစ်မှုများလည်းဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ရာဇဝတ်မှုနှင့်ပတ်သက်၍ တရားစီရင်ရေးအာဏာကို ပြည်နယ်နှင့် ဗဟိုအစိုးရတို့ခွဲယူထားပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ လူသတ်မှု၊လုယက်မှုတို့ကို ပြည်နယ်တွင်းတရားရုံးမှ တိုက်ရိုက်စီရင်ခွင့်ရသော်လည်း ပြန်ပေးစွဲမှု၊ ပြည်နယ်ဖြတ်ကျော်ခိုးယူမှုများနှင့် အခြားပြည်နယ်တခုမှတခုသို့ဖြတ်ကျော်ကျူးလွန်မှုများလာသည့်အခါတွင်မှ နိုင်ငံတော်နှင့်ဆိုင်သောအမှုအဖြစ်သတ်မှတ်ပြီး ဘဏ်ဖောက်ထွင်းမှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုများကဲ့သို့သော ရာဇဝတ်မှုမျိုးကိုမူ ပြည်နယ်အစိုးရရော၊ ဗဟိုအစိုးရပါ တွဲပြီးကိုင်တွယ်ကြသည်။ အမေရိကန်ပြည်ထောင်စုရှိ ရာဇဝတ်မှုများတွင် လူသတ်မှုများကို ပြည်နယ်အဆင့်အဖြစ်သာအများအားဖြင့် သတ်မှတ်လေ့ရှိသောကြောင့် လူသတ်မှုကိုစတင်ကျူးလွန်သူသည် ကျူးလွန်မိသောပြည်နယ်အတွင်းမှထွက်ပြေးလွတ်မြောက်နိုင်သည်ဆိုလျှင် ထိုပြည်နယ်မှ ရဲအရာရှိစသောအာဏာပိုင်များသည် အခြားပြည်နယ်အတွင်းသို့ ချက်ချင်းအလွယ်တကူမဝင်ရောက်နိုင်သောကြောင့် လွတ်မြောက်သွားသူသည် အချိန်အတိုင်းအတာတခုအထိ အဖမ်းမခံရနိုင်ရန် ဆွဲဆန့်ထားနိုင်သည်။

တရားမမှုဥပဒေ

တရားမဥပဒေဆိုသည်မှာ အများအားဖြင့် တရားခံမှတိုင်ကြားသည့်အခါတွင်သာလျှင် တရားရုံးမှကြားနာစစ်ဆေးပြီး အပြစ်ပေးမှု သို့မဟုတ် ပလပ်မှုပြုလုပ်သော အမှုများအတွက်ပြဋ္ဌာန်းသော ဥပဒေများဖြစ်သည်။ လက်ထပ်/ကွာရှင်းကိစ္စများ၊ အမွေစားအမွေခံနှင့် အခြားစာချုပ်နှင့် ပတ်သက်သောအမှုများ၊ စီးပွားရေးလုပ်ငန်းများဒေဝါလီခံသည့်အမှုများ စသည်တို့အကျုံးဝင်ကြသည်။ အင်္ဂလိပ်တို့မှစတင်ခဲ့သည်ဟုဆိုကြသော စီရင်ထုံးဥပဒေကျင့်သုံးသည့် အင်္ဂလိပ်စကားပြောနိုင်ငံများအားလုံးလိုလိုတွင် တရားမမှုများကို စစ်ဆေးရာ၌ ရေးသားထားပြီးဖြစ်သောဥပဒေအရစစ်ဆေးသော်လည်း စီရင်ချက်ချဆုံးဖြတ်မှုများတွင်မူ ယခင်စီရင်ထုံးများကိုအမှီပြုပြီး ဆုံးဖြတ်ချက်ချလေ့ရှိသည်ကိုတွေ့ရသည်။ ဆုံးဖြတ်ချက်များသည် တရားခံအား ထောင်သွင်းအကျဉ်းကျစေခြင်းထက် “တရားလိုအား တရားခံမှ မည်မျှပေးဆောင်စေ” ဟူသော ဆုံးဖြတ်ချက်များသာဖြစ်လေ့ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ယခင်အခန်းတခုတွင် အသေးစိတ်တင်ပြခဲ့ပြီးဖြစ်သော်လည်း ယခုနေရာတွင် တရားရေးမဏ္ဍိုင်နှင့်စပ်လျဉ်းသော အကြောင်းအရာများကိုသာ တင်ပြသွားပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ယနေ့ခေတ်တွင် ၄င်းနှင့်ဆက်စပ်လာသော လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းရှိမရှိဆိုသောကိစ္စများကိုဆုံးဖြတ်ရာတွင် မူလဥပဒေနှင့် မူလသတ်မှတ်ချက်များသည် လက်တွေ့ဖြစ်လာနိုင်သော အမှုတွဲများမှ အခြေအနေအမျိုးမျိုးအားလုံးကို ငုံမိအောင် အသေးစိတ်ရေးသားထားရန် မဖြစ်နိုင်သောကြောင့် တရားရုံးများက ထပ်ဆင့်အဓိပ္ပာယ်ဖွင့်ဆိုပြီးမှ ဆုံးဖြတ်ချက်ချမှတ်ပေးရန်လည်း လိုအပ်လာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိကြသောဒီမိုကရေစီနိုင်ငံအများစုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးသန့်ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုရေးအတွက် ခုံရုံးများလည်းထားရှိလာကြသည်။ ဒေသခံတရားရုံးတရုံးမှ ချမှတ်လိုက်သောစီရင်ချက်သည် အဆိုပါအခြေခံဥပဒေများကိုသွေဖီနေသည်ဟုယူဆပြီး တရားခံမှ ရုံးများအဆင့်ဆင့်တိုးမြှင့်တိုင်ကြားပြီးနောက်ဆုံး တရားရုံးချုပ်မှချမှတ်သော စီရင်ချက်သည်သာ တနိုင်ငံလုံးအတွက်အတည်ဖြစ်သွားလေ့ရှိသည်။ သို့သော်လည်း အထက်တရားရုံးများနှင့် ရုံးချုပ်တို့သည် တက်လာသောအမှုတွဲတို့ကို အဆိုပါအခြေခံဥပဒေတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဟု ယူဆလျှင်မူလက်ခံစဉ်းစားလေ့မရှိပေ။ အမေရိကန်ပြည်ထောင်စုတွင် ၁၈၉၆၌ဖြစ်ပွားခဲ့သော ပလက်စီ/ဖာဂူဆန်(Plessy v. Ferguson)အမှုတွဲတွင် အစိုးရပို့ဆောင်ရေးစနစ်မှ ယဉ်များတွင် လူမျိုးကွဲပြားမှုအားဖြင့် နေရာခွဲခြားသတ်မှတ်ခြင်းကို တရားရုံးချုပ်အထိ အဆင့်ဆင့်တက်ပြီးတိုင်ကြားခံရရာတွင် နောက်ဆုံးတရားရုံးချုပ်ကဆုံးဖြတ်ချက်ချမှတ်ရာ၌ အခြေခံဥပဒေပါအချက်အလက်ဖြစ်လာသော လူသားအခွင့်အရေးများ နိုင်ငံသားများအညီအမျှရရှိစေရေးဟူသောမူကို ထိုသို့ခွဲခြားခြင်းကချိုးဖောက်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။ တရားရုံးချုပ်မှပေးသောအကြောင်းပြချက်မှာ လူမျိုးရေးအရနေရာခွဲခြားမှု(လူမည်းများအတွက် သီးသန့်နေရာသတ်မှတ်မှု)ပြုလုပ်သည်ဆိုစေကာမူ ခွဲခြားသတ်မှတ်ထားသော နေရာအသီးသီး၏ ဝန်ဆောင်မှုများ၏အရည်အသွေးများကွာခြားမှုမရှိလျှင်(ဥပမာ-လူမည်းများအတွက် ရိုးရိုးတန်းလက်မှတ်နေရာ၏ ထိုင်ခုံနှင့် ဝန်ဆောင်မှုသည် လူဖြူများ၏ ရိုးရိုးတန်းလက်မှတ်နေရာဝန်ဆောင်မှုတို့ တူညီလျှင်)  လူမျိုးအရနေရာခွဲသတ်မှတ်မှုသည် နိုင်ငံသားတိုင်းလူသားအခွင့်အရေးအညီအမျှရရှိရေးမူကို မထိခိုက်ဟုဆိုကာ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ ထိုအမှုနှင့်ဆင်တူယိုးမှားပင်ဖြစ်သော ၁၉၅၄တွင်ဖြစ်ပွားခဲ့သည့် ဘရောင်း/တောပီကာမြို့ပညာရေးဋ္ဌာနအမှုတွဲ(Brown v. Board of Education of Topeka)တွင်မူ နောက်ဆုံးတရားရုံးချုပ်အဆင့်အထိတက်လာခဲ့သည့်အချိန်တွင် ထိုအချိန်က တရားသူကြီးချုပ်နှင့်တကွ သူ၏လက်ထောက်တရားသူကြီးချုပ်ရှစ်ယောက်စလုံးက ပညာရေးတွင် လူမျိုးခွဲခြားပြီး ကျောင်းသီးသန့်ခွဲသတ်မှတ်မှုကို လူသားအခွင့်အရေးအညီအမျှရရေးမူကို ချိုးဖောက်သည်ဟုယူဆကာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏စည်းဘောင်နှင့်သွေဖီသည်ဟုယူဆပြီး လူမျိုးရေးခွဲခြားပြီး နေရာခွဲထားသည့် အစိုးရဝန်ဆောင်မှုတိုင်းကို ဥပဒေနှင့်မညီဟုဆုံးဖြတ်ပြီး ထိုဆုံးဖြတ်ချက်ကို တနိုင်ငံလုံးရှိပြည်နယ်တိုင်းကို သက်ရောက်စေခဲ့သည်။ ထိုဆုံးဖြတ်ချက်မှာ ယခင် ၁၈၉၆ပလက်စီ/ဖာဂူဆန်အမှုတွဲ၏ ဆုံးဖြတ်ချက်ကိုပါ ပြောင်းပြန်လန်စေခဲ့ပြီး အစိုးရစီမံခန့်ခွဲသော ပြည်သူများအတွက်ဝန်ဆောင်မှုများတွင်အပါအဝင်ဖြစ်သည့် ရထား၊ဘတ်စကားစသော ပို့ဆောင်ရေးယဉ်များတွင်နေရာခွဲခြားသတ်မှတ်မှုကိုပါ တရားမဝင်ဟုဆိုသော သတ်မှတ်ချက်ဖြစ်စေခဲ့သည်။ ဤဆုံးဖြတ်ချက်နှစ်ခုတွင် နောက်ခံမတိမ်းမယိမ်းတူညီမှုရှိနေသော်လည်း လုံးဝဆန့်ကျင်ဘက်ဖြစ်သော တရားရုံးချုပ်၏အဓိပ္ပာယ်ဖွင့်ဆိုမှုနှစ်ခုဖြစ်နေခဲ့သည်ကိုကြည့်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ယေဘုယျဆန်မှုကြောင့် တရားရုံးချုပ်၏ဖွင့်ဆိုမှုများခေတ်အလိုက်ပြုပြင်ပြောင်းလဲမှုများရှိနေနိုင်ပုံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထိုသို့ရှင်သန်ပြောင်းလဲနေသော သဘောရှိရေးသည် ဥပဒေများတရားမျှတမှုပိုမိုထွန်းကားရေးအတွက် အရေးကြီးကြောင်းကိုတွေ့ရသည်။ ထိုသို့အရေးကြီးပုံမှာ တရားရေးမဏ္ဍိုင်ကို သီးခြားလွတ်လပ်သောအာဏာပေးထားသော သမ္မတစနစ်ရှိသည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံမျိုးတွင်သာမက တရားရေးရာအာဏာကိုအမေရိကန်ပြည်ထောင်စုလောက် သီးခြားပေးထားခြင်းမရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိကြသည့် ပါလီမန်ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများတွင်ပင် အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေဖွင့်ဆိုခြင်းနှင့်ပတ်သက်သည့်ခုံရုံးကို နိုင်ငံရေးစနစ်တွင်ထည့်သွင်းထားကြသည်။

စီမံခန့်ခွဲမှုဥပဒေ

အတိုချုံးပြောရလျှင် အစိုးရ၏ဋ္ဌာနအသီးသီးမှ ၄င်းတို့ကိုင်တွယ်သော နယ်ပယ်နှင့်သက်ဆိုင်သောစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းဥပဒေများကိုဆိုလိုခြင်းဖြစ်သည်။ အများအားဖြင့် စီးပွားရေးနှင့်သက်ဆိုင်သော စည်းမျဉ်းများဖြစ်လေ့ရှိပြီး ဥပမာအားဖြင့် လယ်ယာဝန်ကြီးဋ္ဌာနမှ လယ်ပိုင်ရှင်နှင့် လယ်လုပ်သူတို့လိုက်နာရမည့်စည်းကမ်းများ၊ စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ချမှတ်ထားသော လျှပ်စစ်ဖြန့်ဖြူးသည့်ကုမ္မဏီများလိုက်နာရမည့်စည်းကမ်းများ စသည်တို့ဖြစ်သည်။ အစိုးရမှ ယေဘုယျအားဖြင့်သာထုတ်ပြန်ထားသော စီးပွားရေးဥပဒေ၊ကုန်သွယ်ရေးဥပဒေစသည်များကို ထိုဥပဒေနှင့်သက်ဆိုင်သောအစိုးရဋ္ဌာနများက ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားတရားသူကြီးများက အဓိပ္ပာယ်ဖွင့်ဆိုပြီး ကျင့်သုံးဆုံးဖြတ်ကြသလိုပင် အကျယ်ဖွင့်ဆိုခြင်း၊လုပ်ထုံးလုပ်နည်းများသတ်မှတ်ခြင်းကိုပြုလုပ်ကြသည်။ ဥပမာအားဖြင့် အစိုးရမှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မမျှတမှုမရှိသော၊လက်တလုံးခြားလှည့်ဖျားသော စီးပွားရေးလုပ်ခြင်းမျိုးကို ဥပဒေထုတ်တားမြစ်ထားသော်လည်း မည်သို့ပြုလုပ်ပုံက တရားမျှတမှုမရှိသည်ဆိုခြင်းကို လက်တွေ့လောကရှိဖြစ်တတ်ပုံများအားလုံးကိုထည့်သွင်းပြဋ္ဌာန်းပြရန်မဖြစ်နိုင်ပေ။ ထိုအခါတွင် ဋ္ဌာနများက သီးခြားထပ်မံအဓိပ္ပာယ်ဖွင့်ဆိုပြီး ပညာရှင်များ၏အကြံဥာဏ်ကိုလည်းရယူကာ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်းများကိုပြုလုပ်ကြပြီး မမျှတမှုများကြောင့်ဖြစ်ပေါ်လာသောအမှုတွဲများမှ စီရင်ထုံးများ၏ အကူအညီကိုလည်းရယူကြသည်။ ဤဥပဒေမှာအများအားဖြင့် ဋ္ဌာနဆိုင်ရာစည်းမျဉ်းများမှတဆင့် ဥပဒေဖြစ်လာသည်ကများပြီး ခိုင်မာလာသော စည်းမျဉ်းစည်းကမ်းများနှင့်စံနှုန်းများသည် အစိုးရအတည်ပြုဥပဒေဖြစ်လာကြသည်။ စီမံခန့်ခွဲမှုဥပဒေဖြင့်စီရင်ချက်ချမှတ်ခြင်းကို ကျေနပ်မှုမရှိသူများသည် အထက်တရားရုံးသို့တက်၍ အယူခံတင်လိုသော် တင်နိုင်ကြသည်။

နိုင်ငံတကာဥပဒေ

လက်ရှိခေတ်တွင် လုံးဝသီးခြားဆန်ဆန်နေထိုင်ကာ မည်သည့်နိုင်ငံနှင့်မျှ ဆက်သွယ်ခြင်းမပြုပဲနေထိုင်သောနိုင်ငံဟူ၍မရှိသလောက်ဖြစ်ပြီး အချင်းချင်းသံတမန်ရေးအရ ဆက်ဆံခြင်းနှင့်ကုန်သွယ်ခြင်းများပြုလုပ်လာရသည်နှင့်အတူ နိုင်ငံအချင်းချင်း သို့မဟုတ် နိုင်ငံအများစုပေါင်းပြီး အားလုံးလိုက်နာရသောအချက်များပါသည့်စာချုပ်များချုပ်ဆိုခြင်းကိုလည်းပြုလုပ်လာကြသည်။ နိုင်ငံတကာဥပဒေဆိုသည်မှာ ထိုသို့စာချုပ်များလိုက်နာကြခြင်းနှင့် ဒေသခံနိုင်ငံများအတွင်းတူညီနေသော ဥပဒေရေးရာထုံးစံများကိုစုစည်းပြီးခေါ်ဝေါ်ခြင်းလည်းဖြစ်သည်။ နိုင်ငံတကာဥပဒေဟူ၍ခေါ်တွင်ဖြစ်ပေါ်လာမှုတွင် ကုလသမဂ္ဂအဖွဲ့၏အခန်းကဏ္ဍသည်လည်း အရေးအပါဆုံးထဲတွင်ပါဝင်ပြီး နိုင်ငံအများအကြားရှိအများအားဖြင့်တူညီသော ဥပဒေများအပေါ်တွင်အခြေခံသော်လည်း နိုင်ငံတနိုင်ငံ၏ဥပဒေကဲ့သို့ လူပုဂ္ဂိုလ်တဦးတယောက်၏ဥပဒေချိုးဖောက်မှုကိုအာရုံပြုသည်ထက် နိုင်ငံနှင့်ချီ၍ ဥပဒေချိုးဖောက်မှုကိုအလေးထားပြီးတည်ရှိနေခြင်းဖြစ်ရာ နိုင်ငံတကာဥပဒေဆိုင်ရာစာချုပ်များတွင်ပါဝင်လက်မှတ်ထိုးမှုအပေါ်တွင် အဓိကမူတည်နေသည်။ စာချုပ်တွင်လက်မှတ်ထိုးထားမှုမှ အတည်ပြုကျင့်သုံးမှုအတွက် နိုင်ငံတွင်းတရားရုံးမှထပ်ဆင့်အတည်ပြုခြင်းဖြင့်ကျင့်သုံးသည်လည်းရှိသည်။ အမေရိကန်ပြည်ထောင်စု၏ ဗဟိုတရားရုံးချုပ်က နိုင်ငံ၏ပြည်နယ်အစိုးရတိုင်းသည် ဗဟိုအစိုးရမှလက်မှတ်ထားသော နိုင်ငံတကာစာချုပ်များအတိုင်း လိုက်နာရမည်ဟူသော ဥပဒေထုတ်ပြန်ချက်မျိုးဖြစ်သည်။ နိုင်ငံတကာဥပဒေအတိုင်းဖြစ်စေမှုသည် ကမ္ဘာတလွှားအမှန်တကယ်အကောင်အထည်ဖော်နိုင်ရေးမှာမူ ဥပဒေစံသတ်မှတ်ချက်များကို အများနှင့်သဘောတူလိုက်ပါချမှတ်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျလိုက်နာလိုသည့်ဆန္ဒအပေါ်တွင်မူတည်နေသည်။ နိုင်ငံနှင့်ချီပြီးဆုံးဖြတ်ရသော နိုင်ငံတကာဥပဒေဆိုင်ရာကိစ္စများ ဥပဒေအတိုင်းဖြစ်ရေးသည် ပါဝင်သူတိုင်း၏နာခံလိုသောဆန္ဒအပေါ်တွင်မူတည်နေခြင်းကြောင့် ခက်ခဲနေချိန်တွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော ဥပဒေများက ပိုမိုထွန်းကားလာပြီး ဥပဒေအပါအတိုင်းစီရင်ဆုံးဖြတ်နိုင်သည့်နှုန်းသည်လည်းကောင်းလာခဲ့သည်။ ဥပမာအားဖြင့် ဆမ်ဆောင်းကုမ္မဏီမှထုတ်လုပ်သော လက်ကိုင်ဖုန်းတမျိုးသည် အမေရိကအခြေစိုက်ပန်းသီးကုမ္မဏီမှထုတ်လုပ်သော အိုင်ဖုန်း၏တည်ဆောက်မှုပုံစံကို ကူးယူထားသည်ဟူသောစွပ်စွဲမှုကို ပန်းသီးကုမ္မဏီက ဥရောပသမဂ္ဂဆိုင်ရာခုံရုံးတွင်တိုင်ကြားခဲ့ရာ လိုက်နာသော ဥရောပနိုင်ငံ၁၅နိုင်ငံခန့်က ထိုဆမ်ဆောင်းကုမ္မဏီထုတ်ဖုန်း၏ နိုင်ငံတွင်းလာရောက်ရောင်းချပိုင်ခွင့်ကို ကုမ္မဏီအားပိတ်ပင်ခဲ့ကြဖူးသည့် ဖြစ်ရပ်သည် မကြာသေးမီကမှဖြစ်ပွားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ဗြိတိသျှနှင့် ဥရောပရှိ တရားရေးရာမဏ္ဍိုင်များနှိုင်းယှဉ်လေ့လာချက်

တိုးတက်ပြီးဒီမိုကရေစီနိုင်ငံများ၏ တရားရေးမဏ္ဍိုင်များအားကောင်းအောင်ပြုလုပ်ထားပုံအမျိုးမျိုးကို မလေ့လာခင် အဆိုပါနိုင်ငံများရှိဥပဒေကျင့်သုံးမှုဖြနစ်တည်ကျယ်ပြန့်လာပုံ သမိုင်းနောက်ခံကို စတင်လေ့လာကြည့်ပါမည်။ ရှေးဦးဥပဒေကျင့်သုံးပုံစနစ်များသည် အုပ်ချုပ်သူလူတန်းစား၏ ပါးစပ်ပြောနှင့် ယဉ်ကျေးမှုဓလေ့ထုံစံများအပေါ်တွင်အခြေခံပြီး ဘာသာရေးနှင့်တခြားယုံကြည်မှုနှင့်သက်ဆိုင်သော အရာများတွင်လည်းအခြေခံခဲ့သည်။  ယခုဥပဒေစာအုပ်ကြီးများဖြင့်အတည်ဖြစ်လာသောဥပဒေ၏ အစကိုကြည့်လျှင် ခရစ်တော်မပေါ်မီ နှစ်ပေါင်းနှစ်ထောင်ခန့်ကပေါ်ခဲ့သော ဟမ်မူရာဘီ၏ ကိုဓဥပဒေ(Code Law)ကိုတွေ့ရမည်ဖြစ်သည်။ လက်ရှိဥရောပရှိဥပဒေစနစ်သည် ရောမအင်ပါယာခေတ်ကောင်းစဉ်အခါက နေ့စဉ်လူမှုဘဝများအထိ အသေးစိတ် တိကျကာ ပြုလွယ်ပြင်လွယ်ဖြစ်လည်းရှိပြီး ရှေ့နောက်ညီကာအကျိုးအကြောင်းလည်းကျသော ရောမဥပဒေအပေါ်တွင်အခြေခံခဲ့သည်။ လက်ရှိဥရောပရှိ နိုင်ငံအများစုရှိဥပဒေစနစ်ဖြစ်ပေါ်လာပုံသည် အဆိုပါရောမဥပဒေနှင့်အတူ အခြားရိုမန်ကက်သလစ်ကျောင်းတော်မှ အုတ်မြစ်ချသော ကန်နွန်ဥပဒေ(canon law)ဟုခေါ်သည့် ဘာသာရေးနှင့်ဆက်နွယ်သည့်ဥပဒေနှင့် အလယ်ခေတ်တွင်ထွန်းကားလာသော မြေရှင်ပဒေသရာဇ်စနစ်အတွင်းမှ စည်းကမ်းဥပဒေကျင့်သုံးပုံများနှင့်အတူ ပြုပြင်ပြောင်းလဲပေါင်းစည်းလာခဲ့ခြင်းဖြင့် ယနေ့ခေတ်ပုံစံဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဥရောပရှိ နိုင်ငံအတော်များများ ဥပဒေစနစ်တပြေးညီလိုဖြစ်လာမှုသည် ပြင်သစ်တော်လှန်ရေးကြီးအပြီး ပေါ်ထွက်လာသော စစ်ဘုရင်နပိုလီယန်၏ ရောမခေတ်ဥပဒေပုံစံကို အတုယူကာ သူသိမ်းပိုက်ခဲ့သောဥရောပတလွှားရှိဒေသများတွင် ကျင့်သုံးစေခြင်းဖြင့် အဆိုပါဒေသများအတွင်း အခြေခိုင်လာခဲ့ခြင်းဖြစ်သည်။ ရောမဥပဒေသည် ကမ္ဘာ့အရှေ့ခြမ်းမှ ငါးရာစုနှစ် ဘိုင်ဇန်တိုင်းအာပါယာ(Byzantine Empire)အတွင်းမှ ဥပဒေကျင့်သုံးပုံများ၏ လွှမ်းမိုးခြင်းခံရသည်ဟုလည်းဆိုကြသည်။

ဥရောပတလွှားတွင် ထိုသို့ပြဋ္ဌာန်ရေးသားပြီးသည့် ဥပဒေ(code law)ထွန်းကားနေဆဲဖြစ်သည့်အချိန်တွင် ဗြိတိသျှကျွန်းစုများမှ စတင်အခြေခိုင်မာလာခဲ့သော စီရင်ထုံးဥပဒေ(Common Law)၏ ထွန်းကားလာပုံမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ရှေးရိုးရောမဥပဒေ၏ လွှမ်းမိုးမှုရှိသော ရှေးဦးဂျာမန်လူမျိုးစုတို့၏ အစဉ်အလာအရ ဥပဒေကျင့်သုံးပုံများကို ကျင့်သုံးသော အင်္ဂလိုဆက်ဆွန်များ(anglo-saxons)များက အင်္ဂလန်ကို သုံးရာစုမှ ငါးရာစုနှစ်ကြားတွင် သိမ်းပိုက်မိသောအချိန်မှစ၍ ဥရောပထုံးစံလက်တင်ဘာသာဖြင့်ရေးသားထားခဲ့သော ဥပဒေများကို ဒေသခံဘာသာစကားဖြင့်ပြန်ဆိုကာ လိုက်လျောညီထွေဖြစ်အောင်ကျင့်သုံးခဲ့ကြသည်။ထိုမှစပြီး အမှုတခုကိုစီရင်ပြီးသောအခါတွင် စီရင်ချက်ကိုချသော တရားသူကြီးထားခဲ့သော ထုံးစံကိုလိုက်၍ နောင်ဆင်တူယိုးမှားအမှုတွင် စီရင်ထုံးကိုထည့်သွင်းစဉ်းစားသည့်ထုံးစံကို အင်္ဂလိုဆက်ဆွန်တို့က စတင်ခဲ့လေသည်။ နောက်ပိုင်းဆင်တူယိုးမှားအမှုများကို တရားသူကြီးများက ခိုင်လုံသောအကြောင်းပြချက်များပေးပြီး ယခင်စီရင်ထုံးအဟောင်း၏ ဆုံးဖြတ်ပုံကိုပယ်ဖျက်ကာ စီရင်ထုံးအသစ်တခုအနေဖြင့်လည်း ဖန်တီးပြီး သူ့နောက်ပိုင်းအမှုများအတွက် စီရင်ထုံးအသစ်ဖြစ်ခဲ့အောင် ဆုံးဖြတ်နိုင်ခဲ့ကြသည်။ စီရင်ထုံးဥပဒေသည် စီရင်ထုံးဥပဒေ စတင်ထွန်းကားသော ဗြိတိသျှကျွန်းစုများမှစ၍ ၄င်းကိုလိုနီပြုနယ်ချဲ့ခြင်းခံရသော ကမ္ဘာတလွှားနေရာအားလုံးနီးပါးမှနေရာဒေသများအပေါ် စီရင်ထုံးအခြေပြုဥပဒေများလွှမ်းမိုးမှုရှိခဲ့သည်။ အင်္ဂလိပ်ကိုလိုနီတခုပင်ဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ လက်ရှိဥပဒေစနစ်သည်လည်း စီရင်ထုံးဥပဒေအပေါ်တွင်အခြေခံထားသည်။ ထိုသို့စီရင်ထုံးစနစ်ကျင့်သုံးမှုသည် ဗြိတိသျှတွင် ပိုမိုထွန်းကားလာရသည့်အကြောင်းရင်းမှာ ဘုရင်အာဏာကို အန်တုနိုင်သော ပါလီမန်များစတင်ပေါ်ထွန်းလာမှုနှင့်အတူ ဘုရင်၏တသွေးတသံတမိန့်ဆိုသည်ထက် တရားသူကြီးတဦးစီ၏ ဆုံးဖြတ်ချက်အာဏာကိုလည်း အကြောင်းခိုင်လုံသည်ဆိုလျှင် စံအဖြစ်(သို့)စီရင်ထုံးတခုဖြစ်ယူပြီး ကျင့်သုံးသည့်အလေ့မှာ အားကောင်းလာရခြင်းဖြစ်သည်။ တချိန်တည်းတွင် ပြင်သစ်နိုင်ငံတွင်မူ ပါလီမန်စနစ်အားကောင်းလာစေသော အကြောင်းတရားတခုဖြစ်သည့် မြေရှင်များသြဇာကြီးလာခြင်းကို ဘုရင်က လက်သင့်မခံပဲ မြေရှင်များ၏ အာဏာကိုပြန်လည်ကန့်သတ်ပြီး ဘုရင်အာဏာ၏ အခန်းကဏ္ဍကို လျော့ကျမလာစေရန်တင်းခံနေခဲ့သောကြောင့် စီရင်ထုံးဥပဒေမှာထွန်းကားမှုမရှိပဲဖြစ်ခဲ့ရသည်။ မြေရှင်များ၏ သြဇာကိုပြန်ညှိရန်အတွက်လည်း ကိစ္စတိုင်းလိုလိုကို ချုံမိအောင်ရေးသားထားသည့် ရောမဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခြင်းမှာလည်း ရောမဥပဒေပုံစံသည် ဥရောပတွင် ပိုမိုအားကောင်းလာရခြင်း၏ အကြောင်းအရင်းတရပ်ဖြစ်လေသည်။ ဥရောပရှိတရားသူကြီးများ၏ အခန်းကဏ္ဍမှာ စီရင်းထုံးဥပဒေစနစ်အတွင်းမှ တရားသူကြီးများကဲ့သို့ ဥပဒေဆန်သော စီရင်ထုံးတခုဖြစ်စေရေးထက် အသေးစိတ်ရှိပြီးဖြစ်သော ဥပဒေကို အသုံးပြုပြီး စီရင်ရသည်။ ထိုသို့ဖြင့် ထိုစနစ်အတွင်းမှ တရားသူကြီးများသည် စီရင်ထုံးစနစ်အတွင်းမှ ဥပဒေသဖွယ်ဖြစ်သော စီရင်ထုံးအသစ်ကို ချမှတ်ခြင်းမျိုးထက် ရှိပြီးသားဖြစ်သော ရေးသားပြီးဥပဒေများကို အသုံးချရသည့်သဘောပိုဆောင်သောကြောင့် အုပ်ချုပ်ရေးကဏ္ဍ၏အောက်တွင် ပိုရောက်သွားသည်။ ထိုအခါတွင် အမှီအခိုကင်းသော သီးခြားအာဏာပိုင်သော တရားရေးမဏ္ဍိုင်ဖြစ်လာရေးအတွက်လည်း မလွယ်ကူတော့ပေ။ ယနေ့ခေတ် စီရင်ထုံးဥပဒေကျင့်သုံးသော နိုင်ငံများတွင်ပင် စီရင်ထုံးများကို ဥပဒေသဖွယ်ရေးသားသတ်မှတ်မှုများမှနေ၍ ဥရောပရှိ ရောမဥပဒေပုံစံပိုပေါက်လာခဲ့သည်။ ယခုနောက်ခံများကိုဆွေးနွေးပြီးသည့်အခါတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိသျှနှင့် ဥရောပတို့မှ တရားရေးစနစ်များတည်ဆောက်ထားပုံကို ဆက်လက်တင်ပြသွားပါမည်။

အမေရိကန်ပြည်ထောင်စု၏ တရားရေးစနစ်

အမေရိကန်ပြည်ထောင်စုတွင် အခြေခံအားဖြင့် ပြည်နယ်ငါးဆယ်အတွက် ဗဟိုတရားရုံးငါးဆယ်နှင့် နိုင်ငံတော်ဗဟိုတရားရုံးချုပ်ဟူ၍ အဓိကကျသော တရားရုံး ငါးဆယ့်တခုနှင့် ဖွဲ့စည်းထားသည်။ ယေဘုယျအားဖြင့် အမှုတခုဖြစ်ပွားသောအခါတွင် အမှုတွင်ပါဝင်သူများသည် ပြည်နယ်မတူသောသူများမှဖြစ်နေနိုင်သော်လည်း အမှုဖြစ်ပွားသော ပြည်နယ်မှ တရားရုံးကပင် စစ်ဆေးခွင့်ရှိသည်။ နိုင်ငံတော်အဆင့်ဥပဒေများဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သော ဥပဒေနှင့် ပတ်သက်လာသည့်အမှုများကိုလည်း ပြည်နယ်တရားရုံးများက စစ်ဆေးခွင့်ရှိပြီး ဗဟိုတရားရုံးချုပ်က ထိုအမှုများ၏စီရင်ချက်များကို ပြန်လည်စစ်ဆေးလိုပါက စစ်ဆေးနိုင်ခွင့်ရှိသည်။ ပြည်နယ်ဗဟိုတရားရုံးဟူ၍ထားသော်လည်း ဒေသခံတရားရုံးများမှတဆင့် အယူခံများဖြင့် အထက်သို့တက်လာပြီး နောက်ဆုံးပြည်နယ်အဆင့် ရုံးချုပ်အနေဖြင့်ထားရှိသည်။ နိုင်ငံတော်အဆင့် ပြည်နယ်စည်းခြားခြင်းမပြုပဲ ဖွဲ့စည်းထားသည့် ဒေသ ၉၄ခုအတွက် တရားရုံး ၉၄ရုံးရှိကာ ထိုမှတဆင့် အယူခံဝင်နိုင်ရန် အယူခံရုံး ၁၃ရုံးထားရှိသည်။ ထိုအယူခံရုံးများမှတဆင့်တက်လျှင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်သို့ရောက်သည်။ ဒေသခံမြို့နယ်နှင့် မြို့လေးများမှတက်လာသောအမှုများအတွက်မူ တည်ရှိသောပြည်နယ်၏ အယူခံရုံးသို့တက်နိုင်ပြီး ထိုမှတဆင့် ပြည်နယ်အဆင့် တရားရုံးချုပ်သို့ရောက်သည်။ ထိုမှတဆင့် အယူခံဝင်သည့်အခါတွင်ကား နောက်ဆုံးအဆင့်ဖြစ်သည့် နိုင်ငံတော် ဗဟိုတရားရုံးချုပ်သို့ရောက်သည်။ စစ်တပ်အတွင်းအရေးယူမှုပြုလုပ်သည့်အခါတွင်လည်း တပ်တွင်းတရားရုံးမှတဆင့် တပ်အယူခံရုံး၊ ထိုမှတဆင့် ဗဟိုတရားရုံးချုပ်သို့ အဆင့်ဆင့်သွားရသည်။

ဒေသကိုးဆယ့်လေးခုအတွက် ဖွဲ့စည်းထားသော တရားရုံး၉၄ရုံးတွင် တရားသူကြီးပေါင်း ငါးရာကျော်ဖြင့်ဖွဲ့စည်းထားပြီး ထိုမှတဆင့်တက်သော နိုင်ငံတော်အယူခံရုံး ၁၃ရုံးစနစ်တွင်မူ တရားသူကြီး ၁၃၀ကျော်ဖြင့် ဖွဲ့စည်းထားသည်။ ထို၁၃ရုံးတွင် စစ်ဆေးကြသောအမှုများမှာ နိုင်ငံ၏ကုန်သွယ်ရေးကော်မရှင်၊ လေကြောင်းသွားလာရေးကော်မရှင်၊ အစားအစာနှင့် ဆေးဝါးကော်မရှင်စသည်တို့မှ ချမှတ်လိုက်သော အမှုများကို ပြန်လည်စစ်ဆေးရသည်။ အမှုစစ်ရာတွင် အနည်းဆုံး တရားသူကြီးသုံးယောက်ထားပြီး အမှုကိုစစ်ဆေးကြသည်။ အမှုကိုစစ်ဆေးရာတွင် တရားလိုနှင့် ခုခံလျှောက်လဲသူတို့၏ ဖြေရှင်းချက်များကို ကြားနာမှုသာပြုပြီး အမှုအတွင်း ဥပဒေကိုကျင့်သုံးပြီး စီရင်ချက်ချမှတ်ထားမှုမှာ အမှန်တကယ်ရှိသော ဥပဒေနှင့် အံဝင်မှုရှိသလော သို့မဟုတ် ဥပဒေကိုတလွဲယူဆပြီး သုံးထားမှုရှိသလော စသည်ဖြင့်စစ်ဆေးခြင်းကိုသာပြုသည်။ ထိုမှတဆင့် ဆုံးဖြတ်ချက်ချရာတွင် စစ်ဆေးသောတရားသူကြီးများအကြား မဲခွဲဆုံးဖြတ်ပြီး နောက်ဆုံးစီရင်ချက်ကို ချလေ့ရှိသည်။

နိုင်ငံတော်၏ တရားရုံးချုပ်ကိုဖွဲ့စည်းထားပုံမှာမူ  နိုင်ငံတော်တရားသူကြီးချုပ် တဦးနှင့် သူ၏လက်ထောက် ရှစ်ဦး၊ ပေါင်း ကိုးဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ နိုင်ငံတော်တရားရုံးချုပ်၏စီရင်ချက်များမှာ အများအားဖြင့် ဒေသခံတရားရုံးများနှင့် ပြည်နယ်တရားရုံးချုပ်များမှ ဆုံးဖြတ်ချက်များကို ပြောင်းပြန်ပြန်လှန်သော စီရင်ချက်များဖြစ်နေလေ့ရှိသည်။ သို့သော်လည်း ဗဟိုတရားရုံးချုပ်သည် အောက်ခြေမှတက်လာသော အမှုမှန်သမျှကို လက်ခံသည်မဟုတ်ပဲ ခြုံငုံသောနယ်ပယ်ကျယ်ပြန့်သည့် စာချုပ်စာတမ်းရေးရာအမှုများ၊ ရှိရင်းစွဲဥပဒေများကို သံသယဖြစ်စေသည့် အမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍အငြင်းပွားဖွယ်ဖြစ်လာသောအမှုများကိုသာလက်ခံသည်။ ထိုသို့စစ်ဆေးလိုသည့်ဘောင်အတွင်းဝင်သည့် အမှုများကိုသာလက်ခံသောကြောင့် ဗဟိုတရားရုံးချုပ်သို့ရောက်လာသမျှသောအမှုများ၏ အနည်းငယ်မျှသော အမှုအရေအတွက်ကိုသာ လက်ခံစဉ်းစားလေ့ရှိသည်။ ဗဟိုတရားရုံးချုပ်သည် အောက်ခြေရုံးများရှိအမှုစစ်ပုံများအနက်မှ ဗဟိုတရားရုံးချုပ်မှ စစ်သင့်သောဥပဒေဘောင်အတွင်းဝင်သည့်အမှုများ၏ စစ်ဆေးပုံကိုလည်း လိုအပ်သလိုကြည့်ရှုစစ်ဆေးပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ပုံတခုခုပြုလုပ်လျှင်လည်း ကြားဝင်နိုင်ခွင့်အာဏာရှိကြသည်။ ဥပမာအားဖြင့် ပြည်နယ်ဗဟိုတရားရုံးတခုက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ယှဉ်လာသော အငြင်းပွားဖွယ်တခုခုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မူဘောင်ကိုချိုးဖောက်မှုရှိသည် သို့မဟုတ် မရှိဟုဆုံးဖြတ်ချက်ချလိုက်မည်ဆိုလျှင် ဗဟိုတရားရုံးချုပ်က သူ့ထံသို့အမှုတက်မလာသော်လည်း ပြန်လည်စစ်ဆေးပြီး ပြင်ဆင်ချမှတ်နိုင်သည့် အာဏာရှိနေသည်။ ဗဟိုတရားရုံးချုပ်၏ ကြားဝင်ရန်လိုသောအမှုနှင့် လက်ခံစစ်ဆေးသင့်သောအမှုအရေအတွက်နည်းပါးရခြင်း၏ အခြားအကြောင်းအရင်းတရပ်မှာ အမေရိကန်နိုင်ငံသည် စီရင်ထုံးဥပဒေဖြင့် စံပြုစစ်ဆေးလေ့ရှိသောကြောင့်လည်းဖြစ်သည်။ အမှုအများစုမှာ စံပြုထားခဲ့သောစီရင်ထုံးများဖြင့်ပင် စီရင်လိုက်သောကြောင့် အထက်သို့အယူခံတင်ပြီးအငြင်းပွားရဖွယ်များနည်းသွားကာ အယူခံလက်ခံသောရုံးကလည်း စီရင်ထုံးကို လိုက်လျောညီထွေစွာသုံးထားမည်ဆိုလျှင် စီရင်ချက်ကို အထက်ရုံးကလုံးဝပြောင်းပြန်လှန်နိုင်ချေနည်းမည်ဖြစ်သည်။

ပြည်နယ်တရားရုံးချုပ်များဖြစ်သော ရုံးငါးဆယ်တို့ကမူ ရာဇဝတ်မှုမဟုတ်သော တရားမှုများကို ကိုင်တွယ်ဖြေရှင်းသည်ကများသည်။ ပြည်နယ်တရားရုံးချုပ်များနှင့် ဒေသခံတရားရုံးငယ်များ၏ကွာခြားချက်မှာ ဂျူရီလူကြီးများအသုံးပြုခြင်းဖြစ်သည်။ ဒေသခံတရားရုံးများသည် အမှုများစစ်ဆေးပြီးစီရင်ချက်ချရာတွင် ဂျူရီလူကြီးများမသုံးပဲစီရင်ချက်ချလေ့ရှိပြီး ငွေဒဏ် သို့မဟုတ် သက်တမ်းတိုထောင်ဒဏ်တို့သာဖြစ်လေ့ရှိသည်။ ထိုမှပိုပြီး ကျယ်ပြန့်လာသော ထောင်ဒဏ်နှစ်ချီပြီးကျနိုင်သောအမှုမျိုးသည် ဒေသခံတရားရုံးများမှ အထက်အယူခံဖြင့် တက်သွားလေ့ရှိသည်။ အထက်ပြည်နယ်တရားရုံးချုပ်အဆင့်အထိရောက်သည့်အချိန်တွင် အမှုဆုံးဖြတ်ရန်အတွက် အမှုအခင်းကင်းစင်သူနိုင်ငံသားများထံမှ ဂျူရီလူကြီးများကို ကျပန်းရွေးချယ်ကာ တရားသူကြီး၏ဥပဒေဆိုင်ရာပေးသောအချက်အလက်များနှင့် ရှေ့နေရှေ့ရပ်တို့၏ လျှောက်လဲချက်များကို အသုံးပြုပြီး ဂျူရီအဖွဲ့က မဲခွဲဆုံးဖြတ်လေ့ရှိကြသည်။

အမေရိကန်ပြည်ထောင်စုမှ တရားသူကြီးများ

နိုင်ငံတော်အဆင့်ဝင်သော တရားသူကြီးများ၏ တာဝန်ယူရပုံမှာ ဗျူရိုကရေစီဝန်ထမ်းများ၏အသက်မွေးဝမ်းကျောင်းသဖွယ်လုပ်ကိုင်ရပုံနှင့်ဆင်တူပြီး သမ္မတဖြုတ်ရန်ခက်ခဲသည့်နီးနီးပင် ဖြုတ်ချရန်ခက်ခဲသည်။ တရားဥပဒေတခုခုမချိုးဖောက်သေးသရွေ့နှင့် ချိုးဖောက်လာသော်မှ အမတ်မင်းများ၏ မဲခွဲဖြုတ်ချမှုမပြတ်သားသရွေ့ မပြုတ်နိုင်ပဲ အမှုဆုံးဖြတ်ပုံ မကြိုက်ရုံသက်သက်ဖြင့်လည်း ဖြုတ်ရန်မဖြစ်နိုင်ပေ။ ဤသည်မှာပင် အမေရိကန်ပြည်ထောင်စု၏ တရားရေးရာမဏ္ဍိုင်အား သီးခြားအာဏာပေးထားပုံတခုပင်ဖြစ်သည်။ နိုင်ငံတော်တရားသူကြီးအဆင့်နေရာများသည် နုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူသည့်အခါတွင်သာ လစ်လပ်မှုရှိပြီး ထိုသူတို့ခန့်အပ်ခံရစဉ်ကလည်း ယခင်နုတ်ထွက်/အနားယူသွားသော တရားသူကြီးနေရာများလစ်လပ်သွားရာမှ သမ္မတက အမည်စာရင်းတင်သွင်းခံရရာမှတဆင့် ကွန်ဂရက်ခွင့်ပြုချက်ဖြင့် တရားသူကြီးဖြစ်လာခဲ့ကြသူများဖြစ်သည်။ နိုင်ငံ၏တရားရေးရာဝန်ကြီးမှအမည်စာရင်းတင်သွင်းမှုကို သမ္မတမှ ထပ်ဆင့်ရွေးချယ်စကာတင်ခြင်းဖြစ်ပြီး တရားသူကြီးလောင်း၏ ပါတီထောက်ခံမှုနောက်ခံအပေါ်တွင်မူတည်သော်လည်း တရားသူကြီးများမှာ အတွေ့အကြုံရင့်ကျက်ပြီး အရည်အချင်းပြည့်မှီပြီးသောသူများချည်းသာဖြစ်မှ ထိုအဆင့်သို့တက်လာနိုင်သည်။ အမေရိကန်သမ္မတက ရွေးချယ်ခြင်းပြုရာတွင် ထုံးစံအားဖြင့် အမေရိကန်ရှေ့နေများအသင်းကြီး၏ အဆင့်သတ်မှတ်မှုကိုကြည့်ကာ ရွေးချယ်လေ့ရှိသော်လည်း ဂျော့ဒဘလျူဘုရှ်လက်ထက်တွင်မူ သူကိုယ်တိုင်က ရှေးရိုးစွဲဖြစ်သော ရီပတ်ဘလီကန်ဖြစ်သည့်အလျောက် အသင်းကြီး၏ အဆင့်သတ်မှတ်မှုများသည် လစ်ဘရယ်ဖြစ်လွန်းသည်ဟုအကြောင်းပြကာ ရှေ့နေအသင်းကြီး၏အဆင့်သတ်မှတ်မှုကိုကြည့်ပြီး ရွေးချယ်ခြင်းထုံးစံကို လျှစ်လျူရှုစပြုလာခဲ့သည်။ ထိုရှေ့နေစကားတင်စာရင်းမှ တရားသူကြီးများကိုလည်း အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်ထောက်လှမ်းရေးဗျူရို(FBI)မှ စစ်ဆေးအတည်ပြုခြင်းကိုလည်း ပြုလုပ်ပေးသည်။ အိုဘားမားလက်ထက်တွင်မူ ရှေ့နေအသင်းကြီး၏ ထောက်ခံချက်ဖြင့်ဆုံးဖြတ်ရွေးချယ်သည့်ထုံးစံကို ပြန်လည်အသုံးပြုခဲ့သည်။ နိုင်ငံတော်အဆင့်ဝင်သော တရားသူကြီးနေရာများမှာ ဗဟိုတရားရုံးချုပ်မှ တရားသူကြီးချုပ်ကိုးယောက်၊ ထိုရုံး၏ကပ်လျက်အောက်နားမှ အယူခံရုံးဆယ့်သုံးရုံး၊ ဒေသကြီးတရားရုံး ၉၄ရုံး၊ စသည်တို့မှ တရားသူကြီးများနှင့် လက်ထောက်တရားသူကြီးများအားလုံးတို့သည် နိုင်ငံတော်အဆင့်ဝင်သူများဖြစ်ကြသည်။

ထိုသို့နိုင်ငံတော်အဆင့်တရားသူကြီးများလစ်လပ်လာသည့်အခါ လွှတ်တော်များအတွင်း အတည်ပြုပေးရသည့်အခါတွင် အမည်စာရင်းတွင်ပါလာသူများသည် အားလုံးအရည်အချင်းပြည့်မှီပြီး အစစ်ခံပြီးဖြစ်ပြီး ထုံးစံအရသာအသိအမှတ်ပြုပေးရခြင်းများသော်လည်း အတိုက်အခံပါတီမှ အမတ်များမှာမူ ပါတီဘက်လိုက်မှုရှိသော တရားသူကြီးကိုခန့်သည်ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်မှုများပြင်းထန်လေ့ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အဆင့်တရားသူကြီးနေရာအချို့တွင် အနားယူသွားကြသူများရှိသောကြောင့် လစ်လပ်လာသည့်အခါတွင် အသစ်ခန့်အပ်ရေးမှာ ထိုကန့်ကွက်မှုများကြောင့် အတည်ပြုရေးများကြန့်ကြာနေလေ့ရှိပြီး ထိုတရားသူကြီးနေရာများ၏ စစ်ရန်တာဝန်ရှိသော အမှုများကိုစစ်ဆေးမှုတွင်ပါကြန့်ကြာသွားနိုင်သည်။ တခါတရံတွင် နှစ်နှင့်ချီပြီး နိုင်ငံတော်အဆင့်တရားသူကြီးခန့်အပ်ရေးအငြင်းပွားနေလေ့ရှိသောကြောင့် တရားရေးစနစ်အတွင်းရှိ ထိုတရားသူကြီးများစစ်ဆေးရန်ရှိသောအမှုများတွင်ပါ အလွန်ကြန့်ကြာသွားနိုင်သောကြောင့် ဝေဖန်မှုအတော်ခံနေရသော ကျင့်သုံးပုံမျိုးလည်းဖြစ်နေသည်။ ကလင်တန်လက်ထက်တွင် အထက်လွှတ်တော်မှ ရီပတ်ဘလီကန်အမတ်များသည် ကလင်တန်ခန့်အပ်သော သီးခြားလွတ်လပ်သောအယူအဆရှိသည့် တရားသူကြီးလောင်းများကို အပြင်းအထန်ကန့်ကွက်ခဲ့ကြခြင်းဖြင့် ကြန့်ကြာခဲ့ဖူးကာ ဘုရှ်လက်ထက်ရောက်သည့်အခါတွင်လည်း ဒီမိုကရက်တစ်အမတ်များက ဘုရှ်တင်သွင်းသော ရှေးရိုးစွဲတရားသူကြီးများစာရင်းကို တဖန်ပြန်လည်ကန့်ကွက်ကြပြန်သည်။ ဂျော့ဒဘလျူဘုရှ်သည် သူ၏ပထမသက်တမ်းအတွင်းလူကြိုက်များမှုကို တနည်းတဖုံအသုံးချကာ အခွင့်အရေးရလာသည့်အချိန်တွင် ရှေးရိုးစွဲရီပတ်ဘလီကန်အားပေးသော တရားသူကြီးများကို ခန့်အပ်ခဲ့သောကြောင့် သူ၏နောက်တကြိမ်အရွေးခံသည့်အခါတွင် သူ၏ပွတ်ကာသီကာ အနိုင်ရခဲ့မှုအတွက် အရေးပါစေခဲ့သော ဖလောရီဒါပြည်နယ်မဲရလဒ်ကို ပြန်လည်မရေတွက်ရန်ဆုံးဖြတ်ချက်ကို ရခဲ့ကာ နှစ်ကြိမ်မြောက်သမ္မတဖြစ်စေရေးအတွက် အရေးပါခဲ့သည်။ ဂျော့ဒဘလျူဘုရှ်သည် သက်တမ်းနှစ်ကြိမ်ရွေးခံရပြီး ပြန်လည်အရွေးခံခွင့်မရှိတော့သော်လည်း ရှေးရိုးစွဲဆန်သော တရားသူကြီးများခန့်ထားခဲ့ခြင်းဖြင့် သူနှင့် သူ့ပါတီ၏ရှေးရိုးစံမှုထုံးစံကို ထားခဲ့နိုင်သည် ဟုဆိုကြသည်။

ဗဟိုတရားသူကြီးချုပ်များနှင့် ပတ်သက်၍…

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်တရားသူကြီးချုပ်များအဆက်ဆက်ကို လေ့လာကြည့်ရာတွင် ရီပတ်ဘလီကန်ပါတီဘက်သို့ ယိမ်းသော၊ရှေးရိုးစွဲဆန်သော တရားသူကြီးချုပ်များသည် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ရဲရဲတင်းတင်းနဲ့ လွတ်လပ်သောအမြင်အသုံးပြုကာ ချမှတ်သည်ထက် အစိုးရအာဏာပိုင်းဆိုင်ရာ၏ဆုံးဖြတ်မှုအား ပြောင်းပြန်လှန်ဆုံးဖြတ်ခြင်းနည်းပါးကာ ထိန်းထိန်းသိမ်းသိမ်းသာ လုပ်လိုကြသည်ကို တွေ့ရသည်ကများသည်။ လွတ်လပ်သောအမြင်ရှိပြီး ပြုပြင်ပြောင်းလဲရေးတက်ကြွသူများမှာမူ ဒီမိုကရက်တစ်ပါတီဘက်သို့ယိမ်းသော၊ ထောက်ခံမှုရှိသောသူများဖြစ်နေလေ့ရှိသည်။ သို့သော်လည်းကြီးမားသော ချွင်းချက်အချို့လည်းရှိနေပြီး ရီပတ်ဘလီကန်သမ္မတတဦးဖြစ်သော အိုင်ဆင်ဟောင်ဝါ(Eisenhower)သည် တရားသူကြီးချုပ် အားလ်ဝါရင်(Earl Warren)ကိုခန့်အပ်ခဲ့စဉ်က ရှေးရိုးစွဲဆန်သော ရီပတ်ဘလီကန်တဦးဟုယူဆကာ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဝါရင်သည် လွတ်လပ်သောအမြင်နှင့် ပြုပြင်ပြောင်းလဲရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်နေခဲ့ကာ လူမည်းအခွင့်အရေးလှုပ်ရှားမှုများဖြစ်ပေါ်လာသောအခါတွင် လူမည်းများသည် မညီမျှမှုအတွက် ထိုင်သပိတ်ဆန္ဒပြခြင်းဖြစ်သောကြောင့် ဖမ်းဆီးတရားစွဲဆိုခံရခြင်းမရှိစေရဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းအားဖြင့် နာမည်ကျော်ခဲ့သည်။ နောက်ပိုင်းတွင် အိုင်ဆင်ဟောင်ဝါက သူ၏ဝါရင်အပေါ်ရွေးချယ်မှုသည် သူ၏ အညံ့ဖျင်းဆုံးအသုံးမကျဆုံး ရွေးချယ်မှုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။ တရားသူကြီးများသည် ရံခါတွင် လူအများစုမဲ၊ပြည်သူ့မဲများဖြင့် ဆုံးဖြတ်ချက်များကိုပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်နှင့် လွဲချော်နေလျှင် ပြောင်းပြန်လှန်ပိုင်ခွင့်အာဏာရှိနေသည်။ ရီပတ်ဘလီကန်ဘက်ယိမ်းသော တရားသူကြီးချုပ်များက ထိုအာဏာကို အလွယ်တကူမသုံးချင်သည့်အချိန်တွင် ဒီမိုကရက်တစ်ပါတီဘက်ယိမ်းသော တရားသူကြီးချုပ်များက ရဲရဲတင်းတင်းအသုံးပြုခဲ့ကြသည်။ အစိုးရကျောင်းများတွင် လူဖြူလူမည်းခွဲထားခြင်းသည် ဆရာများအဆင့်အတန်းနှင့် အသုံးအဆောင်အဆင့်အတန်းများသည် လူဖြူနှင့်လူမည်းကျောင်းများအကြားတူညီနေစေကာမူ လူသားတိုင်းတူညီစွာအခွင့်အရေးရရှိစေရေးမူဘောင်ကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ချက်ကိုပေးကာ လူမည်းအခွင့်အရေးလှုပ်ရှားမှုကို စတင်ဖြစ်ပေါ်စေခဲ့သော တရားသူကြီးချုပ် ရောဘတ်ဟိုးဂဝေါ့ဂျက်ဆင်(Robert Houghwout Jackson) က ထိုသို့ ဒီမိုကရေစီအရလူများစုဆန္ဒဖြင့် ဆုံးဖြတ်ထားသော ဥပဒေတခုပင်ဖြစ်စေကာမူ အစဉ်အမြဲဥပဒေအနေဖြင့် အလွယ်တကူ အတည်ပြုလိုက်ရန်မသင့်ပဲ ချွင်းချက်ထားရအခြေအနေများရှိကြောင်းကိုလည်းပြောခဲ့သည်။ သူက လူသားအားလုံး၏ ရှင်သန်ခွင့်၊ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်၊ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ ကိုးကွယ်ခွင့်နှင့် စုရုံးခွင့်စသည်ဖြင့် လူသားအခြေခံအခွင့်အရေးနှင့်ပတ်သက်လာသော ဥပဒေများကို အများမဲဖြင့် သဘောတူရုံဖြင့် ဆုံးဖြတ်ချက်ကို မခံယူသင့်ဟု ဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိတရားသူကြီးချုပ်များသည် လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏မူဘောင်များကိုထိပါးလာမှသာ ဆုံးဖြတ်ချက်ချလေ့ရှိသည်ဆိုသော်လည်း သူတို့၏ဆုံးဖြတ်ချက်များကြောင့် အမေရိကန်တို့၏နေ့စဉ်လူနေမှုဘဝနှင့် အစိုးရအဖွဲ့၏ မူဝါဒကျင့်သုံးပုံများကိုပါ တနည်းတဖုံပြောင်းလဲစေခဲ့သော ရိုက်ခတ်မှုများကိုလည်း တွေ့ရသည်။ အထက်တွင်ဖော်ပြခဲ့သောတရားသူကြီးချုပ်တဦးဖြစ်သည့် ဝါရင်လက်ထက်တွင် ရဲဝန်ထမ်းများ၏ ရာဇဝတ်မှုတရားခံဖမ်းဆီးခြင်းနှင့်ပတ်သက်၍ သိသာထင်ရှားသော အပြောင်းအလဲဖြစ်စေသည့်ဆုံးဖြတ်ချက်အများအပြားဖြစ်ပေါ်ခဲ့သည်။ အချို့ဆုံးဖြတ်ချက်များမှာ အငြင်းပွားရလွန်း၍ ဗဟိုတရားရုံးချုပ်တရားသူကြီးများအရေအတွက်ဖြစ်သော ကိုးယောက်သောတရားသူကြီးချုပ်များတွင် အမြင့်ဆုံးတရားသူကြီးချုပ်ဝါရင်နှင့် လေးယောက်တို့ကထောက်ခံမဲ ၅မဲ၊ ကျန်လေးယောက်တို့က ကန့်ကွက်မဲလေးမဲတို့ဖြင့် ပွတ်ကာသီကာရလာသော ဆုံးဖြတ်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။ သူ၏ဆုံးဖြတ်ချက်များတွင် ဝရမ်း(ရှာဖွေထိန်းသိမ်းခွင့်)မပါပဲ ရယူလာသော သက်သေခံပစ္စည်းများကို ရုံးတော်ကအတည်မယူရဟူသော ဆုံးဖြတ်ချက်(၁၉၆၁)၊ ငွေကြေးချို့တဲ့သူအတွက် အစိုးရက ရှေ့နေငှားပေးရေး ဆုံးဖြတ်ချက်(၁၉၆၃)၊ ရှေ့နေမပါပဲ စစ်မေးခြင်းနှင့် ဝန်ခံခြင်းတို့ကို ရုံးတော်ကအတည်မယူရန်ဆုံးဖြတ်ချက်(၁၉၆၄)နင့် ထိုဆုံးဖြတ်ချက်ကို အနည်းငယ်ပြုပြင်ကာ  ရှေ့နေမပါပဲ အဖမ်းခံရသည့်အခါတွင် အဖမ်းခံရသူကို ရှေ့နေနှင့်ကျမှ မေးခွန်းဖြေဆိုချင်လျှင် ရကြောင်းနှင့် မခေါ်နိုင်သေးပါက ဆိတ်ဆိတ်နေပိုင်ခွင့်ရှိကြောင်းကို ဖမ်းဆီးသူအရာရှိများက မဖြစ်မနေ အဖမ်းခံရသူအားပြောကြားရမည့်တာဝန်ထားရေး ဆုံးဖြတ်ချက်တို့ ပါဝင်နေသည်။ နောက်ဆုံးဆုံးဖြတ်ချက်ဆိုလျှင် အခြားတိုးတက်ပြီးဒီမိုကရေစီနိုင်ငံအားလုံးနီးပါးတွင်လည်း ကျင့်သုံးနေပြီဖြစ်သည်။ အနောက်တိုင်းရုပ်ရှင်ဇတ်လမ်းများတွင် တရားခံဖမ်းဆီးသူများသည် အဖမ်းခံများအား ဆိတ်ဆိတ်နေခွင့်ရှိကြောင်းနှင့် ရှေ့နေငှားခွင့်ရှိကြောင်း၊ ယခုဖမ်းသည့်အချိန်အတွင်း ပြောဆိုသည့်စကားများကို ရုံးတော်တွင် ပြန်လည် အသုံးပြုကောင်းပြုနိုင်သောကြောင့် ဆိတ်ဆိတ်နေလိုက နေနိုင်ကြောင်း ပြောဆိုရပြီး အချို့တရားခံများဘက်ကလည်း အဖမ်းခံရပြီဆိုသည်နှင့် ရှေ့နေနှင့် တွေ့လိုသည်ဟူ၍ အကြောက်အကန်အော်ဟစ်ကြခြင်းမှာ လက်တွေ့ဘဝတွင်လည်း ထိုသို့ကျင့်သုံးရသော ဝါရင်ထားခဲ့သည့် စီရင်ထုံး ကြောင့်ဖြစ်သည်။

အခြား ဗဟိုတရားသူကြီးချုပ်၏ နိုင်ငံရေးနယ်ပယ်ကို ရိုက်ခတ်မှုရှိတတ်သော အာဏာပုံစံမှာ မဲဆန္ဒနယ် သတ်မှတ်သည့်အာဏာပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအတွင်း မဲဆန္ဒနယ်အချို့တွင် စတင်သတ်မှတ်ခဲ့စဉ်က ဒေသအလိုက် တူညီသော လူဦးရေအချိုးများ တပြေးညီရှိသော မဲဆန္ဒနယ်များချည်းဖြစ်သော်လည်း နောက်ပိုင်းတွင် လူဦးရေတိုးပွားမှုတွင်မူ တပြေးညီမဖြစ်တော့သည့်အခါတွင် လူဦးရေးသိပ်မတိုးလှသော မြို့ငယ်မြို့လတ်များ၏ မဲဆန္ဒနယ်များအတွင်း ကိုယ်စားလှယ်အရေအတွက်ကများပြားနေပြီး လူဦးရေပိုမိုထူထပ်လာသော တောနယ်နေလူတန်းစားများ္ဒ၏ မဲဆန္ဒနယ်မှမူ လူဦးရေအရထပ်မံခွဲခြားသတ်မှတ်လာခြင်းမရှိသည့်အတွက် လူဦးရေများပြီး ကိုယ်စားလှယ်ခွဲဝေမှုနည်းပါးနေရခြင်းလည်း ရှိလာခဲ့သည်။ ထိုအခါတွင် လူဦးရေအချိုးအစားအလိုက် မဲဆန္ဒနယ်အသစ်များ ခွဲထုတ်ခြင်း၊ ပြန်လည်စုဖွဲ့ခြင်းများကို အစိုးရအုပ်ချုပ်ရေးအပိုင်းမှ ပြုလုပ်ရန် ဗဟိုတရားရုံးက ဖိအားပေးနိုင်ကြသည်။ ဝါရင်လက်ထက်မှ စတင်ခဲ့သော ထိုထုံးစံကြောင့် ယခုအခါတွင် နိုင်ငံတဝှမ်း သန်းခေါင်စာရင်းကောက်ပြီး လူဦးရေအရေအတွက်စစ်ဆေးသည့်အခါတိုင်းတွင် မဲဆန္ဒနယ်မြေပုံကိုလည်းအသစ်ပြန်လည်ရေးဆွဲရသော ထုံးစံဖြစ်လာခဲ့သည်။ အတိုချုံးပြောရမည်ဆိုလျှင် ဗဟိုတရားသူကြီးချုပ်ရာထူးဟူသည် သူ၏နေရာ၏အရေးကြီးပုံနှင့် အရှိန်အဝါကြီးမားပြီး သီးခြားလွတ်လပ်သောအာဏာရှိပုံနှင့် သာမန်အမေရိကန်လူထုနှင့် အစိုးရတို့၏လုပ်ကိုင်ပုံများကိုပါသက်ရောက်နိုင်သော ဆုံးဖြတ်ချက်များချနိုင်လေသည်။ ထိုအခါ ထိုအမြင့်ဆုံးနေရာရသွားသူများတွင် ရှေးရိုးစွဲသူက လွတ်လပ်စွာလုပ်ကိုင်ချင်သည့် အခြေအနေရှိလာခဲ့သလို ထိုရာထူးနေရာက ယခင်လွတ်လပ်သော အတွေးအမြင်ရှိသူကိုလည်း ရှေးရိုးစွဲဆန်မှုအားသန်သည့်သူဖြစ်သွားအောင်လည်းလုပ်နိုင်သည်ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်ပြည်ထောင်စုဗဟိုတရားရုံးချုပ်မှ တရားသူကြီးချုပ်များသည် နိုင်ငံရေးဟုချုံပြီးခေါ်ဆိုနိုင်သော နိုင်ငံသားတို့၏ လူမှုဘဝနှင့် အစိုးရအုပ်ချုပ်ပုံနည်းလမ်းတို့ကို သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များချမှတ်ခြင်းအားဖြင့် နိုင်ငံရေးအပေါ်တွင် လွှမ်းမိုးမှုရှိနေသည်။ ထိုနည်းတူစွာပင် အခြားတဖက်တွင်လည်း လူထုဆန္ဒကို အဓိကထားရသည့် ဥပဒေပြုကဏ္ဍမှ အမတ်မင်းများ လူကြိုက်နည်းမည်ဆိုး၍ ရဲရဲမလုပ်ဝံ့သော ဥပဒေပြုရေးကိစ္စရပ်များကိုလည်း တရားရုံးချုပ်က လူကြိုက်နည်းသော်လည်း တရားမျှတမှုရှိသော စီရင်ချက်များအားဖြင့် ဥပဒေများကိုပြဋ္ဌာန်းပေးနေပြီး အရန်ဥပဒေပြုရေးဋ္ဌာနသဖွယ်လည်း ရပ်တည်နေပါသည်။ သို့သော်လည်း နိုင်ငံရေးသမားများဘက်(အထူးသဖြင့် သမ္မတ)ကလည်း အခွင့်အရေးရသည့်အချိန်၊ ထိပ်ဆုံးပိုင်းတရားသူကြီးချုပ်ရာထူးများ လစ်လပ်သွားသည့်အချိန်တွင် မိမိတို့၏ပါတီကို ထောက်ခံမှုရှိသောသူများကို ရွေးချယ်ခန့်ထားနိုင်ရန် ကြိုးပမ်းသည့်နည်းလမ်းအားဖြင့် နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှ တရားစီရင်ရေးအပိုင်းအပေါ်လွှမ်းမိုးမှုများကို မိမိလက်ထက်လွန်ခဲ့သော်မှ တင်ကျန်နေခဲ့အောင် ကြိုးစားမှုများကလည်း ရှိနေပြန်ပါသည်။

ပြည်နယ်အဆင့်တရားသူကြီးများမှာမူ ပြည်နယ်ကိုလိုက်၍ ရွေးကောက်ခံပြီးဖြစ်လာခြင်းနှင့် ခန့်အပ်ခံပြီးဖြစ်လာခြင်းတို့ အသီးသီးရှိကြသည်။ သက်တမ်းများမှာလည်း ၁၄နှစ်အထိအများဆုံးထားကာ ခန့်ထားကြ၏။ ခန့်အပ်ခံများသည် မဲပေးသူပြည်သူများ၏ အတည်ပြုမှုရရန်လည်းလိုအပ်သည့်အခါများရှိပြီး ၁၉၈၆တွင်ဆိုလျှင် သေဒဏ်ထားရှိရေးကို ပယ်ဖျက်လိုသော ကလဖိုးနီးယားပြည်နယ်တရားသူကြီးချုပ်အား ပြည်သူများက ပြန်လည်ဖြုတ်ချခဲ့ကြသည်။ ပြည်နယ်အဆင့် တရားသူကြီးများ၏ ရွေးကောက်ခံပြီးမှ ဖြစ်လာရသည့်အစဉ်အလာကျယ်ပြန့်လာသည်ကို ဝေဖန်မှုများလည်းရှိပြီး ပါတီဘက်လိုက်မှုရှိနိုင်သော လူပြိန်းကြိုက်တရားသူကြီးများ မင်းမူလာမည်ကိုလည်း စိုးရိမ်နေကြသည်။

ဗြိတိသျှတရားရေးစနစ်

ဗြိတိသျှတရားရေးစနစ်သည် အမေရိကန်ပြည်ထောင်စုတရားရေးစနစ်၏ အခြေခံသဖွယ်ဖြစ်သောကြောင့် စီရင်ထုံးဥပဒေအခြေခံပြီး တရားမမှုနှင့် ရာဇဝတ်မှုများအတွက် ဋ္ဌာနနှစ်ခုခွဲခြားထားသည်။ ဗြိတိသျှ၏ နိုင်ငံတော်အဆင့်တရားသူကြီးများရွေးချယ်ပုံသည် အမေရိကန်ပြည်ထောင်စုမှာကဲ့သို့ပင် လောဒ်ချန်ဆယ်လာ(Lord Chancellor)ဟု ဗြိတိသျှအခေါ်ခေါ်သော တရားရေးရာဋ္ဌာနဝန်ကြီးက အမည်စာရင်းတင်သွင်းပြီး ထိုမှတဆင့်ဝန်ကြီးချုပ်ကရွေးချယ်ခြင်းဖြစ်ပြီး ဘုရင်မကြီးမှ ထုံးစံအရသာလျှင် အတည်ပြုမှုပြုလုပ်ပေးသည်။ ပါလီမန်စနစ်ဖြစ်သည်နှင့်အညီ ပါလီမန်သည် ဝန်ကြီးချုပ်၏ရွေးချယ်မှုများကို အပြင်းအထန်ကန့်ကွက်မှုများမရှိပဲ အတည်ပြုလိုက်သည်ပင်ဖြစ်သည်။ နိုင်ငံတော်အဆင့်ဝင်တရားသူကြီးများမှာ အမေရိကန်ပြည်ထောင်စုမှာကဲ့သို့ပင် နုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူသည်အထိ ထမ်းဆောင်ခွင့်ရပြီး လွယ်လွယ်မပြုတ်နိုင်ပေ။  သို့သော်လည်း ဗြိတိသျှတရားရေးရာစနစ်သည် ဝန်ကြီးဋ္ဌာနလက်အောက်ခံအဆင့်သာလျှင်ရှိသောကြောင့် သီးခြားဆန်သောအာဏာတော့မရှိချေ။ ဗြိတိသျှတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ သီးသီးသန့်သန့်မရှိသော်လည်း ဥရောပသမဂ္ဂတွင် ပါဝင်လာသည်မှ အစပြု၍ လူ့အခွင့်အရေးကြေငြာစာတမ်းကိုလက်မှတ်ထိုးထားရသည်မှစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဲ့သို့ ခပ်ဆင်ဆင်ဖြစ်သော စီရင်ချက်ဥပဒေနှင့်ကျင့်ထုံးများကို လူ့အခွင်အရေးရှုထောင့်မှ ပြန်လည်သုံးသပ်သောထုံးစံကိုလည်း ကျင့်သုံးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗြိတိသျှတရားရေးစနစ်မှာ အထက်တွင်ပြောခဲ့သလိုပင် တရားရေးဝန်ကြီးဋ္ဌာနလက်အောက်တွင်သာရှိနေသောကြောင့် လုံးဝအမှီအခိုကင်းပြီး လစ်ဘရယ်ကျသော၊လွတ်လပ်သော ဆုံးဖြတ်ချက်မျိုးကို တရားသူကြီးများက မချမှတ်ရဲသည်ကိုတွေ့ရသည်။ လတ်တလောကာလက ဗြိတိသျှအတွင်း တက္ကသိုလ်ကျောင်းလခများတိုးမြှင့်မှုအတွက် အစိုးရအား အကြီးအကျယ်နှင့် အပြင်းအထန်ဆန္ဒပြခဲ့ကြရာတွင် မည်သို့မှဖြောလျော့မှုလုပ်မပေးသည့်အတွက် ကျောင်းသားအချို့က ဗြိတိန်တရားရုံးချုပ်တွင် ထိုသို့တိုးမြှင့်မှုသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ဟု တရားစွဲခဲ့သော်လည်း တရားရုံးချုပ်က ကျောင်းလခများ တိုးမြှင့်ခြင်းသည် လူ့အခွင့်အရေးကိုမချိုးဖောက်ဟုသာ ဆုံးဖြတ်ခဲ့သောကြောင့် ကျောင်းသားများ၏ တရားစွဲဆိုမှုမှာ ရှုံးနိမ့်ခဲ့ရသည်။ အခြားတဖက်တွင်မူ ပြည်ဝင်ခွင့်ကိစ္စများနှင့် အကြမ်းဖက်သမားများ၊ရာဇဝတ်ကောင်များကိုင်တွယ်ရာတွင် လူ့အခွင့်အရေးမူဘောင်ကို ကိုးကားလွန်းခြင်း၊ထိုမှအစပြုပြီး ဗြိတိသျှနိုင်ငံ၏အကျဉ်းသားများ၏ အကျဉ်းစံဘဝနေမှုထိုင်မှုသည် လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် ဖြစ်သောတရားဘောင်များမှစပြီး ဇိမ်ခံအိမ်ရာများတိုက်ပိတ်ထားသည့်သဖွယ် ဖြစ်လာနေသည်ကိုလည်း အပြင်းအထန်ဝေဖန်ခံနေရသည်။

ဗြိတိသျှရှေ့နေများ၏ အခန်းကဏ္ဍ

ဗြိတိသျှရှေ့နေများ၏ အခန်းကဏ္ဍသည် အမေရိကန်ပြည်ထောင်စုအတွင်းရှေ့နေများကိုင်တွယ်ရပုံနှင့် အများအားဖြင့်တူညီလေ့ရှိပြီး ကွဲပြားသောအချက်မှာ ရာဇဝတ်မှုများအတွက် အစိုးရမှ တရားခံကိုစွဲချက်တင်ရင် ရှေ့နေငှားခြင်းကိုပြုလုပ်ပြီး ရှေ့နေတွင်လည်း တရားရုံးပြင်ပဥပဒေရေးရာ ပြောဆိုလုပ်ကိုင်မှုများအတွက် ဆိုလစ်စစ်တာ(solicitor)ဟုခေါ်သော ရှေ့နေငယ်နှင့် တရားရုံးတွင် ငြင်းခုံပြောဆိုရသော လျှောက်လဲရှေ့နေကြီး(Barrister) ဟူ၍ နှစ်မျိုးခွဲခြားပြီး တာဝန်ခွဲဝေထားသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ အသက်မွေးဝမ်းကျောင်းအနေဖြင့် အသက်မွေးသော ရာဇဝတ်မှုစွပ်စွဲရုံးတင်ရေး ရှေ့နေဟူ၍ရှိပြီး ဗြိတိသျှတို့ကဲ့သို့ ရှေ့နေနှစ်မျိုးမထားပဲ ရှေ့နေတဦးတည်းကပင် တာဝန်နှစ်မျိုးစလုံးကို ယူပြီးလုပ်ကိုင်ကြသည်။

ဗြိတိသျှအမေရိကတရားရေးစနစ်နှင့် ဥရောပနိုင်ငံများရှိတရားရေးစနစ်တို့ ကွဲပြားပုံ

ဗြိတိသျှနှင့် အမေရိကန်တို့၏ တရားရုံးများက အမှုများကိုစစ်ဆေးစီရင်ရာတွင် ရုံးတော်သို့ရောက်လာသော အမှုသည်များနှင့် နှစ်ဘက်ရှေ့နေများ၏ အပြန်အလှန်တင်ပြကြပုံများကိုနားထောင်လေ့လာပြီး ဆုံးဖြတ်လေ့ရှိကာ တရားသူကြီးများက တိုက်ရိုက် တရားလို၊တရားခံနှင့် ရှေ့နေများအပေါ်တွင် မေးခွန်းထုတ်စစ်မေးနေခြင်းမပြုပေ။ အကြောင်းမှာ အထက်တွင်ဖော်ပြခဲ့ပြီးသလိုပင် တသမတ်တည်းထားရှိရေးသားပြီးသော ဥပဒေထက် စီရင်ထုံးဥပဒေကိုသာ အခြေခံသောကြောင့် တရားသူကြီးများမှာ မည်သည့်အမှုပင်ဖြစ်စေ စီရင်ထုံးနှင့်တိုက်ပြီး စဉ်းစားရန်နှင့် ပြောင်းလဲသင့်က ပြောင်းလဲရန်သာလိုသောကြောင့်ဖြစ်သည်။  ဥရောပရှိ တရားရုံးများနှင့် တရားသူကြီးများကျင့်သုံးပုံမှာမူ ထိုအချက်နှင့် ပြောင်းပြန်ဖြစ်သည်။ အကြောင်းမှာ တရားရေးစနစ်သည် တသမတ်တည်းလိုဖြစ်နေသော ရေးသားပြဋ္ဌာန်းပြီးသော ဥပဒေကိုသုံးသည့်အတွက်ကြောင့် ဤသို့ဥပဒေချိုးဖောက်ခဲ့လျှင် ဤသို့ပြစ်ဒဏ်ခံရမည်ဖြစ်သည်ကို ပိုပြီးသေချာနေပြီးဖြစ်သည့်အတွက် တရားခံပြစ်ဒဏ်ကျရေးတာဝန်သည် တရားခံရှေ့နေအပေါ်တွင်သာမကပဲ တရားသူကြီးကလဲတာဝန်ရှိလာအောင်ပြုလုပ်ထားသော ပြဋ္ဌာန်းပြီးဥပဒေအခြေခံသည့်စနစ်ရှိသည့်အတွက်ကြောင့် ဖြစ်လေသည်။ ဦးဆောင်ပြီးရုံးတင်ခြင်း၊သက်သေခံများကို တိုက်ရိုက်စစ်မေးကာ ထင်မြင်ချက်များထုတ်ခြင်း စသည်တို့ကိုပါ ဥရောပရှိတရားသူကြီးများက ရှေ့နေများသဖွယ်ပြုလုပ်လေ့ရှိကြပြီး ထိုတရားရေးစနစ်အတွင်းရှိ ရှေ့နေများ၏အခန်းကဏ္ဍသည် စီရင်ထုံးစနစ်များတွင်လောက် တောက်ပြောင်မှုမရှိပေ။ အင်္ဂလိပ်အမေရိကန်တရားရေးစနစ်အတွင်းမှ ရုံးတော်၏အခန်းကဏ္ဍသည် မတရားမှုများနှင့် ဥပဒေချိုးဖောက်သူများကို တိုက်ရိုက်လိုက်လံရှာဖွေပြီး အပြစ်ပေးရန်တာဝန်မရှိပဲ ရုံးတော်သို့ရောက်လာသော အမှုများကိုသာလျှင် ဆုံးဖြတ်မှုပြုကြသည်။ ဥရောပတရားရေးစနစ်တွင်မူ တရားသူကြီးများသည် ရဲဝန်ထမ်းများကဲ့သို့ ဥပဒေချိုးဖောက်သူများကို တိုက်ရိုက်လိုက်လံဖမ်းဆီးခြင်းမပြုသည့်တိုင်အောင် ပြစ်ဒဏ်ခံသင့်သူများ ခံရရေးအတွက် တရားလိုရှေ့နေကဲ့သို့ တက်ကြွသောအခန်းကဏ္ဍတွင် ပါဝင်ရန်တာဝန်ယူထားကြသည်။

အင်္ဂလိပ်အမေရိကန်နှစ်ခုစလုံး၏ တူညီနေသော အခြေခံတရားရုံးစစ်ဆေးပုံနှစ်မျိုးရှိကြပြီး ပထမပုံစံမှာ တရားမမှုများစစ်ဆေးရာတွင်တွေ့ရသည်။ တရားမမှုများတွင် တရားလို၊တရားခံနှစ်ဘက်စလုံးသည် ပြင်ပမှ ရှေ့နေကိုယ်စီဖြင့် အသီးသီးရုံးတော်သို့လာပြီး တရားသူကြီးတို့ထံလျှောက်လဲမှုပြုကြသည်။နှစ်ဘက်ရှေ့နေတို့သည် အပြန်အလှန်အားဖြင့် ဥပဒေချိုးဖောက်ခြင်းနှင့် မခိုင်လုံကြောင်းကို တရားလို၊တရားခံများနှင့် သက်သေများအား အပြန်အလှန် တရားသူကြီးရှေ့တွင် စစ်မေးခြင်းဖြင့် တရားသူကြီး၏ဆုံးဖြတ်ချက်အပေါ်တွင် အားသာချက်ရအောင်ကြိုးစားကြသည်။ ဂျူရီလူကြီးမင်းများပါဝင်သော အမှုအဆင့်ဖြစ်နေပါက ဂျူရီလူကြီးများကလည်း ထိုအငြင်းအခုံများကိုနားထောင်ကြပြီး တရားသူကြီး၏ကြားနာမှုပြီးသည့်အခါတွင် တရားသူကြီးက အမှုသွားအမှုလာနှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ဂျူရီအဖွဲ့ထံအပ်ကာ မဲခွဲဆုံးဖြတ်စေသည်။ မဲအရထွက်လာသောရလဒ်ကိုလည်း တရားသူကြီးကလည်း ထပ်မံစဉ်းစားလေ့ရှိသော်လည်း အများအားဖြင့် ဂျူရီဆုံးဖြတ်ချက်ကိုပယ်သည့်အဖြစ်အလွန်ရှားပါးပြီး လက်ခံလိုက်သည်ကများသည်။ ဒုတိယပုံစံတမျိုးဖြစ်သော ရာဇဝတ်မှုများကို ရုံးတင်စစ်ဆေးသည့်အမှုများတွင်မူ ရာဇဝတ်မှုကျူးလွန်သည့်သူနှင့် အမှုနှင့်သက်ဆိုင်သော အချက်အလက်များကို ရဲက အစိုးရရှေ့နေထံအပ်ပြီး တရားခံအားရုံးတော်သို့ခေါ်ယူပြီး စွဲချက်တင်စေသည်။ အင်္ဂလိပ်တို့၏စနစ်တွင်မူ ထိုသို့ရာဇဝတ်မှုကျူးလွန်ကြောင်းယူဆပြီး စွပ်စွဲခံရသူများကို ရုံးတင်နိုင်ရန်အစိုးရက ရှေ့နေများကို ငှားရမ်းသည်ဆိုသော ထုံးစံရှိပြီး အမေရိကတွင်မူ တရားခံဘက်မှ ရာဇဝတ်မှုကျူးလွန်သူအားစွဲချက်တင်နိုင်ရန် ပြင်ပမှ ပုဂ္ဂလိကရှေ့နေကို စွဲချက်တင်ရှေ့နေအဖြစ်ငှားရမ်းနိုင်သော စနစ်လည်းရှိသည်။ ရာဇဝတ်မှုများတွင်လည်း ဂျူရီလူကြီးများဖြင့်စစ်ဆေးသည့်ပုံစံကို အထက်ပိုင်းကျသော တရားရုံးများတွင်ကျင့်သုံးလေ့ရှိကြပြီး တရားခွင်အတွင်းစစ်မေးကြပုံမှာတော့ တရားမမှုများ၏ စစ်မေးလျှောက်လဲကြပုံနှင့် အတူတူပင်ဖြစ်သည်။ အမှုများ၏ဆုံးဖြတ်ချက်သက်ရောက်ပုံသည် နှစ်ဘက်စလုံးအတွက် ရှေ့နေကောင်းကောင်းငှားရနိုင်ရေးက အရေးကြီးသလိုဖြစ်နေပြီး သိသာထင်ရှားစွာမဆုံးဖြတ်နိုင်ပဲ ဝေခွဲမရသေးသောအမှုများအတွက် ငွေများတရားနိုင်စနစ်သဖွယ်ဖြစ်နေသည်ဟုလည်း ဝေဖန်မှုများရှိနေသည်။

 

ဥရောပတရားရေးစနစ်

ဥရောပတရာရေးစနစ်တွင် တရားသူကြီးများသည် စီရင်ထုံးများထက် ပြဋ္ဌာန်းအတည်ပြုပြီးဖြစ်သောဥပဒေများကို အသုံးပြုပြီး အင်္ဂလိပ်အမေရိကန်စနစ်တွင်ကဲ့သို့ ရုံးတော်တွင်မိန့်မိန့်ထိုင်နေပြီးနားထောင်ဆုံးဖြတ်သည်ထက် ကိုယ်ထိလက်ရောက်မေးခွန်းများမေးမြန်းခြင်းနှင့် တရားခံ အပြစ်ကျစေရေးအတွက် တက်ကြွသောနေရာမှပါဝင်လေ့ရှိသည်။ ထို့ကြောင့်ပင် ဤစနစ်အတွင်းတွင် တရားမမှုနှင့် ရာဇဝတ်မှုဟူ၍ သီးခြားခွဲပြီး ဆုံးဖြတ်နေရန်မရှိဟုလည်းဆိုနိုင်သည်။ အကြောင်းမှာ အမှုနှစ်မျိုးစလုံးတွင်ပင် တရားသူကြီးက စီရင်ထုံးစနစ်အတွင်းမှ စွဲချက်တင်စစ်ဆေးသောရှေ့နေသဖွယ်ဖြစ်သည့်တာဝန်ကို ယူထားသောကြောင့်ဖြစ်လေသည်။ စစ်ဆေးကြသည့်တရားသူကြီးများမှလည်း တဦးထက်ပိုလေ့ရှိပြီး စုဖွဲ့ဆွေးနွေးကာ စစ်ဆေးလေ့ရှိကြသည်။ သို့သော်လည်း စီရင်ထုံးစနစ်တွင်ကဲ့သို့ပင် ဂျူရီလူကြီးအဆုံးအဖြတ်ကိုခံယူသော အလေ့အထကိုလည်း ကျင့်သုံးကြသည်။ အင်္ဂလိပ်အမေရိကန်တရားရေးစနစ်များတွင် ရုံးတင်စွဲချက်တင်သူသည် တရားမမှုမှ တရားလိုရှေ့နေ သို့မဟုတ် ရာဇဝတ်မှု အစိုးရရှေ့နေဖြစ်လေ့ရှိသော်လည်း ဥရောပစနစ်တွင်မူ စုံစမ်းစစ်ဆေးစွဲချက်တင်သော တရားသူကြီးဟူသော ရာထူးနေရာတခုရှိပြီး ထိုသူက ဥပဒေချိုးဖောက်သည်ဟုယူဆသောသူအား ရုံးတော်သို့စွဲချက်တင်စစ်ဆေးစေခြင်းဖြစ်လေသည်။ ဥရောပတရားရေးစနစ်အတွင်းရှိ စွပ်စွဲခံရသူတရားခံသည် ရုံးတင်ခံရပြီဆိုကတည်းကပင် တရားခံဟုယူဆခံရကာ စွပ်စွဲပြီးဖြစ်ပြီး မဟုတ်ကြောင်းကို အသည်းအသန်သက်သေပြရသည်။ စီရင်ထုံးစနစ်တွင်ကဲ့သို့ အစွပ်စွဲခံအနေဖြင့်သာ သတ်မှတ်ခြင်းမဟုတ်တော့ချေ။ ပြင်သစ်နှင့် အီတလီကဲ့သို့သောနိုင်ငံများရှိ စွဲချက်တင်ရေးတရားသူကြီးများသည် လာဘ်စားသော အစိုးရအဖွဲ့နှင့် အခြားထိပ်တိန်းရာထူးယူထားသူများ၏ လာဘ်စားမှုများကို ရဲဝန်ထမ်းများမှတဆင့်လိုက်လံစုံစမ်းပြီး တရားစွဲဆိုခြင်းဖြင့် လူထုအမြင်တွင် သူရဲကောင်းသဖွယ်ပုံရိပ်ဖြစ်အောင်ပင် ဖန်တီးယူကြသည်။ အမှုများရုံးတော်သို့ရောက်လာသည့်အခါတွင်လည်း စွဲသူနှင့် အစွဲခံနှစ်ဘက်စလုံးမှ သက်သေများတင်ပြခြင်းနှင့် ဖြစ်နိုင်ဖွယ်အခြေအနေစုံစမ်းကောက်ချက်ချမှုများကို တရားရုံးရှိ တရားသူကြီးကသာ ရှေ့ဆောင်ပြုလုပ်လေ့ရှိသည်။ ရုံးတော်အတွင်း စစ်ဆေးငြင်းခုံကြပုံကို စီရင်ထုံးစနစ်ဖြင့်နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် စီရင်ထုံးစနစ်အတွင်းရှိတရားခံနှင့် သူ၏ရှေ့နေ၏တာဝန်သည် တဖက်တရားခံရှေ့နေမှ တရားခံသည်မည်သို့ကျူးလွန်ခဲ့ကြောင်းကိုဦးစွာလျှောက်လဲသည့်စွဲချက်များကိုသာ စနစ်တကျချေပရန်တာဝန်ရှိပြီး ဥရောပစနစ်တွင်မူ တရားခံဘက်ကအစပြု၍ ကျူးလွန်ထားမှုမှာ မမှန်ကန်ပါသည့်အကြောင်းကို ဦးစွာလျှောက်လဲရလေသည်။ ရှေ့တွင်ဖော်ပြခဲ့သလိုပင် ဥရောပစနစ်အတွင်း တရားခံသည် ရုံးရောက်လာသည်နှင့် တရားခံဖြစ်သည်ဟုတိကျစွာယူဆထားပြီး ဖြစ်သည့်အတွက် မဟုတ်ကြောင်းကို ဦးစွာအတိုက်အခံငြင်းဆိုခြင်းပြုရသည်ဖြစ်ပြီး စီရင်ထုံးစနစ်တွင်မူ တရားခံသည် စွပ်စွဲသူ၏ စွပ်စွဲမှုများအပေါ် တရားရုံးက ပြစ်ဒဏ်မချမှတ်သေးသ၍ စွပ်စွဲခံရသူသာဖြစ်နေသေးသောကြောင့် တရားခံဘက်ကစ၍ တရားလိုသည် မည်သို့မည်ပုံဥပဒေချိုးဖောက်မှုပြုကြောင်းကို ဦးစွာလျှောက်လဲရခြင်းဖြစ်လေသည်။

ဥပမာအားဖြင့်ဆိုရလျှင် ပြင်သစ်နှင့် ဂျာမဏီတို့တွင် တရားရုံးတော်အတွင်း အမှုစစ်ဆေးကြရာ၌ သက်သေများကို မေးခွန်းများမေးမြန်းမှုပြုခြင်းကို ရှေ့နေများကမပြုလုပ်ပဲ တရားသူကြီးများကိုယ်တိုင်က ပြုလုပ်ကြခြင်းဖြစ်ပြီး ရှေ့နေများ၏တာဝန်မှာ မိမိဘက်တွင်မရှိသော ဖြေဆိုသူ၏ ထွက်ဆိုချက်များအပေါ်လွဲချော်မှုများ၊ အချက်အလက်နှင့် ဆင်ခြင်မှုအမှားများကိုသာ ရှာဖွေထောက်ပြပြီး ဂျူရီလူကြီးမင်းများ၏ မျက်နှာသာပေးမှုရအောင်သာ ပြုလုပ်နိုင်ကြသည်။ စီရင်ထုံးဥပဒေအတွင်းမှရှေ့နေများ၏ အချက်အလက်၊သက်သေများရှာဖွေခြင်းများကို ဥရောပစနစ်တွင် တရားရုံးနှင့် တရားသူကြီးများကိုယ်တိုင်က လုပ်ဆောင်ကြပြီး ရှေ့နေကလုပ်ရန်မလိုပေ။ ဥရောပရှိ ဒီမိုကရေစီနိုင်ငံများအားလုံးလိုလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသောကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟူ၍ရှိသော်လည်း တရားရေးရာဋ္ဌာနလက်အောက်ခံသာလျှင်ဖြစ်သောကြောင့် သီးခြားဆန်သောအာဏာမရှိပဲ လွှတ်တော်နှင့် အစိုးရတို့ထုတ်ပြန်သောဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီအလွယ်တကူစစ်နိုင်ခြင်း၊ စွဲချက်တင်လိုသူတို့ကလည်း တင်ရန်ကြိုးစားနိုင်ခွင့်တို့မရရှိကြပေ။ ချွင်းချက်အားဖြင့်မူ ဂျာမဏီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် နိုင်ငံ၏ဥပဒေများအား အလျှင်းသင့်သလို ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်များကို ချိုးဖောက်နေခြင်းရှိမရှိနှင့် ရှိလျှင်လည်း ပယ်ဖျက်ပိုင်ခွင့်တို့ရှိသည်။ ထိုခုံရုံးကို ဂျာမန်အထက်လွှတ်တော်မှ ၈ယောက် အောက်လွှတ်တော်မှ ၈ယောက်၊ ပေါင်း ၁၆ယောက် အသီးသီးထောက်ခံရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး သက်တမ်းတခုလျှင် ၁၂နှစ်ဖြစ်ကာ တရားသူကြီးတဦးသည် သက်တမ်းတကြိမ်သာလျှင် ထမ်းဆောင်ပိုင်ခွင့်ရှိသည်။ သို့သော်လည်း စီရင်ထုံးဥပဒေကျင့်သုံးပုံကဲ့သို့ အမှုတခု၏စီရင်ချက် တရားမမျှတဟု ယူဆလျှင်  စီရင်ထုံးဥပဒေအသစ်တခု တဖန်ပြောင်းပြန်လှန်ကာချခွင့်မရှိသော ပြဋ္ဌာန်းဥပဒေကို အဓိကကျင့်သုံးသည့် နိုင်ငံသာဖြစ်သောကြောင့် ဂျာမဏီဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများသည် စိတ်ဝင်စားဖွယ်ရာနှင့် အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်များကို အမေရိကန်တရားရုံးချုပ်တရားသူကြီးများကဲ့သို့ လွယ်လွယ်နှင့် လွတ်လွတ်လပ်လပ်ချမှတ်နိုင်ခွင့်တော့ မရှိကြချေ။

တရားရေးစနစ်များကို နှိုင်းယှဉ်ကြည့်ခဲ့သမျှကို ပြန်ကြည့်မည်ဆိုလျှင် တရားစီရင်ရေးဋ္ဌာနကို သီးခြားအာဏာပေးရေးမှာ ထိုနိုင်ငံ၏သမိုင်းကြောင်းနှင့် အစဉ်အလာအပေါ်တွင် မူတည်နေသည်ကိုတွေ့ရသည်။ ဥရောပတရားရေးစနစ်တွင် အမေရိကန်ပြည်ထောင်စုကဲ့သို့ အမှီအခိုကင်းကင်းနှင့်လွတ်လပ်သော တရားရုံးချုပ်နှင့် ဗဟိုတရားရုံးတရားသူကြီးချုပ်များထားရှိရေးမှာ သမိုင်းကြောင်းအစဉ်အလာတခုတည်းအရပင် အလွယ်တကူအများသဘောတူ အတည်ပြုမှုဖြင့်ပြောင်းလဲရန်ခက်ခဲနေပြီး သမ္မတအဓိကထားသော အမေရိကန်ပြည်ထောင်စု၏စနစ်နှင့် ပါလီမန်အဓိကထားသော ဥရောပ၏ နိုင်ငံရေးစနစ်တို့အခြေခံမတူညီမှုကလည်း ထိုသို့ပြောင်းလဲရေး၏ထင်သလို လွယ်လွယ်နှင့် အံမဝင်နိုင်ပုံကို ဖော်ပြနေ၏။ အမေရိကန်ပြည်ထောင်စုမှာမူ နိုင်ငံသက်ချင်းယှဉ်လျှင် နှစ်ပေါင်းနှစ်ရာကျော်မျှသာရှိသေးပြီး အစအဆုံးတည်ဆောက်ယူထားရသော စနစ်ဖြစ်သောကြောင့်သာ ထိုသို့ စနစ်ကောင်းဖြင့် လက်မထောင်နေနိုင်ခြင်းဖြစ်လေသည်။ ဒီမိုကရေစီဖြစ်လာရေးကြိုးစားဆဲ နိုင်ငံများတွင်မူ ယဉ်ကျေးမှုအစဉ်အလာနှင့် ခေတ်စနစ်တိုးတက်ပြောင်းလဲခဲ့ပုံများက အနောက်ကမ္ဘာနှင့် ကွာခြားလွန်းသည်နှင့်အတူ အခြားဒီမိုကရေစီစံနှုန်းများကို လိုက်မှီကျင့်သုံးနိုင်ရေးပင် အံသိပ်မဝင်လှပဲခက်ခဲလှသည့်အတွက် တရားစီရင်မှုရေးရာမဏ္ဍိုင်ကို အမှီအခိုကင်းသည့် အာဏာပေးသည့်စနစ်အား စာရွက်ပေါ်တွင်ကျကျနန အကျိုးအကြောင်းညီညီရေးသားထားရုံဖြင့်ပင် အလွယ်တကူကောက်ယူအသုံးမပြုသင့်ကြောင်း သုံးသပ်ရပေသည်။

 

 

2 thoughts on “တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးများ၏အခန်းကဏ္ဍ( နိုင်ငံရေးသိပ္ပံအခန်းဆက်မှ… အပိုင်း-၃၁)

Leaving a comment